" သော ... "
မဟော် အလုပ်က ပြန်လာတော့ သောက မီးဖိုချောင်ထဲမှ ထွက်လာသည်။ ဒီနေ့မဟော် အိမ်ပြန်လာတာ ပုံမှန်ထက် အနည်းငယ် နောက်ကျသည်။ သောက လက်ထဲမှာ လင်ဗန်းကိုင်ထားပြီး ထိုအထဲမှာ ကော်ဖီသုံးခွက်ဖျော်ထားသည်။
" ကိုကိုယောကျ်ား ပြန်လာပြီလား။ "
သော၏ မျက်နှာလေးက လိုအပ်တာထက်ပိုပြီး ပြုံးနေကာ မဟော့်ကို နှုတ်ဆက်လာသည်။ မဟော်က ကော်ဖီလင်ဗန်းကို သောလက်ထဲမှ လက်လွှဲယူပြီး ကိုင်ပေးလိုက်သည်။
" ကော်ဖီကို ဒီလောက် ပြည့်လျှံနေအောင် မဖျော်ရဘူးကွ။ လမ်းလျှောက်တော့ ဖိတ်ကုန်ရင် လက်အပူလောင်သွားလိမ့်မယ်။ "
" ဟုတ်ကဲ့။ "
သောက ပုံမှန်ထက်လည်း ပိုပြီး ယဥ်ကျေးနေသည်။ လှေကားအတက်မှာလည်း မဟော့်ကို မကြာခဏ ရယ်ပြနေသည်။
" ကော်ဖီသုံးခွက်တောင် ဘာလုပ်မလို့လဲ။ "
သောက ခေါင်းလေးရမ်းပြီး ပြုံးပြသည်။အခန်းအရှေ့ရောက်တော့ သောက အခန်းတံခါး ဖွင့်ပေးသည်။ အခန်းထဲမှာ ဒေါ်ခင်သန်းနွယ်နှင့် ဒေါ်မြတ်နန်းနွယ်လည်း ရှိနေသည်။
" မြတ်သောဆုပန် "
မဟော်က သော၏ နာမည်ကို လေသံခပ်မာမာနဲ့ခေါ်တော့ သောက လည်တိုင်လေးကို လက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်ရင်း မျက်နှာလေး မဲ့ကာပြောသည်။
" Assignmentsတွေက ဘယ်လိုမှ မနိုင်တော့လို့။ "
" လူကြီးတွေကို ရေးခိုင်းစရာလား။ "
ဒေါ်ခင်သန်းနွယ်နှင့် ဒေါ်မြတ်နန်းနွယ်က စားပွဲပေါ် စာအုပ်တင်ကာ အနေတော် ထိုင်ခုံတစ်ခုစီနှင့် ထိုင်ကာ မျက်မှန်တပ်ထားကြပြီး သော၏ Assignmentsကို ကူရေးပေးနေကြသည်။
" တစ်အိမ်တည်းသားချင်း ကူညီတဲ့သဘောလေ ကိုကိုရယ်။ ကျွန်တော်က ရေးပေးဖို့ တောင်းဆိုတာ မဟုတ်ပါဘူး။ မယုံရင် မေးကြည့်လို့ရတယ်။ "
" အေးလေ သားရယ်။ဘာအပန်းကြီးတာ မှတ်လို့။ "
ဒေါ်ခင်သန်းနွယ်က ကူပြောပေးတော့ သောကပြုံးပြလိုက်သည်။