ညကိုးနာရီထိုးခါနီးလို့ မဟော်က အခန်းထဲ ပြန်လာတော့ အခန်းတံခါးက ပွင့်မလာပေ။ နှစ်ချက်လောက် တံခါးလက်ကိုင်ကို ဆွဲလှည့်လိုက်ပေမယ့် ပွင့်မလာတော့ မဟော်က ထပ်မဖွင့်တော့ပေ။ တံခါးခေါက်လိုက်သည်။ လေးခါလောက် တံခါးခေါက်လိုက်တော့ မဟော်၏ ဖုန်းက မြည်လာသည်။ထင်သည့်အတိုင်း မြတ်သောဆုပန်ဆက်နေတာပင်။
ပုစွန်ကင်ကို ကုန်အောင်တောင် စားမသွားဘဲ အိမ်ပေါ် ဇွတ်အတင်းတက်သွားကတည်းက တစ်ခုခုရှိမယ်ဆိုတာ မဟော်ထင်ထားပြီးသားပင်။မဟော်က ဖုန်းကို နားအနားကပ်ပြီး ပြောလာသည်။
" ဘာလုပ်ပြန်တာလဲ မြတ်သောဆုပန်။ "
' ခင်ဗျားလည်း ခင်ဗျားလုပ်ပိုင်ခွင့် ရှိတုန်းက Handsetကို မပေးဘူးလေ။ ဒါလည်း ကျွန်တော့် လုပ်ပိုင်ခွင့်ပဲ။ ကိုယ်နယ်ပယ်မှာတော့ ကိုယ်ဟာ ဆရာကြီးပဲလေ။ '
ဒီစကား ပြောနေတဲ့အချိန် ဆရာကြီး ပုံဖမ်းကာ သော၏ မျက်နှာ ဝံ့ကြွားနေမယ်ဆိုတာ မဟော် တွေးကြည့်ရုံဖြင့် သိပါသည်။
" လျှောက်လုပ်မနေနဲ့ သော။ တံခါးလာဖွင့်။ အိမ်မှာ အခြားသူတွေ ရှိသေးတယ်။မြင်သွားရင် မကောင်းဘူး။ "
မဟော်သင်္ခါတို့မိသားစုရော သဇင်ပန်းခိုင်တို့ မိသားစုပါ ရှိနေသေးတာမို့ မဟော်က ပြောလိုက်သည်။
'ရှိရှိပေါ့။'
" သော တံခါးလာဖွင့်စမ်းကွာ။ အခန်းအပို မရှိဘူးကွ။ "
' ကျွန်တော်က မရဘူးဆို ဒီတစ်ခွန်းက အတည်ပဲ။ '
နေ့လယ်က မဟော် သောကို ပြောခဲ့သည့် စကားအတိုင်း သောက ပြန်ပြောသည်။ မဟော်က လက်ချောင်းတွေဖြင့် မျက်နှာကို ပွတ်သပ်လိုက်ပြီး အသံတိတ် ရယ်မိသည်။
' ခင်ဗျား ... ကြားရလား ... ကျွန်တော့်အသံ ... '
မဟော့်ဘက်က အသံတိတ်သွားတော့ သောက မေးလာသည်။
" ကြားတယ် ... ဘာလဲ ပြော။ "
' ညှိနှိုင်းချင်ရင် ရတယ်နော်။ ကျွန်တော်က ပြေပြေလည်လည်ရှိတဲ့သူပါ။ဆွေးနွေးကြမလား ဟင် ... ဟင် ... ဟင်။'