သောဘက်က ဖုန်းခေါ်နေတာ ဆယ်ကြိမ်ကျော်နေပေမယ့် မဟော်က မကိုင်ပေ။ သောက အိပ်ယာပေါ် ဝမ်းလျားမှောက်ဖြင့် ခေါင်းအုံးပေါ် မေးစေ့လေးတင်ကာ ဖုန်းကိုပဲ ကြည့်နေသည်။ဒီနေ့တစ်နေ့လုံး မဟော်နဲ့ ငါးစက္ကန့်လောက်ပဲ ဖုန်းပြောရသေးတာမို့ လွမ်းနေပြီ။
' Hello '
ဒီတစ်ကြိမ်တော့ ဖုန်းဝင်ဝင်ချင်း တစ်ဖက်က တန်းကိုင်သည်။သောက ပြုံးသွားပြီး ချက်ချင်း ငုတ်တုတ်ထထိုင်သည်။
" အင်း အခု အလုပ်ပြီးပြီလား။ "
မဟော့်ဘက်က စာရွက်လှန်သံ တရှပ်ရှပ် ကြားနေရပြီး သောကို ပြန်ဖြေသည်။
' မပြီးသေးဘူးလေကွာ။ ကိုယ် အလုပ်ပြီးရင် ပြန်ဆက်လိုက်မယ်လို့ ပြောတယ်လေကွာ။ ဘာလို့ ဆက်တိုက်ခေါ်နေတာလဲ။ '
သောက ဘယ်ဘက်လက်လေးကို ခပ်ဖွဖွဆုပ်လုပ်ကာ လက်သည်းထိပ်လေးတွေ ကိုက်ရင်းမှ ပြန်ဖြေသည်။
" ပျင်းလို့။ "
ပစ္စည်းအသစ်တွေ ဝင်တဲ့အချိန်မို့ မဟော် အလုပ်တော်တော်များနေသည်။Laptopထဲ စာရင်းသွင်းတာတွေ အားလုံး ဒီညအပြီး လုပ်ဖို့ပေမယ့် သောက မကြာခဏ ဖုန်းခေါ်နေသည်။
' ပျင်းရင် စာလုပ်နေလေ။ စာမေးပွဲရှိတယ်မလား။ '
" စာကြည့်ပြီးပြီ။ ပျင်းလို့ဆိုတာ အကြောင်းပြချက်ပေးတာ။ ခင်ဗျားကို သတိရလို့။ Video Callပြောရအောင်။ "
သော၏ အသံလေးက ခပ်ချွဲချွဲ ထွက်လာတော့ မဟော် ပြုံးလိုက်ပါသည်။ ကိုယ်လည်း လွမ်းနေပေမယ့် မအားပေ။Video Callပြောဖြစ်ရင် တော်တော်နဲ့ ပြီးမှ မဟုတ်ပေ။
' ကိုယ်မအားဘူးကွ။ ပြီးမှ တစ်ခေါက်ပြန်ခေါ်ရမလား။ '
" ကျွန်တော့်ထက်အလုပ်က ပိုအရေးကြီးနေတာ။အလုပ်ကို ပိုချစ်နေတာမလား။ "
' အဲဒီသဘောမဟုတ်ပါဘူး။ လျှောက်တွေးမနေနဲ့။ ကိုယ်အလုပ်လုပ်တာလည်း မင်းကို မြန်မြန်လာတွေ့ချင်လို့လေ။ '