" ငါကလည်း ဒီရက်ပိုင်း မအားလို့ ဒီနေ့မှပဲ သေချာလေး ထမင်း၊ဟင်း ပြင်ဆင်ပေးနိုင်တော့တယ်။ "
ဒေါ်ခင်သန်းနွယ်က ဘေစင်ဘေးမှာ မတ်တပ်ရပ်လျက်နှင့် ပန်းကန်လုံးထဲက ပုစွန်ထုပ်တွေကို အခွံနွှာနေရင်းမှ ဒေါ်မြတ်နန်းနွယ်ကို လည်ပြန်ကြည့်ကာ ပြောလာသည်။
" ရပါတယ် အစ်မရယ်။ ကျွန်မ ကလေးမဟုတ်ပါဘူး။ အလုပ်ရှုပ်ခံပြီး ဂရုစိုက်ရတယ်လို့။ "
" ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်မိသားစုချင်း ဂရုစိုက်သင့်တာပေါ့။ "
ဒေါ်မြတ်နန်းနွယ်က ဒီရက်ပိုင်း အစားကောင်းကောင်း မစားတာမို့ ဒေါ်ခင်သန်းနွယ်က ဒီနေ့အတွက် ထမင်း၊ဟင်းကို သူမကိုယ်တိုင်စီမံပြီး သူမတို့အိမ်မှာပဲ စားစေသည်။ ဒေါ်မြတ်နန်းနွယ်အတွက် မိသားစုဝင်အဖြစ် သူမတို့ ရှိနေကြောင်း ပြသလိုသည်။
ဒေါ်မြတ်နန်းနွယ်က ဘေးမှနေပြီး ကြက်သွန်ဖြူအခွံနွှာပေး၊ ဂျင်းထောင်းပေးတာတွေပဲ ပြုလုပ်ရသည်။
" သောက ဘာကြိုက်တတ်လဲ။ အဲဒီကလေး အိမ်ရောက်ကတည်းက အလုပ်နားရက်ပေမယ့် မအားလို့ ဘာမှကို ကောင်းကောင်းချက်မကျွေးရသေးဘူး။ သူ့ကို ဒီကလက်ရာကောင်းကောင်း စားစေချင်တယ်။ "
" သောက အကုန်စားပါတယ်။ အချဥ်နှင့်အဖန်ပဲ သူသိပ်မကြိုက်တာ။ ဂျေးမများဘူး။ "
" ဂဏာန်းတွေ လတ်လို့ ဝယ်လာသေးတယ်။သောအတွက် ဘဲဥအနှစ်လေးနဲ့ ချက်ပေးလိုက်မယ်။"
ဒေါ်မြတ်နန်းနွယ်က ပါးချိုင့်ထင်းထင်း နှစ်ဖက်ပေါ်အောင် ပြုံးကာ ပြောလိုက်သည်။
" သော ကြိုက်မှာ သေချာတယ်။ "
" အမေ စက်ရုံက ဖုန်းဆက်နေတယ်။ "
မဟော်က ဒေါ်ခင်သန်းနွယ်၏ ဖုန်းကို ယူလာပြီး မီးဖိုချောင်ထဲထိ လာပေးသည်။ဒေါ်ခင်သန်းနွယ်က ဖုန်းကို ယူလိုက်ပြီး နားအနားကပ်ပြီးမှ မဟော့်ကို ပြောသည်။" ချယ်ရီသီးတွေ ယိုထိုးထားတာ အများကြီးပဲ။ အအေးလည်းခံပြီးပြီ။ သောက ကြိုက်တတ်တယ်။ လုပ်ခါစက ပိုအရသာရှိတာမို့ စားရအောင် သွားခေါ်လိုက်ဦး။ "