သော စာမေးပွဲခန်းထဲက ထွက်လာပြီး ငါးမိနစ်လောက် အကြာမှာပဲ မဟော့်ဆီက ဖုန်းဝင်လာသည်။ သောက ကျောပိုးအိတ်ကြိုးတစ်ဖက်ကို ပခုံးပေါ် နေရာတကျ လွယ်လိုက်ရင်းမှ ဖုန်းကိုင်လိုက်သည်။
" အင်း ... ကိုကိုပြော ... "
' စာမေးပွဲ ပြီးပြီမလား။ သူငယ်ချင်းတွေနဲ့ လျှောက်သွား မနေဘဲ အေးအေးဆေးဆေးနား။ အိပ်ရေးပျက်ထားတာမို့ အိပ်ရေးဝအောင် အိပ်ဦး။ ကိုယ် မနက်ဖြန် ဆယ့်တစ်နာရီလောက် ရောက်အောင် လာခဲ့မယ်။ ကောင်းကောင်းနား။ '
" ဟုတ် "
သော နားလို့ရအောင် မဟော်က ဖုန်းချလိုက်သည်။စာမေးပွဲဖြေတဲ့ရက်တွေမှာ သောတင်မဟုတ်ဘဲ မဟော်လည်း နှစ်ညလောက် အိပ်ရေးပျက်ခဲ့သည်။ သောက သူအိပ််ချင်လာတိုင်း မဟော့်ဆီ ဖုန်းဆက်ကာ နာရီဝက်ကြာရင် မဟော်က ပြန်နှိုးပေးရသည်။
" နင်က အိမ်ပြန်တော့မှာပေါ့။ "
မွန်မွန်ကျော်က မေးလိုက်တော့ သောက ဖုန်းလေးကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်သွင်းရင်းမှ ခေါင်းရမ်းပြသည်။
" ပြန်စရာလား။ ရိုးရာမပျက်လေ။ "
စာမေးပွဲဖြေပြီးတဲ့ နေ့တိုင်း သောတို့ သုံးယောက်စုပြီး Clubသွားကာ အောင်ပွဲခံနေကျ ဖြစ်သည်။ဒီနှစ်လည်း သွားဦးမည်ပင်။
" အိုကေ ... နေရာကို နင်ရွေးလိုက်။ ရှေ့ကသွားနှင့်။ အဝတ်အစား ဝင်လဲပြီး ငါတို့အနောက်က လိုက်ခဲ့မယ်။ "
သောက ခေါင်းငြိမ့်ပြပြီး ရှေ့က ထွက်သွားသည်။ မနေ့ညကတည်းက သွားဖို့ စဥ်းစားထားသည့် နေရာကိုပဲ ဦးတည်ကာ သွားလိုက်သည်။ ပုံမှန်ဆို မဟော့်ကို ပြောပြသင့်ပေမယ့် မဟော်လည်း မသိနိုင်တာမို့ တကူးတက မပြောဖြစ်တော့ပေ။
" တအားမူးသွားလိမ့်မယ်။ Cocktail နှစ်ခွက်လောက်ပဲသောက်။ ပျော်ဖို့ အဓိကမို့ မူးလို့မရဘူး။ "
အရက်ခွက်ကို သောက လက်လှမ်းတော့ မြတ်သူက တားရင်း ပြောသည်။ သောက မူးလွယ်တာ သူတို့ အသိဆုံးပင်။