" မလိုက်ရဘူး။ "
သောက ကုတင်ပေါ်ထိုင်နေရင်းမှ Suitcaseထဲ အဝတ်အစားတွေ ထည့်နေရင်းမှ မဟော့်ကို မော့ကြည့်သည်။မဟော်က သော၏ အရှေ့တည့်တည့်မှာ မတ်တပ်ရပ်နေသည်။
" အန်တီခင်သန်းနွယ်က လိုက်လို့ရတယ်တဲ့။"
" အမေလိုက်ခိုင်းလည်း ကိုယ်ကမရဘူးဆိုရင် မရဘူး။စိတ်မချလို့ မလိုက်ခိုင်းတာ။ မင်း ခွင့်တောင်းရမှာ ကိုယ့်ကိုပဲ။"
သောက အဝတ်အစားတွေပဲ ထပ်ထည့်နေသည်။ LCCI သင်တန်းက သူငယ််ချင်းတွေက စာမေးပွဲအပြီး သောကို သူတို့နှင့်အတူ တောင်ကြီး၊အင်းလေး အလည်အပတ်သွားဖို့ ခေါ်ထားသည်။ မြန်မာနိုင်ငံက အထင်ကရ နေရာတော်တော်များများကို သော ရောက်ဖူးပေမယ့် တောင်ကြီး၊အင်းလေးကို မရောက်ဖူးတာမို့ လိုက်ချင်သည်။
" အသက်၂၀တောင် ပြည့်တော့မှာ။ ဘာစိတ်မချစရာရှိလို့လဲ။ "
" သော ... တော်တော့နော်။ ထပ်မပူဆာနဲ့တော့။ကိုယ်က သောကို ဆူလည်းမဆူချင်ဘူး။မလိုက်ရဘူးဆိုရင် ထပ်မပြောနဲ့တော့။ "
" အန်တီခင်သန်းနွယ်ကတောင် လိုက််ခိုင်းတဲ့ဟာ ... လိုက်မှာပဲ။ ခရီးသွားကား ငှားပြီးသွားမှာ ဘာမှ စိတ်ပူစရာမရှိဘူး။ "
" မင်းရဲ့လက်ရှိ အုပ်ထိန်းသူက ကိုယ်ပဲ။ ကိုယ့်စကားပဲနားထောင်။"
သောက မဟော့်ကို မျက်ဆံလှန်ကာ ကြည့်ပြီး ပြန်ပြောသည်။
" အမေ့ထက် သားတစ်လ ကြီးနေတာ။ "
" ပြင်ဦးလွင်က ခြောက်ထပ်ကွေ့ထက်တောင် တောင်ကြီးက တောင်အတက်က ပိုရှုပ်တယ်။ တတိယနှစ် စာမေးပွဲပြီးမှ ကိုယ်လိုက်ပို့မယ်။ အဝတ်အစားအိတ် ပြန်သိမ်းတော့။ "
သောက အဝတ်အစားအိတ်ကို ကုတင်ပေါ်တင် ထားခဲ့ကာ အခန်းထဲက ထွက်သွားသည်။ ခဏကြာတော့ ဒေါ်ခင်သန်းနွယ်ကို လက်ဆွဲကာ အခန်းထဲထိ ခေါ်လာသည်။မဟော်က ကုတင်ပေါ်ထိုင်နေတော့ ဒေါ်ခင်သန်းနွယ်က မဟော့်အနားထိ လာပြောသည်။