" လွမ်းနေတာ။ "
" အန်တီလည်း သတိရပါတယ်။ ဟေမာကို ကျောင်းသွားတက်ကတည်းကဆိုတော့ တစ်နှစ်ကျော်လောက်တောင် ရှိရောပေါ့။ "
" ဟုတ်တယ် ... အရင်တစ်နေ့ကမှ အိမ်ပြန်ရောက်တာ။ ဒီနေ့ အစ်ကိုနဲ့အတူ လိုက်လာပြီး အန်တီ့ကို လာတွေ့တာပဲ။ "
မဟော်က အခုမှ အိမ်ထဲ ဝင်လာသည်။လက်ထဲမှာ ဆွဲထားသည့် စက္ကူအိတ်ကို ထမင်းစားပွဲပေါ် တင်လိုက်ပြီး ဘေးက တစ်သျူးဘူးထဲမှ နှစ်ရွက်၊သုံးရွက် ဆွဲထုတ်လာကာ ဟင်းနှိုက်စားထားလို့ ဆီပေနေသည့် သော၏ လက်ကို သုတ်ပေးသည်။
" ချယ်ရီသီးတွေ ဝယ်လာတယ်။ အခု စားချင်လား ... ရေဆေးပေးမယ်။ "
သောက ခေါင်းငြိတ်ပြလိုက်သည်။မဟော်က စားပွဲပေါ်က အိတ်ထဲမှ ချယ်ရီသီးဘူးကို ထုတ်ပြီး ရေဆေးသည်။ပြီးနောက် ပန်းကန်ပြားထဲ ထည့်ကာ သောကို ပေးသည်။
" အမေ ဧည့်သည်ကို နေ့လယ်စာကျွေးရအောင်လေ။ "
ဇေယျာကို၏ ညီမလေးမို့ မဟော်က ဟေမာကိုနဲ့ ရင်းနှီးပေမယ့် အရမ်းခင်နေတာမျိုးတော့ မဟုတ်ပေ။ အရင်ကတည်းက အရမ်းကပ်လွန်းလို့ စိတ်ရှုပ်ရတာမျိုးရှိသည်။ ဇေယျာကိုနဲ့က လုပ်ငန်းတူ သူငယ်ချင်းမို့ ဒီကောင်မလေးကိုလည်း အလိုက်အထိုက်သာ ဆက်ဆံလိုက်သည်။
" အန်တီ့လက်ရာကို အကြိုက်ဆုံးပဲ။ ဆယ်တန်းလောက်တုန်းက အိမ်ကအစ်ကိုနဲ့ ဒီကိုလာတိုင်း နေ့လယ်စာ စားပြီးမှ ပြန်တာ အခုထိ မှတ်မိသေးတယ်။ "
" အများကြီး ထည့်စားနော်။ "
သောက ဗိုက်မဆာတာမို့ ထမင်းဝင်မစားဘဲ ဘေးမှာ ထိုင်ရင်း ချယ်ရီသီးတွေသာ စားနေသည်။ မဟော်နှင့် ဒေါ်ခင်သန်းနွယ်ကတော့ ဧည့်သည်နှင့်အတူ ထမင်းစားပေးနေသည်။
" သောက သမီးအစ်ကိုနဲ့ လက်ထပ်ထားတာလေ။ "
ဟေမာကိုက သောကို ကြည့်လာတော့ ဒေါ်ခင်သန်းနွယ်က ဝင်ပြောလိုက်သည်။ သောက ပြုံးပြလိုက်တော့ တစ်ဖက်ကလည်း ပြန်ပြုံးပြသည်။