အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်

13 1 0
                                    

❄️❄️❄️

လေ့ကျင့်ရေးခန်းမထဲကို ရောက်လာတဲ့ ပထမဆုံးနေ့။
ကျွန်တော် ကိုကို့ဝှီးချဲလ်ကို အ၀င်ဝရဲ့ညာဘက်နားတွန်းပြီး ရပ်ထားလိုက်တယ်။ Parallel bars တွေကိုကိုင်လို့ လမ်းလျှောက်ကျင့်နေကြတဲ့ တခြားလူနာတွေကိုကြည့်ပြီး ကိုကိုက အသက်ပြင်းပြင်း ရှူလိုက်သလိုပဲ။ ဝှီးချဲလ်လက်တန်းပေါ် တင်ထားတဲ့ ကိုကို့လက်ကိုကိုင်ပြီး ကျွန်တော် ခါးနည်းနည်းကိုင်းရင်း အားပေးမိတယ်။

"ကိုကို coma ၀င်နေတုန်းကလေ ကျွန်တော် ကိုကို့ခြေထောက်တွေကို နေ့တိုင်းနှိပ်ပေးတယ်... သတိရလာတဲ့နောက် ကိုကိုလည်း သတိရတိုင်း ရသလောက် လေ့ကျင့်ခန်းလုပ်ကြည့်တယ်မလား... အဆင်ပြေမှာပါ..."

"အင်း..."

ကိုကိုက တစ်လုံးတည်းတုံ့ပြန်ပြီး parallel bars တွေနား ဝှီးချဲလ်ကို သူဟာသူတွန်းသွားတယ်။ ကျွန်တော်နောက်ကလိုက်ပြီး ကိုကို့ကိုထဖို့ကူပေးတော့ ဆေးရုံဝန်ထမ်းတစ်ယောက်က သူ့အလုပ်ဖြစ်တဲ့အကြောင်း အပြုံးလေးနဲ့ ပြောလာရဲ့။

"ကျွန်တော် ဘေးနားက၀င်ကူရင် ကိုကိုပိုအားရှိမလားလို့ပါ...
ဟုတ်တယ်မလား ကိုကို..."

'ကျေးဇူးပြုပြီး ခေါင်းငြိမ့်လိုက်ပါ' ဆိုတဲ့ ကျွန်တော့်မျက်စပစ်မှုကို ကိုကိုက သေချာဖမ်းမိပုံပဲ။ သက်ပြင်းခိုးချ ခေါင်းနှစ်ခါဆတ်ပြပြီး ကျွန်တော်ကမ်းပေးတဲ့လက်ကို လှမ်းကိုင်လိုက်တယ်။ စစချင်းမှာတော့ ယိုင်တိုင်တိုင်ပဲ။ ဒါပေမယ့် လက်တစ်ဖက်က ကျွန်တော့်လက်ဖ၀ါးကိုကိုင်ဆုပ်၊ တစ်ဖက်က ကျွန်တော့်လက်မောင်းကို အားပြုရင်းနဲ့ မတ်မတ်ရပ်နိုင်သွားတယ်။

ခြေထောက်ကို ကြီးကြီးမားမားထိခိုက်မထားတာကြောင့်
Parallel bars တွေကို ကိုင်ပြီးရပ်ရတာကတော့ ကိုကို့အတွက် သိပ်အခက်အခဲမရှိသလောက်။ coma ‌နောက်ဆက်တွဲ လှုပ်ရှားမှုပြဿနာကြောင့်သာ ခြေလှမ်းလှမ်းတဲ့အချိန်မှာ ဟန်ချက်ပျက်ပျက်သွားတတ်ရုံပါပဲ။

"အကြာကြီးနေမှ လမ်းလျှောက်ရတော့ ခြေလှမ်းရတာ တစ်မျိုးကြီးဖြစ်တယ်မလား..."

"အင်း..."

ကျွန်တော်လည်း ၀မ်းထဲမှာ တစ်မျိုးကြီးပါပဲ။
ပုံမှန်အခြေအနေဆို မြေဆွဲအားအထက်မှာ စမတ်အကျဆုံး လမ်းလျှောက်တတ်တဲ့သူက  parallel bars အကူအညီနဲ့ ခြေတစ်လှမ်းနှစ်လှမ်းလှမ်းဖို့ရာ အံကြိတ်အားထုတ်နေရတယ်လို့။

Heartless December❄️ ZG version Место, где живут истории. Откройте их для себя