အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁

Start from the beginning
                                    

မှောင်မည်းနေတဲ့ တိုက်ခန်းလေးရဲ့အ၀င်လမ်းကနေ လျှောက်သွားရင်း ပြတင်းတံခါးတွေ လိုက်ဖွင့်လိုက်တော့ တိုးဝင်လာတဲ့ မနက်၁၀နာရီအလင်းရောင်မှာ ရုပ်လုံးပေါ်လာတာက ကျွန်တော်မြင်နေကျအတိုင်း ရိုးရှင်းသပ်ရပ်နေတဲ့ ဧည့်ခန်းလေး။

မနေ့ညက အစ်ကိုက သူလူနာစောင့်လုပ်ပေးမယ်ပြောလို့  ကိုကို့ကိုတစ်ခေါက်ကြည့်ပြီး ကျွန်တော်အိမ်ပြန်ခဲ့တယ်။
ဒီနေ့မနက် ၈နာရီခွဲတဲ့ထိ အိပ်ခဲ့တယ်။ မနက်စာလည်း ကောင်းကောင်းစားခဲ့တယ်။ ရေနွေးနွေးနဲ့ ‌လန်းဆန်းသွားတဲ့အထိ ရေချိုးခဲ့တယ်။ အ၀တ်အစားကို အရောင်လွင်တာလေးတွေ ရွေးပြီးဝတ်လာတယ်။ အဓိကအကျဆုံးက ကိုကို့အိမ်ကိုလာရင် ကျွန်တော့်မျက်နှာမှာ သေချာပေါက်ကပ်ပါလာရမယ့် ရွှင်လန်းပေါ့ပါးတဲ့အပြုံး။

အစ်ကိုပြောတာမှန်တယ်။
စိတ်တစ်ခြားလူတစ်ခြားဖြစ်နေဖို့အတွက် ကိုကိုက
ကျွန်တော့်ကို ကယ်ပေးခဲ့တာမဟုတ်ဘူး။ ကျွန်တော်သိတဲ့ကိုကိုက ကျွန်တော် မှိုင်တွေချနေတာကိုမြင်ရင် ထိပ်ဆုံးကနေ စာအုပ်နဲ့လာရိုက်ပြီး သတိကပ်ဖို့ပြောမယ့်သူပဲ။

ကြိုးစားစရာရှိတာကို ဆက်မကြိုးစားဘဲ ခံစားချက်ကို ရှေ့တန်းတင်ပြီး စိတ်လေလွင့်ရင်း ကိုယ့်ဘ၀ကိုယ် နစ်မွန်းအောင်လုပ်နေတဲ့သူတွေကို ကိုကိုကမုန်းတာမို့ ကိုကိုမုန်းတဲ့သူနေရာမှာ ကျွန်တော်ဆက်နေနေလို့ ဘယ်ဖြစ်မလဲ။

တစ်ညနဲ့ သံဝေဂရသွားတဲ့နောက် လွင့်ချင်ရာလွင့်နေတဲ့ စိတ်တွေကို ပြန်စုစည်းပြီး ကိုကို့ရဲ့နေရာကို  ရောက်လာရတဲ့ အကြောင်းအရင်းက အိမ်သန့်ရှင်းရေးလုပ်ပေးဖို့ပါ။ သိပ်အသန့်ကြိုက်တဲ့ တစ်စုံတစ်ယောက်က ရက်အတော်ကြာတဲ့အထိ အိမ်ကို သန့်ရှင်းရေးမလုပ်ဘဲ ပစ်ထားရတာကို ခံစားချက်ကောင်းမှာ မဟုတ်ဘူး။ ပုံမှန်ဆို နေ့တိုင်း သန့်ရှင်းရေးလုပ်နေတာမလား။

"ကဲ... အလုပ်ရှုပ်မယ့် တနင်္ဂနွေပေါ့‌"

အဲ့ဒီအလုပ်ရှုပ်မယ့်တနင်္ဂနွေကို ရေတစ်ပုံး၊ ကြမ်းတိုက်ဝတ်တစ်ထည်နဲ့ အလုပ်စခဲ့တယ်။

စဉ်းစားကြည့်မှ ကိုကို့တိုက်ခန်းက ဒီတစ်နှစ်လုံးအတွက် ကျွန်တော့်ရဲ့ ဒုတိယအိမ်ဖြစ်ခဲ့တာပဲ။ အိမ်ရှင်က လက်မခံပေမယ့် ဇွတ်အတင်းဝင်နေတတ်တဲ့ ပေကပ်ကပ်ခွေးပေါက်စတစ်ကောင်လို ဒီတိုက်ခန်းလေးထဲ နေရာတကာမှာ ခြေရာလိုက်ချခဲ့တာ။

Heartless December❄️ ZG version Where stories live. Discover now