အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ

Start from the beginning
                                    

တစ်ခုံတည်းရှိတဲ့ဆိုဖာပေါ်မှာ ပက်လက်လှန်အိပ်ပြီး မျက်နှာကျက်ကပန်ကာလည်တာကိုကြည့်နေတဲ့ ကောင်လေးတစ်ယောက်က ကော်ဇောခင်းပေါ်မှာတင်ပျဉ်ခွေထိုင်၊ ညာဘက်နားထင်ဘေးက မျက်မှန်ကိုင်းလေးကို လက်ချောင်းနဲ့ပင့်ပြီး စားပွဲပုလေးပေါ်က laptop screen ကိုအာရုံစိုက်နေတဲ့ ကောင်လေးကိုပြောတယ်။

"ခွန်း... မင်းအိမ်ကမင်းအတိုင်းပဲ သန့်ရှင်းတယ်၊ သပ်ရပ်တယ်၊  ရိုးရှင်းတယ်... ဒါပေမယ့် မင်းလိုမလှဘူး"

"လာပြန်ပြီလား..."

"တကယ်ပြောတာ... ဒီနေရာကမင်းရဲ့မကောင်းတဲ့အကျင့်အတိုင်းပဲ...
ပျင်းစရာကောင်းနေတယ်"

"ကိစ္စမရှိပါဘူး... ငါ့အိမ်က ငါ့အတွက်တော့ အဆင်ပြေနေတာပဲလေ..."

"ဒါပေမယ့် ငါ့အတွက် အဆင်မပြေဘူး... ဒီမှာ မင်းတစ်ယောက်တည်းနေတုန်းက ဘယ်လိုနေနေ၊ အခုငါလည်း ခဏခဏလာနေတော့မှာဆိုတော့ အနည်းဆုံး အိမ်နဲ့တော့တူရမှာပေါ့..."

"အခုက ဘာဖြစ်လို့လဲ..."

မဟော်ဂနီရောင်ဆံပင်တွေကို နောက်စေ့ထိထိုးသပ်လိုက်တဲ့ တစ်‌ယောက်ယောက်ဟာ ခန္ဓာကိုယ်ကိုလေးတွဲ့တွဲ့စောင်းလို့ ဆိုဖာပေါ်ကဆင်းပြီး laptop ကိုလှမ်းပိတ်လိုက်တယ်။ ဘယ်လက်ကို စားပွဲမှာထောက်တယ်။ နောက်တော့... သူ့ကိုမော့ကြည့်လာတဲ့ နှင်းလိုအသားအရည်၊ မဟူရာကျောက်လိုမျက်ဝန်းတွေရှိတဲ့ကောင်လေးရဲ့ ပါးတစ်ဖက်ကို အားနေတဲ့ညာလက်နဲ့ သွေးရောင်သမ်းသွားအောင် ဆွဲဖဲ့လိုက်ပြီး...။

"ဘာဖြစ်ရမှာလဲ... စာကြည့်ဆောင်ဖြစ်နေတာလေ...
ဧည့်ခန်းထဲမှာ ရှိတာကလည်း ရှင်းနေတဲ့စားပွဲ၊ မီးဖိုခန်းထဲမှာလည်း ရှင်းနေတဲ့စင်၊ အိပ်ခန်းထဲမှာလည်း အိပ်ရာခင်းမွေ့ရာပါးပါးနဲ့ ကုတင်... အဲ့လိုမျိုးနေရာတိုင်းက ရှင်းလင်းပြီး စာတင်ရေးလို့ကောင်းနေတော့ မင်းက ဧည့်ခန်းထဲမှာလည်း စာကြည့်တယ်၊ မီးဖိုခန်းထဲမှာလည်း စာကြည့်တယ်၊ အိပ်ခန်းထဲမှာလည်း ကုတင်ပေါ် စာကြည့်နေပြန်တယ်... ငါက... ဘာလုပ်... ရမှာ... လဲ... လို့..."

ညိုမှောင်တဲ့မျက်ခုံးနှစ်ဖောင်ကို တွန့်ကာတွန့်ကာနဲ့ အလိုမကျမှုတစ်သိန်းကို စောင်းစောင်းသွားတဲ့ နှုတ်ခမ်းဒီဂရီတွေထဲထည့်လို့ နောက်ဆုံးစကားလုံးတွေကို တစ်လုံးချင်းပြောလာတဲ့သူ။ အဲ့ဒီလူရဲ့ပုံရိပ်ကိုကြည့်ပြီး ကိုင်းအကြည်မျက်မှန်နဲ့ကောင်လေးဟာ သူ့ပါးကိုဆွဲထားတဲ့ လက်ကိုဆွဲဖယ်လိုက်ရင်း လေသံထွက်ရုံလေးရယ်တယ်။

Heartless December❄️ ZG version Where stories live. Discover now