အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း

Start from the beginning
                                    

ကျွန်တော့်ကို စာအုပ်ဖတ်ခိုင်းထားတဲ့နေ့က ကိုကိုကော်ဖီဖျော်ဖို့ထွက်သွားတုန်း ကျွန်တော်မဆိုသလောက်ကလေး လက်ဆော့ခဲ့မိတယ်ပေါ့။ ကျွန်တော်က တော်ရုံဆို သူများပစ္စည်းလျှောက်မထိတတ်ပေမယ့် ကိုကို့အိမ်၊ ကိုကို့အခန်းထဲရောက်ရင် Adventure Game ဆော့ရသလို ဖုန်တစ်မှုန်ကစ ဘာကွာသလဲ လိုက်စူးစမ်းချင်နေတာကိုး။

ဆွတ်ဆွတ်ဖြူနေတဲ့ စာကြည့်စားပွဲမှာ အံဆွဲလက်ကိုင်ဘုလေးကပဲ ကွက်ပြီးနီရဲနေတာက အူယားစရာကောင်းတာနဲ့ ဆွဲဆွဲကြည့်လိုက်မိတာ အနီရောင်ကတ်စက္ကူသားလက်ဆွဲအိတ်လေး ခေါင်းပြူလာတယ်။ ဒီလိုအိတ်တွေက ရိုးရိုးရှင်းရှင်းလက်ဆောင်ပစ္စည်းလေးတွေထည့်ဖို့ သုံးတာမျိုးမလား။ ဘယ်သူ့ဆီက လက်ဆောင်ရထားတာများလဲ။ ကိုကိုက ဒါကိုဘာလို့အိတ်လိုက်ကြီး အံဆွဲထဲထည့်သိမ်းထားလဲ။ သိချင်စိတ်တွေ တရိပ်ရိပ်တက်လာတော့ အထဲကလက်ဆောင်ပစ္စည်းကို မကြည့်ဘဲ အံဆွဲပြန်ပိတ်လိုက်ဖို့လုပ်ထားတဲ့အတွေးက ပျက်သွားပြီး ကြည့်လိုက်မိတာပါပဲ။

အနီရောင်လက်ဆောင်ဘူးလေးကို ချည်ထားတဲ့ဖဲပြားနီလေးအောက်မှာ စိုက်ဝင်နေတဲ့ ပို့စ်ကဒ်နီဖျော့ဖျော့လေးက...
'ဘာလုပ်နေတာလဲ... ဖွင့်ကြည့်လိုက်' လို့ ကျွန်တော့်ကို ဖိတ်ခေါ်နေတယ်။ မထူးပါဘူးရယ်လို့ နဖူးကိုနာနာပွတ်ပြီး အတောက်ခံရဖို့ ကြိုပြင်ထားရင်း ခွင့်မတောင်းဘဲ အဲ့ဒီပို့စကဒ်လေးကို ဖွင့်ကြည့်ခဲ့မိတော့...။

'Merry Christmas!
I Love You '

ရိုးရှင်းတယ်ဆိုတာထက် ပိုပြီးရိုးရှင်းတဲ့ လက်ရေးစာတိုလေးနှစ်ကြောင်း။ ဒီလိုဆက်ရေးထားတာတောင် ရှင်းလင်းနေတဲ့လက်ရေးကို ကျွန်တော်ကောင်းကောင်းသိတာပေါ့။ ကိုကို့လက်ရေးပဲ။

တစ်နည်းအားဖြင့်ဆိုရရင် ဒီကဒ်နဲ့ဒီပစ္စည်းက တစ်ယောက်ယောက်ဆီကရလာတဲ့ လက်ဆောင်မဟုတ်ဘဲ တစ်ယောက်ယောက်ကိုပေးဖို့ ကိုကိုပြင်ဆင်ထားတဲ့ ခရစ္စမတ်လက်ဆောင်ပဲပေါ့။

ခရစ္စမတ်ပြီးသွားတာတောင်ကြာပြီဟာကို ရည်ရွယ်တဲ့သူဆီမရောက်ဘဲ ဘာလို့အံဆွဲထဲမှာကပ်ကျန်နေခဲ့တာလဲ။ အင်း... တွေးစရာကိုမလိုဘူး။ ခရစ္စမတ်တုန်းက ကိုကိုနဲ့အဲ့ဒီတစ်ယောက် စကားများခဲ့ကြတယ်မလား။

Heartless December❄️ ZG version Where stories live. Discover now