အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်

Start from the beginning
                                    

ကိုယ့်အဖြစ်ကိုယ်ကြည့်ရတာ တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ။
အရှိန်အပြည့်နဲ့ခုတ်မောင်းလာခဲ့ပြီးမှ ရှေ့တည်တည်မှာကာဆီးနေတဲ့ ရေခဲကျွန်းမြောကြီးရှေ့မှောက်မှာ မရှောင်နိုင်မတိမ်းနိုင် စုန်းစုန်းမြုပ်သွားရတာမျိုး။

စိတ်ညစ်လိုက်တာနော်...။ တကယ်ကြီး ရှယ်ပလန်နဲ့ကို စိတ်ညစ်ရပါတယ်။

"ဘုတ်..."

"အ..."

ခေါင်းပေါ်ရုတ်တရက်ကျလာတဲ့ ပုံနှိပ်စာအုပ်ကြောင့် ညစ်လက်စစိတ်တွေတစ်စစီပျောက်သွားရတယ်။ ဒီလက်ဆဆိုရင် သင်္ချာဆရာကြီးပဲ ဖြစ်ရမယ်။ စာလိုက်မကြည့်ဘဲ မေးထောက်ပြီး အတွေးတွေတစ်ခြားရောက်နေတဲ့ ကျွန်တော့်ကို တကူးတက လာဆော်ပေးသွားတာ။ ရှေ့ခုံက အမြွှာနှစ်ကောင်ရော ဘေးကဟိန်းသူရရော လူကိုလှည့်ကြည့်ပြီး ခွီနေကြရဲ့။

"အဟမ်း... စာက နံရံမှာရေးထားတာမဟုတ်ဘူး
မျက်လုံးတွေ သင်ပုန်းကို ကပ်ထားမယ်..."

ဆယ်တန်းအုပ်စုမှာအကြောက်ရဆုံးဆရာက တစ်ခန်းလုံးကို ပြောသလိုလိုနဲ့ တကယ်ရည်ရွယ်သူကျွန်တော့်ကို စောင်းကြည့်ရင်း သတိပေးလာတာမို့ သွားဖြဲပြပြီး ဘောပင်လေးပြန်ကိုင်လိုက်ရတယ်။

ဪ... စိတ်ညစ်ရတာတောင် မဖြောင့်ပါလားနော်။

* * *

ကိုကိုကကျွန်တော့်ကို အပတ်တိုင်း တနင်္လာကနေကြာသပတေးထိ လေးရက်စာကြည့်ပေးတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေက နားရက်ပေါ့။ သူလည်း တစ်ခြားတွေ သွားသင်ရသေးတာကိုး။

ဒါပေမယ့် ကျွန်တော်ကတော့ ကိုကို့ဆီကို နေ့တိုင်းရောက်ပါတယ်။ ဒီနေ့လည်း စနေနေ့ဖြစ်ပေမယ့် ကိုကိုအဆောင်မှာရှိတယ်ဆို မျက်နှာလေးမြင်ရလည်း နည်းလားဆိုတဲ့အတွေးနဲ့ ထွက်လာခဲ့တာ။

အဆောင်မရောက်ခင် တစ်လမ်းအလိုကကော်ဖီဆိုင်ကို ကျော်နင်းသွားပြီးမှ စက်ဘီးကိုတုံ့ခနဲရပ်ပြီး နောက်ပြန်ကြည့်လိုက်မိတယ်။

ဒီနေ့မှလမ်းထဲ ကား၊ ဆိုင်ကယ်အသွားအလာလေး နည်းနည်းရှုပ်နေပေမယ့် ဆိုင်ရှေ့မှာဖြတ်ခနဲ မြင်လိုက်ရတဲ့အရိပ်လေးက ကိုကိုဆိုတာ အသေအချာ။ ကျွန်တော့်နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားလို့ ကိုကို့ကိုလှမ်းခေါ်လိုက်ဖို့ လေကိုရှိုက်သွင်းနေတုန်းမှာပဲ ရပ်ထားတဲ့ကားနဲ့ကွယ်နေတဲ့ ပုံရိပ်တစ်ခုကို ထပ်တွေ့ရတာနဲ့ အသံထွက်မလာဘဲ တန့်သွားခဲ့ရတယ်။

Heartless December❄️ ZG version Where stories live. Discover now