ငွေရောင်တလက်လက်ထနေသော ရေပြင်ပေါ်ဝယ် လှေငယ်လေးတစ်စင်းဟာ ရေစီးရာ လမ်းကြောင်းအတိုင်း မျောပါလျက်ရှိနေ၏။လှေဦးထိပ်မှာတော့ အဖြူရောင်ဝတ်ထားပြီး ဆံနွယ်ရှည်တွေ ဖားလျားချထားတဲ့ အမျိုးသားငယ်တစ်ဦးဟာ ထိန်ထိန်သာလျက်ရှိနေတဲ့ လပြည့်ဝန်းကြီးကို ငေးမောလျက်...။
"မောင်မင်း "
"ခစားလျှက်ပါအရှင် "
အရှင့်ရဲ့ဘေးမှာ အမြဲတစေ ခစားခွင့်ရှိနေတာက ကိုယ်ရံတော် ခေါင်းဆောင်ပါဘဲ။မျက်နှာသာ ပေးတယ်လို့ မဆိုထိုက်ပေမယ့် အရှင်က ကိုယ်ရံတော် ခေါင်းဆောင်ကိုတော့ သူ အခုလိုမျိုး စိတ်အပန်းဖြေလေတိုင်း ဘေးနားမှာ ခေါ်ထားလေ့ရှိ၏။
"လရောင်ဟာ အေးချမ်းတယ်မှတ်လား...သဘာဝက ပေးတဲ့ အေးချမ်းမှုလေးလေ "
"မှန်လှပါ အရှင် "
"သူ့မှာ ကိုယ်ပိုင်အလင်းရောင် မရှိပါဘဲ အပူတွေဆီက စုပ်ယူပြီး တစ်ဖက်ကို အေးချမ်းတဲ့ ဓာတ်တွေ ပြန်ပေးတာ ဘယ်လောက်တောင် မွန်မြတ်လိုက်သလဲ "
"အေးချမ်းတဲ့ စိတ်အစဥ်နဲ့ ကြည့်လို့သာ အေးချမ်းနေတာပါ အရှင် "
လေအဝှေ့မှာ အဖြူရောင်ဝတ်စုံနဲ့ လူဟာ ပွင့်ဖတ်လေး လေထဲလွင့်နေသည့်နှယ် တဖျတ်ဖျတ်လွင့်လျှက်။ကိုယ်ရံတော် စိတ်ထဲမှာတော့ တစ်ခြားအရေးကိစ္စထက် နယ်စားမင်း အအေးမိသွားမှာ စိုးရိမ်လျက်ရှိနေ၏။မျက်နှာတော်ကိုလည်း မော်မဖူးဝံ့။လေအဝှေ့မှာ ကြာပန်းရနံ့တွေ သင်းပျံ့လာတာမို့ နယ်စားမင်းရဲ့ မျက်နှာတော်မှာ အပြုံးတစ်ပွင့်လေး ဖြစ်ထွန်းသွား၏။ ဒါကလည်း ခေတ္တ မျှသာ။လကို ကြည့်ရတာ ကြိုက်ပြီး ကြာပန်းရနံ့ကို ရူရှိုက်ရတာ သဘောကျ၏။သူပိုင်စားရာ နယ်မြေများ၏ အုပ်ချုပ်ရေးနဲ့ စစ်ရေးစစ်ရာ အဖြာဖြာကို တိကျပြတ်သားစွာ စီမံခန့်ခွဲနေတဲ့ နယ်စားမင်းရဲ့ နူးညံ့လှတဲ့ တစ်ဖက်ခြမ်းပေတည်း။
"မက်ပြန်ပြီ အိမ်မက်က "
ဆရာဝန်လေးဟာ မတင်မကျတွေ ဖြစ်လာတော့၏။ဘယ်လိုအကြောင်းကြောင်း အိမ်မက်ထဲမှာ ဒီလူဒီလူတွေက ခဏခဏ ထည့်မက်နေရသလဲ။နေ့ခင်းအိပ်လည်းမက် ညခင်းအိပ်လည်း မက်မို့ ဆရာဝန်လေး အနည်းငယ်တော့ စိတ်ရှုပ်လာချေပြီ။ ကိုယ်ရံတော်ဆိုတာကလည်း အမြဲတမ်းလိုလို ပါပေမယ့် မျက်နှာကို သဲသဲကွဲကွဲမမြင်ရ။မဟုတ်မှ လွဲရော အတိတ်ဘဝက ဖူးစာရှင်များလား။ခဏခဏ မက်နေတာမို့ သွေးလေခြောက်ခြားတာတော့ မဟုတ်တန်ရာ။
YOU ARE READING
ချစ်ခွင့် (ခ်စ္ခြင့္) /COMPLETE/