အပိုင်း -- ၂၂

7.2K 600 18
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

သံပန်းတံခါးကြီးနှင့်မလှမ်းမကမ်းမှာ မေသွန်းက ကားကိုရပ်လိုက်သည်။သူကတော့ထိုအိမ်ကြီးဆီ မျှော်ငေးကြည့်နေမိသည်။

"အဆင်ပြေပါ့မလား။ငါတို့အိမ်မှာပဲလိုက်နေပါလားလမင်းရယ် "

ထိုစကားအား ခေါင်းခါရမ်းကာငြင်းပယ်လိုက်မိသည်။ဒုတိယထပ်ဝရံတာမှာ တွဲဖက်မြင်လိုက်ရသောချစ်သူနှစ်ဦးကြောင့် သူ့ဆုံးဖြတ်ချက်တွေဟာ ပိုပြီးခိုင်မာသွားခဲ့၏။

"ငါ့ကိုစိတ်မပူနဲ့သွန်း။အိမ်ကိုပြန်လိုက်တော့ ပြီးရင်ဖုန်းဆက်လိုက်မယ် "

"မမခွန်းနဲ့နင်နဲ့က ညီအစ်မအရင်းတွေဖြစ်နေပြီနော် အဲ့ဒါကိုမမေ့နဲ့ဦးလမင်း "

သူမကိုစိုက်ကြည့်ကာပြောလာသော မေသွန်းစကားတွေက သတိပေးသည့်သဘောပင်။

ခေါင်းသာညိတ်ပြလိုက်ပြီး ဘေးမှာချထားသောကျောပိုးအိတ်ကို ကောက်လွယ်၍ လျှာထိုးဦးထုပ်အနက်ကို ဆောင်းလိုက်သည်။ ထို့နောက် ကားပေါ်မှဆင်းကာ မေသွန်းကိုစိတ်မပူရန်လက်ပြနှုတ်ဆက်၍ ထိုတံခါးကြီးရှေ့သို့ ခပ်သွက်သွက်လျှောက်သွားမိသည်။လူခေါ်ဘဲလ်ကိုတီးလိုက်သည့်အခါ ပိတ်ထားသောတံခါးကို တစ်စုံတစ်ယောက်ကဖွင့်ကာပေးသည်။

"အိမ်ကနေပြန်ပြီးကြိုဆိုပါတယ်နော် လမင်း "

ဦးမောင်ကျော်၏နှုတ်ဆက်စကားအားလမင်းခေါင်းပင်ညိတ်ပြ၍ ခြေလှမ်းမှန်မှန်နှင့်ပင် အိမ်ကြီးရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။
အနာဂတ်မှာ ဆက်လုပ်မည့်အကြောင်းအရာတို့ကို တွေးထားပြီးသားဖြစ်သောကြောင့် မျက်နှာချင်းဆိုင်ဖြေရှင်းရမယ့်သူတွေနှင့် အတတ်နိုင်ဆုံး ပြဿနာကြီးကြီးမားမားမဖြစ်အောင်နေဖို့ရန်အတွက် သူတွေးထားပြီးသားပါ။လိုချင်သောအရာတစ်ခုအတွက်ပေါ့။

"သမီးငယ်....."

ထိုခေါ်သံအား ဘဝမှာမကြားချင်ဆုံးအသံအဖြစ် လမင်းမှတ်တမ်းတင်ထားလိုက်မိသည်။ဒေါ်နန်းခမ်းနွယ်၏သမီးအဖြစ် အသိအမှတ်ပြုသောနာမ်စား။
ထိုအမျိုးသမီးက အပြေးတစ်ပိုင်းနှင့် သူခြေစုံရပ်နေရာဧည့်ခန်းအလည် ရောက်ရှိလာသောအခါ မဲ့ပြုံးတစ်ခုက အလိုလိုနှုတ်ခမ်းထက်ရောက်လာသည်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now