အပိုင်း -- ၂၁

7K 619 25
                                    

𝙐𝙣𝙞𝙘𝙤𝙙𝙚

🍃🍀

မျက်စိရှေ့ကလူနာကုတင်ပေါ်မှာ ပိတ်ဖြူအုပ်ထားသည့်ခန္ဓာကိုယ်တစ်ခုဟာ မလှုပ်မယှက်တည်ရှိနေသည်။ဘေးနားမှာခြေစုံရပ်၍ လမင်းငေးကြောင်ကြည့်နေမိတာ အချိန်မည်မျှရှိသွားပြီပင်မသိတော့။
ပိတ်ဖြူစကိုလှပ်ကြည့်ဖို့ရာအတွက် လက်တို့လည်းမလှုပ်ရှားရဲသလို ခြေစုံရပ်နေမိသည့် ယခုအခြေအနေကိုလည်း အိပ်မက်ဖြစ်ဖို့ရာသာ အခါတလဲလဲ စိတ်ထဲမှာဆုတောင်းနေမိသည်။

( ကလေးမဟုတ်တော့ဘူးနော်လမင်း။မေမေမရှိလည်း အဆင်ပြေအောင်နေတတ်ရတော့မှာ )

လွန်ခဲ့သည့်နာရီပိုင်းက ပြောဆိုခဲ့သည့်စကားလုံးပုံစံတို့က သူ့မျက်လုံးထဲမှာ ရုပ်ရှင်ပိတ်ကားလို ပြန်မြင်လာ၏။ရှေ့မှာလဲလျောင်းနေသည့် ခန္ဓာကိုယ်အနားကို တိုးကပ်၍နားစွင့်မိတော့ မျှော်လင့်ထားသလိုစကားသံတို့ထွက်ပေါ်မလာ။

"သမီး....အစ်မကိုကြည့်မှာဆိုကြည့်ကွယ်။ပြီးရင်အိမ်ပြန်ခေါ်သွားကြရအောင် "

ပြောပြီးသည်နှင့် ပိတ်ဖြူကိုလှပ်ဖို့ရာလက်လှမ်းလာသော အန်တီ့လက်ဖဝါးတို့ကိုလမင်းရုတ်တရက်ဆုပ်ကိုင်လိုက်မိသည်။
သူအဆင်သင့်မဖြစ်သေးပေ။ဖြစ်ပျက်နေသမျှအရာရာကို လက်ခံနိုင်ဖို့ရာ သူ့အသိစိတ်က အဆင်သင့်ဖြစ်မနေ​သေး။

"ဒီတိုင်းပဲ....ဒီတိုင်းမလှပ်ကြည့်ဘဲနဲ့ အိမ်ပြန်ခေါ်လို့ရတယ်မလားအန်တီ။လမင်း.....လမင်းခံနိုင်ရည်မရှိသေးလို့ မေမေ့ကိုမကြည့်ပါရစေနဲ့ဦး "

ရဲတက်နေသောမျက်သားတွေကြောင့် ငိုချင်သည့်စိတ်ကိုတင်းခံထားသည်မှာ အထင်းသား။ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည့်မိခင် ဆုံးရှုံးသွားရသည့်အတွက် ကမ္ဘာပြိုသည့်နှယ် နာကျင်ခံစားနေရသော သမီးငယ်၏ရင်ထဲကို သူမအတိုင်းသားမြင်နေရသည်။

ဆုံရှုံးရသည့်နာကျင်မှုကို အနည်းငယ်သက်သာလို့သက်သာငြား သူမဟာ မွေးမိခင်အရင်းပါဆိုသည့်အကြောင်းကိုတင်းတင်းကျပ်ကျပ်‌ပွေ့ဖက်ပြီး တစ်ဖွဖွပြောဆိုချင်မိသည်။သို့ပေမယ့်လည်း နှုတ်ဖျားတို့ကပြောဖို့ရန်မဝံ့ရဲပေ။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now