Chapter-630-ဒုတိယစမ်းသပ်ချက်

Start from the beginning
                                    

အခြားသူများ သူ့ကိုဘယ်လိုထင်ကြလဲ
ယူရှောင်းမိုမသိပါပေ။ အချိန်ကုန်တော့မှာပေမဲ့
ဆယ်ခုမြောက်ကျောက်တုံးကို တွင်းထဲသို့
မထည့်ရသေး။ ဤစမ်းသပ်မှုအတွက် ဖြတ်လမ်း
မရှိဘဲ လှည့်ကွက်တစ်ခုခုအသုံးပြုဖို့လည်း
မဖြစ်နိုင်ချေ။ သူ့ရဲ့စိတ်စွမ်းအားကိုသာ
အားကိုးလို့ရရာ ဤစမ်းသပ်မှုက တကယ်တမ်း
စိတ်စွမ်းအားနှင့်ပတ်သတ်သည်ဟု ခံစားရသည်။

ယူရှောင်းမို အသက်ပြင်းပြင်းရှူလိုက်သည်။
ကျောက်တုံးကို တစ်ခါတည်း ဝိဉာဉ်စွမ်းအားနဲ့
လွှမ်းခြုံမည့်အစား ကျောက်တုံးအလုံးကို
ဝိဉာဉ်စွမ်းအားဖြင့် ရှေ့တွန်းကာ ဆယ်ခုမြောက်
တွင်းအစွန်းနားရောက်သည်အထိ လှိမ့်ပြီးမှ
၎င်းကိုပင့်ရန် ဝိဉာဉ်စွမ်းအားဖြင့်လွှမ်းခြုံလိုက်သည်။
ဝိဉာဉ်စွမ်းအားသုံးစွဲရာတွင် ဤနည်းလမ်းက
ပိုမိုထိရောက်ပြီး ထုံထျန်းနန်းတော်ကလည်း
ဤသို့မလုပ်ရဘူးဟု တားမြစ်မထားပေ။

မည်သည့်နည်းလမ်းကိုသုံးပါစေ သတ်မှတ်ထားသော
အချိန်အတွင်း တွင်းလေးများအတွင်းသို့
ကျောက်တုံးများ ထည့်နိုင်သရွေ့ အောင်သည်ဟု
စာမေးပွဲမှူးလူအိုကြီးက ပြောခဲ့ပေသည်။

သို့ဆိုလျှင်တောင် ကျောက်တုံးကို မ,တော့
မ,ရဦးမည်ပင်။ ယူရှောင်းမိုသုံးသွားသောနည်းကို
ထုံထျန်းနန်းတော်က ခန့်မှန်းမိထားပုံပေါ်သည်၊
ထို့ကြောင့် သူတို့က ကျောက်တုံးကို တွင်းနဲ့
နှစ်ဆယ်စင်တီမီတာအကွာကနေ ပစ်ထည့်ရမည်
ဟူသော သတ်မှတ်ချက်တစ်ခုထားထားပေသည်။

နောက်ဘာဖြစ်မလဲဆိုတာကတော့ သူတို့ခွန်အားပေါ်
မူတည်လိမ့်မည်။ ထိုအဆင့်ငါးမှော်ဆရာသည်
ထင်ရှားစွာပင် အသာစီးရနေသည်။
သူ့ကျောက်တုံးက လေထဲ ဆယ့်ငါးစင်တီမီတာ
ကြွနေပြီဖြစ်ပြီး အောင်မြင်ဖို့အတွက် အားစိုက်မှု
အနည်းငယ်သာလိုတော့သည်။

ယူရှောင်းမိုမှာ မျက်နှာတစ်ပြင်လုံးရဲလာသည်အထိ
အားစိုက်လျက် ကြမ်းပေါ်တပလ္လင်ခွေထိုင်နေသည်။
သူ့အသားအရည်က အလွန်နူးညံ့ဖြူဥနေပြီးသား
ဖြစ်ကာ အားစိုက်ထုတ်ရလွန်း၍ စိမ်းပြာရောင်
သွေးကြောများတောင် ပေါ်လာတော့သည်။
သူ့ကိုကြည့်နေကြသူများမှာ ထိုနေရာတွင်
ထိုင်နေသူက သူတို့ကိုယ်တိုင်အလား
အသက်ရှူအောင့်ထားမိကြလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Where stories live. Discover now