မြူခိုးထဲမှ ကျောက်တုံးနောက်တစ်တုံး
လွင့်ပျံလာပြီး ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော
လူကြီးကိုထိမှန်သွားကာလဲကျသွားစေသည်။
၎င်းမှာ ပေါ့ပါးသည့်ဒဏ်ရာမဟုတ်ဘဲ
သူ့ပါးစပ်ထဲမှ သွေးများစီးကျလာလေသည်။

သူ့ဘက်ကနှစ်ယောက်ထိခိုက်ထားပြီး
ရန်သူကလည်းပုန်းကွယ်နေရာ ယန်ဟွေ့မှာ
ဆက်မတိုက်ချင်တော့။ သူ့ထိန်းချုပ်မှု
အောက်မှလွတ်ထွက်ကုန်သည့် ဤကဲ့သို့သော
အခြေအနေမျိုးကို သူ မုန်းတီးသည်။ သူက
အံကြိတ်ကာ ကျန်လူနှစ်ယောက်ကိုထားပြီး
ထွက်ပြေးသွားလေတော့သည်။

ချန်ရှန်းရုန်၏ငယ်သားက တုံ့ဆိုင်းခြင်းမရှိဘဲ
ထိုလူနှစ်ယောက်ကိုသတ်ပစ်လိုက်သည်။

ကူမာမျိုးနွယ်စုက သူ့ညီနောင်များစွာကို
သတ်ခဲ့သည်။ နှစ်ယောက်သေလျှင် နှစ်ယောက်
အတွက်ကြေတာပင်။ ဤသို့သောဘဝမျိုးတွင်
သနားညှာတာမှုဆိုတာ မလိုအပ်ပေ။

သူ့ငယ်သား၏လုပ်ပုံကိုမြင်တော့ ချန်ရှန်းရုန်က
သက်ပြင်းချရင်းခေါင်းခါလိုက်သည်၊ သို့ပေမဲ့
တားတော့မတားပေ။

"ကျုပ်တို့ကိုကူညီပေးလိုက်တာ
ဘယ်ဆရာသခင်များလဲ သိခွင့်ရှိမလားဗျာ"

ချန်ရှန်းရုန်က ဒုတိယကျောက်တုံးလာရာဘက်သို့
ဦးညွတ်လျက် လက်နှစ်ဖက်ယှက်လိုက်သည်။
ဤသူက သူတို့ကိုကယ်ခဲ့ခြင်းဖြစ်လျှင်
အနည်းဆုံး သူတို့ရန်သူမဟုတ်တာတော့
သေချာသည်။

ယူရှောင်းမိုက မြူခိုးများအလယ်မှလျှောက်လာသည်၊
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး
သူတို့ပြန်ဆုံကြခြင်းကို ဝမ်းသာနေဟန်ရှိသည်။

"ဦးလေးကြီး မတွေ့တာတောင်ကြာပြီနော်၊
ခင်ဗျားဘေးနားကအရှိန်အဝါတွေ တကယ်ပဲ
ပြောင်းလဲသွားပြီ၊ ကျွန်တော်တောင်အံ့ဩသွားတယ်"

ချန်ရှန်းရုန်မှာ ကြောင်အသွားရတော့သည်။

ရင်းနှီးလှသောပုံရိပ်နှင့် ရင်းနှီးလှသည့်အသံ၊
စောစောပိုင်းက သူနှင့်ယန်ဟွေ့တို့စကားဝိုင်း၏
အကြောင်းအရာက သူ့ရှေ့တွင်အကောင်းပကတိ၊
အကောင်လိုက် မတ်တပ်ရပ်နေသည်။
ဤတိုက်ဆိုင်မှုကြီးက ယုံချင်စရာပင်မကောင်း၍
ဘယ်လိုတုံ့ပြန်ရမည်မှန်း သူမသိတော့ချေ။

The Legendary Master's Wife [မြန်မာဘာသာပြန်]  Opowieści tętniące życiem. Odkryj je teraz