အပိုင်း နှစ်ဆယ့်သုံး

1.2K 87 1
                                    

unicode

အဘိုး၏နာရေးနေ့။
မျက်ရည်အတုတွေနဲ့ လူတွေကိုရုန်းအရမ်းမုန်းတယ်။

စီးပွားရေးမှာ နံပါတ်တစ်ဖြစ်သည့်အဘိုးကို လေးစားကြသည်ကတစ်ကြောင်း၊ဝတ္တရားအရကတစ်ကြောင်းမို့ နာရေးနေ့မှာရောက်လာသည့်လူများက အုပ်အုပ်ကြတ်ကြတ်။ ဒေါ်ကေသီက စိတ်ရင်းအမှန်နှင့်လာရောက်နှစ်သိမ့်ပေးသည့် လူတွေအားလုံးကို မျက်ရည်ကျပြရင်းဖြင့် အဘိုးနဲ့လက်ပွန်းတတီးဆက်ဆံရေးရှိခဲ့သမျိုး ဇာတ်လမ်းလုပ်သည်။

ရုန်း၏ခန္ဓာကိုယ်တစ်ခုလုံးက သွေးများပြောင်းပြန်စီးဆင်းနေသည့်အတိုင်း။ ဒေါ်ကေသီ၏ ငိုသံကတော်တော်စိတ်ရှုပ်ရသည်မို့ ရုန်းလက်ရှိအခြေအနေအား ဇောက်ထိုးဖြစ်အောင်လုပ်ပစ်ချင်သည်။ ဒါပင်မဲ့ ရုန်းကိုစိတ်မချ၍ မျက်စိအောက်ကအပျောက်မခံသည့်ပိုင်ခန့်က အဘိုးနာရေးနေ့ဖြစ်သည်မို့ စိတ်လျှော့ပါ တဖွဖွပြောရင်းတားသည်။

စိတ်ရှုပ်ရှုပ်နဲ့ လူရှင်းသည့်အိမ်အနောက်ဘက်သို့ ထွက်လာခဲ့လိုက်သည်။ နာရေးအခမ်းအနားလုပ်သည့်ခြံဝန်းထဲတွင်သာ ခြေချင်းလိမ်နေကြသည်မို့ အိမ်အနောက်ဘက်ရှိရေကန်နားတွင်တော့ အလုပ်သမားများကအစ ရှိမနေပေ။
အိတ်ကပ်ထဲရှိ စီးကရတ်ဘူးမှ စီးကရတ်တစ်လိပ်ကိုနှုတ်ခမ်းကြားထဲညှပ်ရင်း အသင့်ဆောင်ထားသည် lighter ဖြင့်မီးညှိလိုက်သည်။ လက်ဆစ်ရိုးမှ ဒဏ်ရာများကို ပတ်တီးစည်းထားရသည်မို့ စီးကရတ်အားကိုင်ရသည်မှာ အဆင်မပြေလှပင်မဲ့ စီးကရက်သောက်ခြင်းကို ရုန်းမရပ်တန့်မိ။
ဂျယ်အကူအညီဖြင့် နဖူးပေါ်၌ရှိနေသည့်ဆံပင်အခွေလိပ်များကို နောက်သို့လှန်တင်ထားသည်ကြောင့် လေးထောင့်ဆန်သည့်ရုန်း၏ နဖူးပြင်ကျယ်ကျယ်က ပြောင်ရှင်းလို့နေသည်။
နှုတ်ခမ်းများကကွဲအက်နေကာ မျက်ခမ်းစက်များကလည်းနီနီရဲရဲ။
ဘေးကရေကန်ထဲရှိရေမျက်နှာပြင်သို့ မျက်နှာချင်းဆိုင်လိုက်တော့ ထွက်ပေါ်လာသည့်ပုံရိပ်ခပ်ရေးရေးကြောင့် ရုန်းငြီးတွားလိုက်သည်။

"စုတ်ပြတ်နေတာပဲ။"

နှုတ်ခမ်းဝရှိစီးကရတ်အား အသာရှိုက်ရင်း ခံတွင်းထဲရောက်ရှိလာသည့်အငွေ့များကို မြိုချကာ နှာခေါင်းပေါက်မှတစ်ဆင့် စွန့်ထုတ်လိုက်သည်။
အိပဲ့ပဲ့နှင့်တရွေ့ရွေ့သောက်ရာမှ ကုန်လုနီးပါးဖြစ်လာသည့် စီးကရတ်တိုကို မြေပြင်ပေါ်ပစ်ချကာ boots ထိပ်နှင့်နင်းခြေပစ်လိုက်သည်။ နောက်တစ်လိပ်သောက်ရန် ဘူးခွံအားဖွင့်ကြည့်တော့ ဗလာနတ္ထိ။
လုံးချေပြီးနောက် အားပြင်းပြင်းနှင့်ခပ်ဝေးဝေးသို့ ပစ်ထုတ်ခြင်းနှင့်အတူ ရုန်း၏စိတ်ပျက်ဟန်တူသည့် ကွဲရှရှအသံက ထွက်ပေါ်လို့လာသည်။

ရုန်းထွက်မရပါလျှင် ဆက်၍တိုးဝင်မည်။(COMPLETED)Where stories live. Discover now