နေထက်ဆိုသည့်လူနဲ့ ရွှေတောင်ကြားကဖေးမှာ နာရီ၀က်ကျော်ကျော်လောက်စကားပြောခဲ့ ပြီးနောက်မှာတော့ အဆောင် သို့ ဇင်ပြန်ရောက်လာပါသည်။
ကိုယ့်အခန်းရှေ့ကိုလျှောက်လာတဲ့ခြေသံကိုကြားတာနဲ့ ဒါဟာဘယ်သူ့ခြေသံလဲဆိုတာ ဇင့်ကို စောင့်နေတဲ့ကျွန်မအတွက်ကတော့ မေးစရာမလိုအောင်ကြိုသိနေခဲ့ပါတယ်။
သို့သော် ဇင့်ရဲ့ခြေသံနဲ့အတူ ကျွန်မထပ်ကြားလိုက်ရတာက တစ်စုံတစ်ယောက်နဲ့ဖုန်းပြောနေပုံ ရတဲ့ဇင့်ရဲ့အသံကိုပင်။
အခန်းရှေ့ရောက်နေပေမယ့် အခန်းထဲ၀င်မလာသေးတဲ့ဇင့်ကြောင့် ကျွန်မထိုင်ရာကထကာ တံခါးဖွင့်ကြည့်လိုက်တော့ ဇင်ကဖုန်းကိုနားနားကပ်ရင်း တစ်ဖက်မှပြောနေတဲ့သူရဲ့စကားကို သေချာ နားထောင်နေတာကိုကျွန်မတွေ့လိုက်ရသည်။
ကျွန်မရဲ့ အပြုအမူကြောင့် ဇင်ဖုန်းပြောနေတာအနှောင့်အယှက်ဖြစ်သွားပြီလားလို့တွေးရင်း စိတ်ပူမိပေမယ့် ဇင်ကတော့ ကျွန်မကိုမြင်တာနဲ့ အပြုံးတစ်ခုဖြင့်ပင် ကြည့်လာ၏။
ခဏကြာတော့ "ဟုတ်ကဲ့...အဲ့ဒါဆိုသမီးဖုန်းချလိုက်တော့မယ်နော်"ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဇင်က ဖုန်းကိုချလိုက်ပြီး အခန်းထဲသို့၀င်လာသည်။
"ငါ နွေးကိုစာပို့ထားသေးတယ်...တွေ့လား"
"အင်း...တွေ့တယ်။ငါ ဇင့်ကိုစာပြန်ပို့မလို့ဘဲ၊ဒါပေမယ့် ဇင်က စကားပြောနေတာဆိုတော့ ဘာမှမပို့လိုက်တော့တာ။ဒါနဲ့ ဇင်ရော...အဲ့လူနဲ့ကောင်းကောင်းစကားပြောခဲ့ပြီးပြီလား"
"ပြီးပါပြီ..."
"ဟိုလေ..စပ်စုတယ်လို့တော့မထင်နဲ့နော် ဇင်...ငါတစ်ခုမေးကြည့်မလို့"
"မထင်ပါဘူး...နွေးသိချင်တာမှန်သမျှမေးလို့ရပါတယ်"
"ဒါဆို အဲ့လူကလေ ဇင်နဲ့ ဟိုတစ်ခေါက်ကတွေ့တဲ့ အကို၀မ်းကွဲဆိုတဲ့လူတော့မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး နွေးကလည်း...သူ့ပုံစံက ဘယ်လိုလုပ် ငါ့အကို၀မ်းကွဲဖြစ်မှာလဲ"
"ဟုတ်တယ်နော်...သူ့ပုံစံက ဆေးသမားလိုလို ဘာလိုလိုနဲ့ ..ဇင့်အကိုတော့လုံး၀မဖြစ်နိုင်ဘူးလို့ ငါလည်းထင်ထားတာ။ဒါပေမယ့် ပိုသေချာသွားအောင်လို့ ငါမေးကြည့်တာ"
![](https://img.wattpad.com/cover/253709157-288-k742869.jpg)