သူမမျက်စိရှေ့မှာရှိနေသည့် ထိုကောင်မလေးရဲ့အပြုံးတစ်ခုအောက်၌ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်ကာနေနေမိသည့် နွေးနေခြည်ဟာ သူမရဲ့လွယ်အိတ်ထဲမှာထည့်ထားသည့် ဖုန်း၏ တုန်ခါမှုကြောင့် နဂိုအသိစိတ်ပြန်၀င်လာခဲ့၏။
လွယ်အိတ်ထဲကဖုန်းကိုထုတ်ရင်း ခေါ်တဲ့သူနာမည်ကိုကြည့်လိုက်တော့ သူ့သူငယ်ချင်း ပြည့်သိင်္ဂီပင်။
"ဟယ်လို..."
"အေး...နေခြည် ပြန်ရအောင်လေ..."
"ပြန်တော့မလို့လား....အခုမှသုံးနာရီဘဲရှိသေးတာကို"
"ဘယ်ကသုံးနာရီလဲ...နာရီလည်းသေချာကြည့်ဦးလေ လေးနာရီခွဲတော့မယ်"
ထိုအချိန်မှ နွေးနေခြည်လည်း မိမိရဲ့လက်မှာပတ်ထားသည့် နာရီကိုကြည့်မိတော့ တကယ်ပင် လေးနာရီနဲ့ ဆယ့်ငါးမိနစ်ရှိနေပြီ။
"နင်စာလုပ်လို့ပြီးပြီမလား...ငါစာကြည့်တိုက်နားကိုထွက်လာလိုက်မယ်နော်...စာအုပ်တွေသိမ်းပြီး အဲ့ရှေ့မှာစောင့် နေ"
"အော်...အေး"
***ဟင်....သူဘယ်ရောက်သွားတာလဲ?
နွေးနေခြည် ဖုန်းပြောလို့ပြီးတာနဲ့ သူမခိုးကြည့်နေမိခဲ့တဲ့ ကောင်မလေးရှိရာကိုလှမ်းကြည့်မိ တော့ ထိုကောင်မလေးက အခန်းထဲမှာမရှိတော့ပေ။
***ကြည့်ရတာ..သူခပ်ေ၀းေ၀းတော့မရောက်လောက်သေးဘူးထင်ပါတယ်
စာအုပ်နဲ့ဘောပင်တောင်မသိမ်းအားသေးဘဲ စာကြည့်တိုက်အခန်းထဲကနေ မြန်မြန်ထွက်ပြီး အပြင်ဘက်မှာ သွားလာနေတဲ့ လူတွေကို လိုက်ကြည့်နေပေမယ့် ကော်ဖီရောင်ဆံနွယ်ပိုင်ရှင် ထိုကောင်မလေးကိုတော့ အရိပ်အယောင်တောင်မတွေ့ရတော့ပေ။
လက်နှစ်ဖက်ကိုခါးမှာထောက်ရင်း စိတ်ပျက်လက်ပျက်နဲ့ဖြစ်နေတဲ့အချိန် ကျောကုန်းကို တစ်စုံတစ်ယောက်ရိုက်လိုက်သလို ခံစားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်တော့..
"နေခြည်...နင့်ကိုငါ စာအုပ်တွေသိမ်းပြီးစောင့်နေလို့ပြောတာလေ...အခုတော့ ခါးကြီးထောက်ပြီး ဘာရပ်လုပ်နေတာလဲ..."