1.1K 211 43
                                    

အဲညက ဆောင်းဟွန်းနဲ့ဂျယ်ယွန်း တောင်ရဲ့အနောက်ဘက်ခြမ်းမှာ အကြာကြီးအတူရှိခဲ့ကြတယ်။ မီးပုံပွဲဟာပြီးဆုံးသွားပြီး ပစ္စည်းတွေသိမ်းဆည်းပြီးလို့ အကုန်အိပ်ရာဝင်ကုန်ကြပြီ။ အနောက်ဆုံးမှာရှိနေတဲ့ဧည့်ဆောင်ဆီပြန်လာတဲ့လမ်းမှာ ဂျယ်ယွန်းက သူ့ကိုတစ်နေရာခေါ်သွားတယ်။ သစ်ပင်တွေမရှိ၊ ကျောင်းဆောင်တွေမရှိ၊ မြေကွက်လပ်လေးပဲရှိနေတဲ့နေရာငယ်။

ဒီနေရာကနေ တောင်ခြေကိုကြည့်လိုက်ရင် လရောင်ကြောင့်ဖွေးဖွေးလှုပ်နေတဲ့နှမ်းခင်းတွေကိုမြင်ရတယ်။ အပေါ်ကိုမော့ကြည့်ရင်တော့ တလက်လက်တောက်ပနေတဲ့ ကြယ်တာရာတွေကို မြင်ရပြန်ရော။ လေကလဲဖြည်းဖြည်းညင်သာတိုက်ခတ်နေတာမို့ နှစ်ယောက်လုံးရဲ့ဖလန်နယ်ကွက်အင်္ကျီတွေက လေနဲ့အတူတဖျတ်ဖျတ်လွင့်နေတယ်။

ဆောင်းဟွန်းက နေရာမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။ ဂျယ်ယွန်းကတော့ တကိုယ်လုံးလှဲချပစ်လိုက်တာ။ ဆောင်းဟွန်းပေါင်ပေါ် ခေါင်းအုံးပြီး။

"ကြယ်တွေမလှဘူးလား"

"အင်း လှတယ်"

ဂျယ်ယွန်းက ကောင်းကင်ကိုကြည့်ပြီးမေးတဲ့မေးခွန်းကို ဆောင်းဟွန်းကတော့ ဂျယ်ယွန်းကိုကြည့်လို့ ပြန်ဖြေတယ်။ ဂျယ်ယွန်းရဲ့နှဖူးပေါ်ကျနေတဲ့ ဆံနွယ်စတွေကို ခပ်ဖွဖွလေးဖယ်ပေးရင်း...

ဂျယ်ယွန်းရဲ့မျက်လုံးတွေထဲမှာ ကောင်းကင်တစ်ခုလုံးကို မြင်နေရတယ်။ ညကောင်းကင်ယံတင် ဘယ်ကမလဲ။ ကြယ်တာရာအစုအဝေးတွေ.. နဂါးငွေ့တန်းတွေ.. သူနေထိုင်နေတဲ့ စကြာဝဠာတစ်ခုလုံးက သိပ်ကိုထူးခြားအံ့ဩဖွယ်ကောင်းလောက်အောင်လှပတဲ့အရာတွေအားလုံး ဂျယ်ယွန်းရဲ့ မဟူရာမျက်ဝန်းဆွေးဆွေးတွေထဲမှာ လာဆုံနေသလိုပဲ။ အခုချိန်မှာ ဂျယ်ယွန်းပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့အုပ်ကိုင်လို့ ဂျယ်ယွန်းမျက်ခွံတွေပေါ် သူ့နှုတ်ခမ်းနဲ့ ခပ်ဖွဖွဖိနမ်းပစ်လိုက်ချင်စိတ်ကို မနည်းထိန်းနေရတယ်။

"ကြယ်ကြွေသွားပြီ!"
ဂျယ်ယွန်းက ကောင်းကင်ကိုလက်ညှိုးထိုးပြီး အော်သံလေးနဲ့ပြောတယ်။ ပြီးတော့ လက်ဖဝါးနှစ်ဖက်ကိုသွယ်ယှက်ပြီး ဆုတောင်းနေတယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now