အိမ်သာရှေ့က သူတို့နှစ်ယောက်ရဲ့ ပုံက ဖရိုဖရဲ..
သူကလည်း Soo ကို လှမ်းထိန်းပေးထားဆဲ ဖြစ်သလို Soo ကလည်း သူ့လက်ပေါ်မှာ မှီနေဆဲ..
"Soo မူးနေပြီ။"
သူ စောစောက ကြားခဲ့တဲ့ စကားကို မကြားဟန်ဆောင်ကာ သူ့လက်ပေါ်က Soo ရဲ့ ခန္ဓာကိုယ်ကို ပြန် မတ် ပေးလိုက်သည်။ သို့သော် Soo က ယိုင်နေဆဲ ဖြစ်တာမို့ လက်မောင်းကနေတော့ ကိုင်ထားပေးရသေးသည်။
"သခင်လေး ခုနက ပြောတာကြားလား ?"
မျက်နှာချင်းဆိုင် အနေအထားမှာ ရှိနေတဲ့ Soo က သူ့ ရင်ဘတ်ကို လက်နှင့် လှမ်းထောက်ရင်း မေးလာသည်။
သူဟာသူ ယိုင်နေတာတော့ သိသားပဲ..
ဒါတောင် ယိုင်တိုင်တိုင်ဖြစ်နေတဲ့ Soo က သူ့ကို ပြုံးစိစိနဲ့ ကြည့်နေပြန်သေးသည်။
ဒီမေးခွန်းကို ဘယ်လို မျက်နှာမျိုးနဲ့ ကြားပါတယ်လို့ ဖြေရမလဲ ?
သူ့ ဘာပြန်ဖြေရမှန်းမသိ စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းပေါ်က ဆံပင်တွေကို ဆွဲဖွ လိုက်မိသည်။
"မလုပ်ပါနဲ့.. လှနေတာကိုး။ ပျက်သွားတော့မယ်။"
ခုနက သူ့ရင်ဘတ်ပေါ်မှာ ထောက်ထားတဲ့ လက်က အခု သူ့ခေါင်းပေါ်သို့ရောက်ကာ ရှုပ်သွားတဲ့ သူ့ဆံပင်တွေက ပြန်ဖိသပ်ရင်း ပုံစံပြန်ကျအောင် လုပ်နေသည်။
ကိုယ်တော်ချောလေးက မူးပြီး လုပ်ချင်ရာတွေ လုပ်နေတာ.. သူကသာ ဘာလုပ်ရမှန်းမသိ ကျောက်ရုပ်လို.. တုန့်လည်းမတုန့်ပြန်နိုင်.. ငြင်းလည်းမငြင်းနိုင်..
"အင်း ပြန်လှသွားပြီ။"
သူ့ ဆံပင်တွေကို စိတ်ရှိလက်ရှိ ကိုင်ပြီးသွားတဲ့နောက်မှာ Soo က စိတ်ကျေနပ်သွားသလို ပြုံးပြန်သည်။
ထို့နောက် Soo က သူ့ပခုံးနှစ်ဖက်ကို ကိုင်လိုက်ရင်း သူ့မျက်နှာ အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်။..
မျက်နှာချင်းဆိုင်ရှိနေရာက သူ တွန်းထုတ်လိုက်ရမဲ့အစား အလန့်တကြား မျက်နှာလွှဲ လိုက်မိတော့ Soo က ခပ်ဖွဖွရယ်သည်။
သူ...
ဘာ လို့ တွန်းထုတ်လိုက်ဖို့ကို တွန့်ဆုတ်နေရတာလဲ..?
"ကြားလား..?"
ထို့နောက် Soo က သူ့နား နားကပ်ကာ ခပ်တိုးတိုး မေးသည်။
"ဘာကို-"
သူ့စကားမဆုံးခင်မှာပဲ Soo ရဲ့ လက်တစ်ဖက်က သူ့နှုတ်ခမ်းပေါ်သို့ရောက်လာကာ သူ့ပြောစကားကို တစ်ဝက်တစ်ပျက် ရပ်တန့်စေခဲ့သည်။
"ငါလေ.."
Soo အသံက ရီဝေဝေ.. ခပ်တိုးတိုး..
"မင်းကို.."
သူ့ရင်ထဲ ပူနွေးနွေး ခံစားချက်က အလည် ပြန်ရောက် လာသည်။
"ချစ်တယ်.."
သူ့ရင်ခုန်သံကို သူ ကိုယ်တိုင်တောင် ပြန်ကြားနေရသလား မသိ။.. အတော်ကို ရင်ခုန်နေသည်မှာတော့ အမှန်ပင်။..
"အဟမ်းဟမ်း.."
သူ မသိချင်ယောင်ဆောင်ကာ ချောင်းဟန့်လိုက်ရင်း ခေါင်းကိုငုံ့ကာ ဂုတ်ကို ပွတ် လိုက်မိသည်။
သူ့ရဲ့ ရုတ်တရက် အူကြောင်ကြောင် အပြုအမူကြောင့် ထင်ရဲ့။ Soo က သူ့ကို ခဏကြောင်ကြည့်နေပြီးမှ ခေါင်းကို မော့ကာ ရယ်နေသည်။
"အဟမ်း.. Soo.. သွားကြရင် ကောင်းမယ်ထင်တယ်။ အိမ်သာရှေ့ကြီးမှာ မကောင်းပါဘူး။"
သူ Soo ကို လက်မောင်းတစ်ဖက်တည်း ကိုင်ကာ ထိန်းပေးထားရာမှ နှစ်ဖက်လုံးကို ကိုင်ကာ သူနဲ့ကပ်နေရာက နည်းနည်းကွာသွားအောင် ခပ်ဖွဖွ ဆွဲခွာရင်း ပြောလိုက်တော့ Soo က ခေါင်းမော့ထားရာမှ သူ့ကို ကြည့်လာသည်။
"အိုကေလေ.. မင်း သဘောပဲ။"
Soo က အဖြေပြန်ပေးရင်း သူ့ကို မျက်စိတစ်ဖက် မှိတ် ပြလေသည်။
အာ.. ဒီတစ်ယောက်နဲ့တော့ ဒုက္ခပါပဲ။ မူးသွားတာနဲ့ကိုပဲ သတ္တိတွေရှိနေလိုက်တာ။ မင်းတွေ ငါတွေ နဲ့ လည်း ပြောလို့ပြော..
Kai မမြင်ချင်ယောင်ကာ မျက်နှာချင်းဆိုင် ရပ်နေရာက Soo ဘေးနားမှာ ရပ်လိုက်ကာ Soo ကိုတွဲရင်း အိမ်သာရှေ့ကနေ ထွက်လာလိုက်သည်။
ထို့နောက် လှေကားရှိရာသို့ အမြန်သွားရန် စဉ်းစားလိုက်ပေမဲ့ မဖြစ်။
သူတို့နှစ်ယောက်ကို ဒီလိုပုံနဲ့ လူတွေမြင်ကုန်လို့ မဖြစ်ပေ။..
ဘယ်သွား ရမလဲ..? ဘယ်သွားရမလဲ..?
ဘေးနားက ပွစိပွစိနဲ့ပြောနေတဲ့ Soo က ခဏတာ လျစ်လျူရှုကာ ခေါင်းကို အလုပ်ပေး စဉ်းစားလိုက်တော့..
အာ သိပြီ။
အဲ့ကိုပဲ ခေါ်သွားလိုက်တော့မယ်။
ထို့နောက် Soo ပြောသမျှကို ဟုတ်ဟုတ် မဟုတ်ဟုတ် ခေါင်းငြိမ့်ကာ သူ ဦးတည်မိတဲ့နေရာက..
ခြံနောက်က ပန်းခြံလေး ဆီသို့။..
~^~^~^~^~
ပန်းတွေ အရောင်စုံလင်စွာ အစီအရီပေါက်နေတဲ့ ပန်း ခြံ လေး ရဲ့ အလည်မှာ အဆောင် သဘောမျိုး အိမ်ပု လေး တစ်လုံး ရှိနေသည်။
ထို အိမ်ပုလေး အတွင်းမှာတော့ ဆိုဖာဆက်တီ အပြည့်အစုံ တစ်ခုနှင့် တစ်ယောက်အိပ်ကုတင် တစ်လုံးသာ ရှိသည်။ ထိုကုတင်လေးပေါ်တွင်တော့ ခေါင်းအုံးတစ်လုံးနှင့် စောင်တစ်ထည်..။
Kai အိမ်လေးထဲကိုရောက်သည်နှင့် တစ်ပြိုင်နက် Soo ကို ကုတင်ပေါ်မှာ လှဲစေလိုက်ပြီး သူကိုယ်တိုင်ကတော့ ဆိုဖာခုံတစ်ခုံမှာ ဝင်ထိုင်လိုက်သည်။ မောပန်း လာခြင်းကြောင့် သူ ခုံကိုမှီကာ ခေါင်းကိုအနောက်ကို
လှန်ချလိုက်မိသည်။
တစ်လမ်းလုံး ပွစိပွစိ ပြောလာတဲ့ Soo က အခုတော့ အိပ်ပျော်သွားပြီလားမသိ။ ဘာသံမှ မကြားရတော့။
ဒီနေရာကို သူရယ် ဦးလေး Jo ရယ်က လွဲပြီး ဘယ်သူမှ သိပ်မသိကြ။ ခြံနောက်မှာ ရှိတဲ့အပြင် အိမ်ထဲကနေ တော်ရုံတန်ရုံ လှမ်းမမြင်နိုင်တဲ့ နေရာမှာ ရှိတာမို့။ အဲ.. Soo ကတော့ ရောက်ဖူးလားမသိ..။
အမှန်ဆို သူ Soo ကို အိမ်သာရှေ့မှာ ထားခဲ့လည်း ရပါလျက် ဘာကြောင့် အပင်ပန်းခံ နားအငြီးခံပြီး ဒီအထိ တွဲပြီး ခေါ်လာမိလဲ သူ မသိ။..
သူသိတာတစ်ခုက မူးနေတဲ့ Soo ကို တစ်ယောက်တည်း အိမ်သာရှေ့မှာ ထားခဲ့ဖို့ သူစိတ်မချ။
သူ Soo အပေါ် အမြင်တွေ ပြောင်းလဲ နေမိပြီလား..?
ဟင့်အင်း.. အခုမှ အမြင်ပြောင်းလဲလာတာ မဟုတ်ဘဲ အစကတည်းက ဒီလို မြင်ခဲ့မိတာများလား..?
"ဟူးးး.."
သူ သက်ပြင်းသာ ချမိသည်။ သူ့ ကိုယ်သူ လည်း သေချာမသိ။.. ဒါမှမဟုတ်.. သူ့ကိုယ်သူ မသိချင်ယောင် ဆောင်နေမိတာလား..?
စိတ်ရှုပ်ရှုပ်နဲ့ မျက်လုံးတွေကို မှိတ်ပစ်လိုက်မိတော့..
ခေါင်းထဲ ရောက်လာတာ Soo ရဲ့ စကား..
ချစ်တယ် တဲ့..
မဖြစ်နိုင်.. ဘယ်လိုမှ မဖြစ်နိုင်..
ဒါပေမဲ့ တကယ်သာ ဆိုရင်ရော..?
Soo က တကယ် သူ့ကို စိတ်ဝင်စားနေခဲ့တယ် ဆိုရင်ရော..?
မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တာ..
ခေါင်းထဲကအတွေးတွေကို အဝေးဆုံးရောက်အောင် မောင်းထုတ်ပစ်လိုက်မိသည်။ သူ ဆက်မတွေးချင်တော့ သလို ဆက်လည်း မတွေးသင့်တော့။
Kai လှန်ချထားတဲ့ ခေါင်းကို ပြန်မော့လိုက်ပြီး Soo ရှိရာ ကုတင်ဘက်ဆီသို့ လှမ်းကြည့်လိုက်မိသည်။
Soo ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ အိပ်ပျော်နေပြီ။..
မထူးတော့ပါဘူး.. ဒီညတော့ Soo ကို ဒီမှာပဲ အိပ်ခိုင်း လိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
Kai ထိုင်ရာမှထကာ Soo ရှိရာကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ ရည်ရွယ်ချက်ကတော့ Soo ကို စောင်ခြုံပေးရန်။ ပြီးလျှင် သူကတော့ သူ့အခန်း သူပြန်တော့မည်။..
ကုတင်အောက်ခြေနားမှာရှိတဲ့ စောင်ကို သေချာဖြန့်ကာ Soo ရင်ဘတ်နားထိရောက်အောင် ခြုံပေးလိုက် ပြီး ထိုနေရာမှ ပြန်လှည့်အထွက်မှာ အနောက်ကနေ သူ့လက်ကောက်ဝတ်ဆီသို့ ရစ်ပတ်လာသော လက်တစ်ဖက်ကို သူ ခံစားလိုက်ရသည်။
ထို့နောက် အနောက်မှ သို့မဟုတ် Soo ဆီမှ အသံခပ်သဲ့သဲ့ ထွက်လာသည်။
"မသွားပါနဲ့။.. ချစ်တယ်။"
ရင်ထဲ ပူနွေးနွေး ခံစားချက်က တစ်ဖန် ရောက် လာပြန် သည်။
သူ့လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ Soo လက်ကို သူ ခပ်ဖြည်းဖြည်းချင်းဖြုတ်ကာ စောင်ပြန်ခြုံပေးလိုက်သည်။ ထို့နောက် သူတွေဝေမနေတော့ဘဲ ထိုနေရာမှ အမြန်ဆုံး ထွက်လာခဲ့ လိုက်တော့သည်။
Soo က တကယ်ပြောနေခဲ့တာဆိုရင်တောင် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုအတွက် Soo ကို သူ မျှော်လင့်ချက်တွေ မပေးချင်ပါ..
ဒါတောင် သူ အခု Soo ကို မျှော်လင့်ချက်တွေ ပေးနေ မိခဲ့ပြီ ထင်သည်။..
အချိန်တွေမလွန်ခင်.. ဘာမှဆက်မဖြစ်ခင်မှာ..
သူ့ဘက်က ထိန်းသိမ်းသင့်တာတွေ ထိန်းသိမ်းမှ ဖြစ် တော့မည်။
~^~^~^~^~^~