လိုက်ကာကိုဖောက်ထွက်လာတဲ့ နေရောင်ခြည်နွေးနွေးလေးတွေက Kyung Soo ရဲ့မျက်နှာပေါ်ကို လာရောက်ကျီစယ်နေသည်။ စားပွဲတင် နာရီဆီမှလည်း alarm သံက အဆက်မပြတ်။
"ဝါးး.."
Kyung Soo ထထိုင်လိုက်ကာ မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးတွေကိုပွတ်ရင်း အညောင်းဆန့်လိုက်သည်။ ညကလည်း ဟို စာအုပ်ကို ဖတ်နေတာနဲ့ ညဥ့်နက်မှ အိပ်ဖြစ်သည်။ ဒီနေ့တော့ မပြီးသေးတဲ့ အလုပ်တွေ လုပ်ရဦးမယ်..
Samcheon ရဲ့ စကားကို တသွေမတိမ်း နားထောင်တတ်တဲ့ သူ..
Samcheon ရဲ့ တိုက်တွန်းချက်နဲ့ သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုတို့ကြောင့် webtoonist တစ်ယောက်ဖြစ်လာခဲ့သည်။
သိပ်ပြီး နာမည်မကြီးသေးပေးမဲ့ သူ့ကာတွန်းလေးတွေက လူသိသင့်သလောက်တော့ သိသည်။ တခါတရံ အပြင်ထွက်တဲ့အခါ "webtoonist Do Kyung soo မလား ? လက်မှတ်ထိုးပေးပါလား..? webtoon လေးတွေ အရမ်းကြိုက်တယ် သိလား..?" လို့ ပြောခံရတဲ့ အတိုင်းအတာလောက်ပေါ့။
ရေချိုးခန်းသွားဖို့ အိပ်ရာပေါ်ကထရင်း အမှတ်တမဲ့ ခုံပေါ်မှာ တင်ထားတဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ စာအုပ်လေးတအုပ်ဆီ သူအကြည့်တွေက ကျရောက်သွားသည်။
"ဟင့်အင်း.. မဖြစ်ဘူး။ ဒီနေ့တော့ အလုပ်လုပ်ရအောင်ပါ.. Kyung Soo ရယ်.."
ကုတင်ပေါ် ပြန်ထိုင်လိုက်ရင်း သူ့ကိုယ်သူ သတိပေးကာ ရေရွတ်မိသည်။ တကယ်မဖြစ်တာ.. ထိုစာအုပ်ကို ကိုင်လိုက်ရင် မနေ့ကလို ဘာအလုပ်မှ လုပ်ဖြစ်မှာ မဟုတ်..
နောက် သူ အကြည့်တွေကိုပြန်လွှဲလိုက်ပြီး အာရုံမစိုက်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ဘယ်လိုမှ မရ။
ရေချိုးခန်းကိုလည်း မသွားနိုင်.. ထိုစာအုပ်ကိုသာ ကြည့်ရင်း စိတ်က လွန်ဆွဲနေသည်။
နောက်ဆုံးတော့လည်း ထိုစာအုပ်လေးကို သူကောက်ကာယူလိုက်ပြီး ဖတ်မလို့ လုပ်ပြီးကာမှ ပြန်ချကာ ရေချိုးခန်းထဲကို ဦးတည်လိုက်သည်။ ဟုတ်တယ်လေ.. ဘာပဲဖြစ်ဖြစ်သူအရင် မျက်နှာသစ်မှဖြစ်မယ်။ မဟုတ်ရင် သူမျက်နှာသစ်ဖြစ်မှာမဟုတ်ဖူး.. ဘာလို့လဲဆိုတော့ ထိုစာအုပ်ကိုကိုင်ကာ ဖတ်လိုက်ပြီဆိုတာနဲ့ ချကိုမချချင်တော့တာ က ပြဿနာဖြစ်နေတာရယ်။ ဘယ်လောက်တောင်လဲဆို မနေ့က ညနေစာတောင် မစားဖြစ်ဘူး အဲ့စာအုပ်ကြောင့်..။
Kyung Soo မျက်နှာအမြန်သစ်၊ပေါင်မုန့်လေး နှစ်ချပ်လောက်ကို ပါးစပ်ထဲသွတ်၊ကော်ဖီခွက်လေး ရှေ့မှာချ၊သူအလုပ်လုပ်နေကျ ခုံလေးမှာထိုင်ပြီး သူ့ရဲ့စာအုပ်လေ့လာရေး.. အဓိပ္ပာယ်ဖော်ထုတ်ရေးလို့ ပြောရမယ်ထင်တယ်။ ထားပါ.. စာအုပ်လေးကို တဖန်ပြန်ဖွင့်ကာ လုပ်ငန်းပြန်စတင်ခဲ့သည်။
~^~^~^~^~
"အင်းး.."
အချိန်တော်တော်ကြာပြီးတော့မှ Kyung Soo တယောက် ဗိုက်ထဲက ဆန္ဒပြလာတာနဲ့ပဲ စားပွဲကနေမထချင်ထချင်နဲ့ထ ပြီးတော့ မီးဖိုချောင်ထဲကိုသွားလိုက်သည်။ ကောင်းကောင်းမွန်မွန် ချက်စားချင်ပေမဲ့လည်း အချိန်သိပ်မပေးချင်တာမို့ ခေါက်ဆွဲသာပြုတ်လိုက်သည်။ နောက်ကော်ဖီတစ်ခွက် ထပ်ဖျော်လိုက်သည်။ ဒါနဲ့ဆို သူသောက်တာ ကော်ဖီလေးခွက်ရှိပြီ..
သုံးမိနစ်လောက်ကြာတော့ ခေါက်ဆွဲပြုတ်ပန်းကန်နဲ့ ကော်ဖီ ကို အပေါ်ထပ်ကို သယ်သွားရင်း စားပွဲမှာ တဖန်ပြန်ထိုင်လိုက်သည်။
ပိတ်ထားတဲ့ စာအုပ်လေးကို သူဖတ်လက်စနေရာလေးအထိ ပြန်လှန်လိုက်သည်။
စာအုပ်လေးထဲက အကြောင်းအရာတွေက ရှူပ်ထွေးလို့နေသည်။ တချို့ကို သူသေချာ နားလည်တယ်လို့ ထင်မိသော်လည်း အချို့ကိုသူ လုံးဝကိုနားမလည်။ အချို့ကျပြန်တော့လည်း နားလည်သလိုလို။
ဘာတွေမှန်းကိုမသိပါဖူး။
သူမသိနားမလည်တဲ့ အချက်အချို့တွေကို google မှာ တွေ့လိုတွေ့ငြားရှာကြည့်တော့လည်း ဘာမှမတွေ့။
ရူးတောင်ရူးချင်လာတယ်..
Kyung Soo တွေးရင်းတွေးရင်း ခေါင်းထဲရှူပ်ရှက်ခတ်လာကြောင့် သက်ပြင်းချရင်း ထိုင်နေတဲ့ ခုံကိုမှီချလိုက်သည်။ မျက်စိမှိတ်ထားရင်း ဘာမှမတွေးဘဲ စိတ်ကို လျှော့ထားလိုက်သည်။.. သူ ခဏတော့ နားမှ ဖြစ်မည်။..
မိနစ်အနည်းငယ် ကြာအောင် မျက်စိမှိတ်ထားပြီးမှ ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ရင်း ဒီတခါနဲ့ဆို သူရေရွတ်တာ သုံးခေါက်မြောက်ဖြစ်တဲ့ စာပိုဒ်လေးကို ထပ်မံရေရွတ်လိုက်ပြန်သည်။
"လှပစွာ စိုက်ပျိုးထားတဲ့ သစ်ပင်အချို့ကပွင့်လန်း လို့နေတဲ့ ထိုနေရာ။
သာမန်လူတွေသွားလို့ မရတဲ့ထိုနေရာ..။
အချိန်တွေကိုနောက်ပြန်လှည့်ပါ.. အတိတ်ကဖြစ်ရပ် အချို့က အနာဂတ်ကို ကယ်တင်နိုင်လိမ့်မယ်။"
"Aish ! Samcheon ဘာတွေရေးထားခဲ့တာလဲ ?"
သူ စိတ်ရှုပ်စွာ ခေါင်းပေါ်က ဆံပင်တွေကို ဆွဲဖွလိုက်သည်။..
"တော်ပြီကွာ.. ဆက်မဖတ်ဘူး။"
ပြောရင်းနဲ့ပင် သူစာအုပ်ကို ဆွဲပိတ်လိုက်ကာ စားပွဲပေါ်ကို သူ ခေါင်းမှောက်ချလိုက်သည်။ ရင်ထဲမှာ အလုံးကြီး တစ်လုံး သယ်ထားရသလို လေးလံနေသည်။ ခေါင်းကလည်း စဉ်းစားလွန်းလို့ထင်ရဲ့.. တဆစ်ဆစ်နဲ့ကိုက်နေသည်။ ခုနလေးတင် မျက်စိမှိတ်ပြီးနားထားပေမဲ့ ခဏတာ စာအုပ်ကိုပြန်ကြည့်လိုက်တာနဲ့ စိတ်တွေပြန် ရှုပ်ထွေးကာ နားထားသမျှတွေ အကုန် ကြက်ပျောက် ငှက်ပျောက်ပင်။ အင်းလေ.. သူ နားတာကလည်း ဆယ်မိနစ်လောက်လေးပဲကို..
"အချိန်တွေကို နောက်ပြန်လှည့်ပါ.."
ရုတ်တရက် လေတိုက်သံလိုလို ခပ်တိုးတိုး ကြားလိုက်ရတဲ့ အသံတစ်သံကြောင့် Kyung Soo အနည်းငယ်တော့ လန့်သွားမိသည်။
"အတိတ်ကဖြစ်ရပ်အချို့က အနာဂတ်ကို ကယ်တင်နိုင်လိမ့်မယ်.."
နောက်တခေါက် ထပ်ကြားရချိန်မှာတော့ Kyung Soo ခေါင်းထဲမူးဝေလာသည်။ ဘာတွေမှန်းသေချာ မသိလိုက်ခင်မှာပဲ သူ့စိတ်ထဲ အမှောင်ထုသာ ကြီးစိုးသွားပြီး Kyung Soo တယောက် လောကကြီးနဲ့ ခဏအဆက်ပြတ်သွားခဲ့ပြီ။
အကယ်၍သာ ထိုစာပိုဒ်လေးက Kyung Soo ဘဝကို အလွန်အမင်း ပြောင်းလဲပစ်လိုက်မယ်မှန်း Kyung Soo သိခဲ့ရင် သူရွတ်မိခဲ့မယ် မထင်ပါလေ..
~^~^~^~
မှောင်မည်းနေခဲ့တဲ့ အိမ်လေးအတွင်း အဝါရောင်အလင်းတန်းတခုက ဖောက်ထွက်လာပြီး ခဏအကြာတော့ ဘာမှမဖြစ်ခဲ့သလို ပြန်လည်ငြိမ်သက်သွားသည်။ အခန်းငယ်လေးထဲမှာတော့ တဝက်သာစားရသေးတဲ့ အေးစက်နေတဲ့ ခေါက်ဆွဲပြုတ်ပန်းကန်လေး ကော်ဖီခွက် အလွတ်တစ်ခုနဲ့ ဟောင်းနွမ်းနေတဲ့ စာအုပ်လေးတအုပ်သာကျန်ခဲ့တော့သည်။
~^~^~^~^~
A/N : I know..
I know.. This is very short part and boring ! Sorry :(
Gamsamida ~
90 degree bow ~