Elegant
By JE_Rain
350K 27.7K 2.4K
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) More
1 (Unicode)
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Unicode)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
8 (Zawgyi)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
12 (Zawgyi)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
19 (Zawgyi)
20 (Unicode)
20 (Zawgyi)
21 (Unicode)
21 (Zawgyi)
22 (Unicode)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
28 (Zawgyi)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)
40 Final (Unicode)
40 Final (Zawgyi)
Author Note
July 21 ရက်နေ့ Preorder
တီလေးရဲ့ လှပနေမှု 🤍
Elegant Main Book Cover
Book Details
Preorder တင်လို့ရပါပြီ
29 (Unicode)
6.2K 660 65
By JE_Rain
ညနေ ၄ နာရီလောက်ကျတော့ သက်လွှာရဲ့ အိမ်ကို တာရာနဲ့ ပြည့်ဖူးတို့ ရောက်လာကြသည်။ ပြီးတော့ ဟော့ပေါ့လုပ်စားကြဖို့ ပြင်ဆင်ကြပါတော့သည်။
" ငါလမ်းထိပ်မှာ သောက်စရာ အအေးသွားဝယ်လိုက်ဦးမယ် သက်လွှာ "
" ငါလည်း လိုက်ခဲ့မယ်လေ .. "
ရှိုင်းတာရာက ယောကျာ်းသားပီပီ ဂတ်စ်မီးဖိုနားမှာ ဟော့ပေါ့အိုးအတွက် အသားတွေနဲ့ အသီးအနှံတွေထည့်ပြုတ်နေရသည်။ မိန်းမသားတွေဖြစ်တဲ့ သက်လွှာနဲ့ ပြည့်ဖူးက လမ်းထိပ်ကို အအေးသွားဝယ်ဖို့ ဟန်ပြင်နေကြ၏။ သိမ်မွေ့ထည်ကတော့ ရောက်လာတဲ့ ကြောင်ပေါက်လေးတစ်ကောင်နဲ့ အလုပ်ရှုပ်နေလေရဲ့။
Wet tissue နဲ့ ကြောင်လေးကို သန့်ရှင်းရေးလုပ်ပေးနေပြီး လက်ကိုင်ပဝါလေးနဲ့ သေချာသုပ်ပေးနေ၏။
" ညှောင် .. "
" ဆာပြန်ပြီလား သမီးလေးရဲ့ .. နို့သောက်ချင်လား .. နို့ .. "
ကြောင်လေးကို မျက်နှာရှေ့တည့်တည့် မြှောက်ကိုင်ထားပြီး ကလေးတစ်ယောက်လို ချော့မြူပေးနေသည့် အပျိုကြီး ဒေါ်သိမ်မွေ့ထည်။
" သက်လွှာရေ .. နို့ .. နို့ "
သက်လွှာက ဟိုးခြံရှေ့ရောက်နေပြီမို့ ခပ်မြန်မြန်ထရပ်ကာ သိမ်မွေ့ထည် အမီလေး လှမ်းအော်လိုက်ခြင်းသာ .. ။
" ဟင် ဘာနို့လဲ .. "
ဒါကို သက်လွှာဟာ ပြူးကြောင်ကြောင်လေးနဲ့ ခြံတံခါးဝမှာရပ်ပြီး ခေါင်းကိုအောက်ငုံ့၍ သူ့ရင်ဘတ်ကို ပြန်ငုံ့ကြည့်နေသည်လေ။
" ဖတ် .. "
" အ .. "
" ဟဲ့ အရူးမ .. အန်တီက သူ့ကြောင်လေးအတွက် နွားနို့ဘူး မှာနေတာဟဲ့ "
ပြည့်ဖူးက လက်မောင်းကို လာရိုက်ပြီး အသံစူးစူးလေးနဲ့ အော်ပြောမှ သက်လွှာ ရယ်ကျဲကျဲနဲ့ ခေါင်းလေးကုတ်နေပါတော့သည်။ အပျိုကြီး သိမ်မွေ့ထည်ကတော့ ရှက်ရှက်နှင့် ဘာမှတောင် ထပ်မပြောပဲ အထဲပြန်ဝင်သွားလေရဲ့။ မျက်နှာကလည်း ခရမ်းချဉ်သီးလေးလို ရဲတက်လို့နေပါတော့သည်။
" နင်တို့ကို ငါပြောစရာတစ်ခုရှိသေးတယ်။ တကယ်တော့ ငါတီလေးနဲ့ တွဲနေတာ ၅ လလောက်ရှိနေပြီ "
ပြည့်ဖူးနဲ့ လမ်းထိပ်ကို အတူသွားနေရင်း သက်လွှာ ပြောတော့ ပြည့်ဖူးက ဟက်ခနဲထရယ်သည်။
" ဟက် .. မထူးဆန်းပါဘူးလေ။ ငါတို့နှစ်ယောက်က ရိပ်မိနေတာကြာပြီ။ နင့်ဆီက ဘယ်တော့များ အတိအလင်း Confirm လုပ်ပြီး ကြော်ငြာမလဲဆိုတာကို စောင့်နေတာ "
" ဟင် .. ဘယ်လိုလုပ်ပြီး ရိပ်မိကြတာတုန်း "
မျက်လုံးအပြူးသားနဲ့ သူမေးမိတော့ ဟိုကထရယ်ပြန်သည်။
" နင်ပဲ facebook my day မှာ နင့်တီလေးနဲ့ ပတ်သတ်တာတွေချည်း တစ်ချိန်လုံးတင်နေပြီးတော့ဟယ်။ နင့်တီလေးရဲ့ နောက်ကျောပုံလေးကို တင်လိုက်။ လက်ကိုင်ထားတဲ့ပုံလေးတင်ပြီး နေဝင်ချိန် ညနေဆည်းဆာ အတူတူကြည့် ဘာညာ ဘာညာ တင်နေပြီးတော့ .. "
" ဟီး .. ဟိုကောင် တာရာ့ကိုတော့ အိမ်ရောက်မှ ပြောရမယ် "
" အန်တီ့ရှေ့မှာ ဖွင့်မပြောနဲ့နော်။ တော်ကြာ တအားရှက်ပြီး အိမ်ကိုပြန်ပြေးသွားလိမ့်မယ်။ စောစောတုန်းကတောင် နင့်ပုံစံကိုကြည့်ပြီး သူ့ခမျာ ရှက်လို့ ပြန်ပြေးဝင်သွားတာ တွေ့တယ်မဟုတ်လား "
" ဟီး .. ငါလည်း ရုတ်တရက် နို့ ဆိုတော့ ကြောင်သွားလို့ပါ "
" ကြောင်သွားတာနဲ့ ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်ရသလား အရူးမရဲ့ "
" ဘုန်း ... "
" အ .. နာတယ်ဟ ဘယ့်နှယ်ကြောင့် အသားလွတ်လာလာ ရိုက်နေတာတုန်း "
" ရိုက်မှာပဲ အန်တီ့အစားရိုက်ပေးတာ ရှင်းပလား "
" ဟွန့် "
ညနေ ၆ နာရီလောက် စားပြီးသောက်ပြီးကြတဲ့ အချိန်မှာတော့ သိမ်မွေ့ထည်ရဲ့ တောင်းဆိုမှုကြောင့် ၃ ယောက်သား ကြောင်လေးကို ပိုက်၍ လမ်းထဲက အိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်မေးကြရသည်။
" ဒီကြောင်လေးက အန်တီတို့အိမ်ကလားဟင်။ သမီးတို့အိမ်ကို မျက်စိလည်ပြီးရောက်လာလို့ "
" မဟုတ်ဘူး သမီးရဲ့ အန်တီတို့အိမ်မှာ ကြောင်မမွေးဘူး "
ရင်းနှီးသမျှ အ်ိမ်အားလုံးကို လိုက်မေးပေမဲ့လည်း ကြောင်လေးရဲ့ပိုင်ရှင်တွေကို ရှာမတွေ့ခဲ့။ ဒီလိုနဲ့ပဲ သက်လွှာနဲ့ သိမ်မွေ့ထည်တို့ဆီမှာ ကြောင်လေးက သောင်တင်နေလေသည်။
" ပိုင်ရှင်ရှာမတွေ့တော့လည်း သက်လွှာတို့ပဲ ဟိုအိမ်ကိုခေါ်သွားပြီး မွေးကြတာပေါ့။ တီလေးလည်း ဒီကြောင်လေးကို တအားချစ်နေပြီ မဟုတ်လား "
ညဘက် ခြံထဲက ဒန်းပေါ်မှာ ၂ ယောက်အတူ ထိုင်နေကြရင်း သက်လွှာကပြောတော့ သူမက ပြုံးနေသည်။ ကြောင်လေးက သူမရဲ့ပေါင်ပေါ်မှာ ကွေးကွေးလေးအိပ်နေရှာသည်။
" အင်း .. ဖြူဖြူဖွေးဖွေး ချစ်စရာလေး။ သူလေးကို ဘယ်လိုနာမည်ပေးကြရင် ကောင်းမလဲဟင် သက်လွှာ "
" သူက အမ,လေးဆိုတော့ စနှိုးဝှိုက်လို့ ပေးရင်ကောင်းမလား။ ဒါမှမဟုတ် Frozen ကာတွန်းကားထဲက Elsa ရဲ့ နာမည်လေး ပေးလိုက်ရင်ကော "
" Elsa .. ကောင်းသားပဲ။ Elsa .. Elsa လေးရေ။ မီးမီးရဲ့နာမည်က Elsa နော် မှတ်ထားနော် "
" ညှောင် "
အေးမြပြီး ကြယ်တွေစုံတဲ့ ဆောင်းညလေးတစ်ညမှာ သူရယ် ချစ်ရတဲ့အမျိုးသမီးလေးရယ် .. မိသားစုဝင်အသစ်ဖြစ်တဲ့ Elsa လေးရယ် .. ။
" တီလေး ဒီည ကြယ်တွေစုံတယ်။ ဟိုမှာတွေ့လား .. တီလေးပုံပြင်ပြောပြပေးဖူးတဲ့ ကြယ်လေး ၂ လုံး "
" သြော် .. ဟုတ်သား။ ခွန်စံလောနဲ့ နန်းဦးပျဉ် ... "
သူမက ကြယ်လေး ၂ လုံးကို သေချာမော့ကြည့်ရင်း တစ်ချက်လေးပြုံးသည်။ အတိတ်ကို ပြန်သတိရသွားပုံပေါ်သည်။
" အဲ့ဒီတုန်းက သက်လွှာအရမ်းဆိုးခဲ့မိတယ်နော်။ ဆေးလိပ်ခိုးသောက်မိတဲ့ညက သက်လွှာကြောင့် တီလေးရဲ့လက်မှာ အပူလောင်တဲ့ ဒဏ်ရာကြီး ရသွားခဲ့တယ် "
" သက်လွှာ စီးကရက်ကို ထပ်မကိုင်ဖြစ်တော့ဘူးဆိုတော့ တီလေး ရခဲ့တဲ့ ဒဏ်ရာက တန်ပါတယ်လေ "
ကြောင်လေးရဲ့ခေါင်းလေးကို ပွတ်သပ်ပေးနေရင်း သူမက ပြုံးပြုံးလေးဖြင့် ပြောနေသည်။
" ရှေ့လျှောက်လည်း သက်လွှာ လမ်းမှားမရောက်သွားအောင်လို့ တီလေး အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးသွားမယ် "
ကြည်လဲ့နေသည့် မျက်ဝန်းလေးတွေနဲ့ သူ့ကိုစိုက်ကြည့်ပြီး ပြောနေတဲ့ သူမရဲ့ နှုတ်ခမ်းဖျားလေးကို သက်လွှာ နမ်းဖို့ ဟန်ပြင်မိတော့ သူမက ခေါင်းကို တွန့်ခနဲ အနောက်ဆုတ်သွားသည်။
" Sorry .. ဒါသက်လွှာရဲ့ မိဘတွေအိမ်ဆိုတော့ .. တီလေးအတွက် နည်းနည်း "
ပြောပြီး သူမရဲ့ ဘယ်ဘက်ပါးပြင် ဖွေးဖွေးလေးကို ရှေ့သို့ထိုးပေး၏။ ဒါ့ကြောင့် သက်လွှာလည်း နှုတ်ခမ်းအစား ပါးနုနုလေးကိုသာ ပျော်ပျော်ကြီးနမ်းခဲ့လေသည်။
X X X X X
Elsa ဆိုတဲ့ ကြောင်အဖြူလေးကိုတော့ သိမ်မွေ့ထည်က အိမ်ကိုခေါ်လာပြီး တယုတယဖြင့် မွေးထားခဲ့သည်။ ယခုဆိုလျှင် Elsa လေးက တစ်အိမ်လုံးနဲ့ အချစ်တုံးလေးဖြစ်နေသည်လေ။ အမြဲရုပ်တည်ကြီးနဲ့ တည်တည်တံ့တံ့နေတတ်တဲ့ ဘရန်စိုင်း တောင်မှ Elsa ကိုမြင်လျှင် ပြုံးရယ်ပြီး ပွေ့ချီထားတတ်သည်။ မုန့်လေးတွေလည်း ချကျွေးတတ်၏။
ဒီလိုနဲ့ နှစ်တစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်ပြီ။ သက်လွှာလည်း 5BE ပြီးလို့ Final year သို့ ရောက်လာပြီဖြစ်သည်။ အသက်က ၂၂ ထဲရောက်နေပါပြီ။ သိမ်မွေ့ထည်ကတော့ ၄၂ နှစ် ပြည့်ပြီးခဲ့ပြီလေ။ သူတို့နှစ်ဦး စတင်တွေ့ဆုံတုန်းက တစ်ဦးက ၁၅ နှစ်၊ တစ်ဦးက ၃၅ နှစ်။ ၇ နှစ်ဆိုတဲ့အချိန်က သူတို့နှစ်ဦးအတွက်တော့ ခဏလေးလိုပါပဲ .. ။
Final year ရဲ့ ပထမနှစ်ဝက်တွင် သက်လွှာတို့ Company Profile တွေ ရေးခဲ့ကြရပြီး စာမေးပွဲလည်း ဖြေကြရသည်။ ဒုတိယနှစ်ဝက်မှာကတော့ အလုပ်သင်အဖြစ် Site ထဲတွေမှာ လက်တွေ့ကွင်းဆင်းလေ့လာရင်း Thesis ရေးဖို့အတွက် ကုန်ကြမ်းရှာကြရသည်။
ပထမနှစ်ဝက် စာမေးပွဲဖြေခါနီး၌ သက်လွှာတို့ မေဂျာမှ ဆရာကြီးက သူတို့ Final year ကျောင်းသူကျောင်းသား အားလုံးကို အစည်းအဝေးခေါ်ခဲ့သည်။
" ဆရာ့တပည့်တစ်ယောက်ရှိတယ်။ သူက ထူးချွန်တဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ယောက်ပဲ။ သူ့မှာ Company လည်းရှိတယ်။ သူက အခုဂျပန်က ဆောက်လုပ်ရေး အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီး မကွေးမှာ ဆေးရုံတစ်ခု ဆောက်ဖို့လုပ်နေတယ်။ အဲ့ဒါ ဆရာ့ရဲ့ တပည့်တွေကို သူရဲ့ Project မှာ အငယ်တန်း အင်ဂျင်နီယာအနေနဲ့ လာ Join ကြဖို့အတွက် ဖိတ်ခေါ်ခိုင်းထားတယ်။ သားတို့ သမီးတို့လည်း အခု 1st semester စာမေးပွဲ ဖြေပြီးသွားတဲ့အခါ ၄ လလောက် Part time job အနေနဲ့ ဝင်လုပ်ချင် လုပ်လို့ရအောင် ဆရာက သတင်းကောင်းပါးတာပါ။ ဒီ Project က ဂျပန်က ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့် သားတို့သမီးတို့ရဲ့ ရှေ့ဆက်ရမဲ့ အနာဂတ်အတွက်နဲ့ 2nd Semester မှာရေးရမဲ့ Thesis အတွက်လည်း အတော်ကြီးကို အထောက်အကူရလာနိုင်တယ်။ အတွေ့အကြုံလည်း အများကြီးရလာမှာ ကျိန်းသေတယ်။ ဆရာ့အနေနဲ့ကတော့ ဒါဟာ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုလို့မြင်တာပဲ။ ဒါကြောင့် .. အကယ်၍များ ဒီ Project လေးမှာ join ချင်တဲ့သူတွေရှိရင် ဆရာ့ဆီမှာ စာရင်းလာပေးထားလို့ရတယ်။ Dead line က ဒီလကုန်အထိ ရသေးတယ် "
" ဟုတ်ကဲ့ပါ ဆရာ "
အခန်းထဲက ပြန်ထွက်လာကြတော့ ပြည့်ဖူးနဲ့ တာရာက ဒီ project ကို join မှာလားဟု မေးလာသည်။
" ငါက .. တော်တော်လေး စိတ်ဝင်စားတယ်။ ဒါပေမဲ့ project က မကွေးမှာဆိုတော့ တီလေးနဲ့ ၄ လလောက် ခွဲရမှာဟ "
" သြော် အရေးထဲ ငါတို့ကို ခွေးစာတွေနင်အောင် လာကျွေးနေပြန်ပြီ တာရာရေ့ "
" အေးကွာ။ ငါကတော့ join ဖို့ ဆုံးဖြတ်ထားတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာ ဖူးစာကံ မပေါ်လာမဲ့အတူတူ မကွေးသွားပြီးတော့ ဖူးစာကိုကို သွားရှာမလားလို့လေ .. ဟဲဟဲ "
" သြော် ဂေးဆိုးလေးက အကြံပက်စက်လိုက်တာဟယ် ဟားဟား "
သက်လွှာက တဟားဟားနဲ့ ထရယ်နေပေမဲ့ ပြည့်ဖူးကတော့ ခါးကြီးထောက်ပြီး
" ဟုတ်တယ် ငါလည်း မမတစ်ယောက်လောက်တော့ ရှာရမယ်။ မမ,မရလည်း ကိုကိုဖြစ်ဖြစ် မောင်လေးဖြစ်ဖြစ်ဟယ်။ အဓိက ရည်းစားရဖို့ပဲ။ ပထမအရွယ်မှာ ပညာစုံတော့မယ်ဆိုတော့ နောက်ထပ်လုပ်ရမဲ့ Target က ကြင်ယာရှာဖို့ပဲ "
" အေးပါ ရှာကြပါ ရှာကြပါ။ ငါတော့သွားပြီ။ ဒီနေ့ တီလေးကိုယ်တိုင် ငါ့ကို လာကြိုပေးမှာမို့ အမြန်လစ်တော့မယ်။ ခဏနေရင် အဆောင်အောက် ရောက်လာတော့မှာတဲ့ "
" ဟယ် အန်တီက ကားမောင်းနိုင်နေပြီလား "
တာရာက တအံ့တသြမေးတော့ သက်လွှာ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
" အေး .. ပြန်မောင်းနေတာ သိပ်မကြာသေးဘူး။ တုတ်ကောက်မပါပဲ လမ်းလျှောက်နိုင်နေတာ ကြာပြီဆိုပေမဲ့လို့ တီလေးက ကားပြန်မောင်းဖို့ကို မဝံ့မရဲ ဖြစ်နေတာလေ ... ကားမောင်းတဲ့ ခုံကို ထိုင်ရမှာကိုပဲ သူကြောက်နေတာ "
" အေးပေါ့ ရထားတဲ့ Trauma ကနည်းတာမှ မဟုတ်ပဲ "
" ဒါပေမဲ့လည်း အခု မောင်းနိုင်ပြီပဲ မဟုတ်လား။ အန်တီက တော်ပါတယ်ဟာ .. "
တာရာက ချီးကျူးစကားပြောတော့ ပြည့်ဖူးက ဘေးမှ
" အန်တီ့ကို ဝှီးချဲနဲ့လည်း မြင်ဖူးတယ်။ ချိုင်းထောက်နဲ့လျှောက်တုန်းကကော တုတ်ကောက်နဲ့ လမ်းလျှောက်နေခဲ့ရတုန်းကပါ မြင်ဖူးပြီးခဲ့ပြီ။ အဲ့တုန်းကတောင် တော်တော် smart ကျတာ။ အခုလို ကားမောင်းနေတဲ့ပုံစံမျိုးနဲ့သာဆို အရမ်းကို ကြည့်ကောင်းနေမှာပဲ။ ငါလိုက်တောင် ကြည့်ချင်လာပြီ။ အပြန် ငါ့ကိုပါ အန်တီ့ကားနဲ့ လိုက်စီးရအောင် ခေါ်ပါလားဟင် "
" ဟာ မဖြစ်ဘူး။ ငါ့တီလေးရဲ့ Smart ကျမှုကို ဒီနေ့တော့ ငါတစ်ယောက်တည်း လွတ်လွတ်လပ်လပ်ကြည့်ပါရစေဟယ် "
ပြောဆိုနေကြချိန်မှာပဲ သက်လွှာရဲ့ ဖုန်းလေးက အသံထမြည်လာသဖြင့်
" ဟဲလို ... ဟုတ်ကဲ့တီလေး သက်လွှာ အခုဆင်းလာနေပြီနော် "
" ရောက်နေပြီတဲ့ ငါသွားပြီ တာ့တာ "
" ဟဲ့ လှေကားကို ဖြည်းဖြည်းဆင်း။ မှောက်ယက်ကြီး လဲကျမှ အန်တီနဲ့ မတွေ့ရသေးခင်မှာ သွားကျွတ်နေမယ် "
" ဟားဟား "
သက်လွှာ ပြေးသွားတာကို ပြည်ဖူးက လှမ်းအော်ပြောတော့ ဘေးမှာရပ်နေတဲ့ တာရာက ရယ်လို့နေသည်။ တစ်ဖက်အခန်းထဲကကနေ ယခုမှထွက်လာတဲ့ သူရိန်ကတော့ ခတ်သုတ်သုတ်လေး ပြေးလွှာသွားတဲ့ သက်လွှာရဲ့ ကျောပြင်လေးကို လှမ်း၍ ငေးကြည့်လို့နေ၏။
ဒါ့အပြင် ဇင်လှိုင်မြင့်လည်း ထိုအနီးတစ်ဝိုက်၌ရှိနေခဲ့သည်။ သက်လွှာ အောက်ထပ်ကို ပြေးဆင်းသွားတာမြင်တော့ ခပ်ခွာခွာကနေ သူပါလိုက်၍ မသိမသာ ပြေးဆင်းကာ သက်လွှာ၏ အနောက်ကို လိုက်ပါသွားခဲ့လေသည်။ ဒါကို ဘယ်သူမှ သတိမထားမိလိုက်ပေမဲ့လို့ သူရိန်မောင်လင်းကတော့ သေသေချာချာကို မြင်တွေ့လိုက်ရသည်။
X X X X X
ခရမ်းရောင်ဖျော့ဖျော့လေးပေါ်မှာ နှင်းဆီပန်းပွင့် သေးသေးလေးတွေပါတဲ့ ဒူးအတိ ချည်ဂါဝန်လေးနဲ့၊ အပေါ်ကနေ လက်ရှည် ဇာပါးပါး Cardigan အဖြူရောင်လေးကို ဝတ်ဆင်ထားတဲ့ သူမ။ အောက်က လေဒီရှုးဖိနပ် အဖြူရောင်လေးစီးထားပြီး ဆံပင်ရှည်တွေကိုလည်း ကျစ်ဆံမြီးလေး သပ်သပ်ရပ်ရပ်ကျစ်ကာ အဖျားမှာ ဖဲကြိုးအဖြူလေးနဲ့ ချည်နှောင်ထားသေးသည်။ BMW အမိုးပွင့်ကား အဝါရောင်လေးကို အသာမီပြီး ရပ်နေတဲ့သူမသည် သက်လွှာ အဆောင်ထဲကနေ ပြေးထွက်လာတာကို မြင်တော့ တပ်ထားတဲ့ နေကာမျက်မှန်ကိုချွတ်လိုက်သည်။ ထို့နောက် အင်္ကျီ၌ချိတ်လိုက်ပြီး သက်လွှာကို လက်လှမ်းပြရင်း Eyes smile လေးဖြင့် ရယ်ပြလို့နေသည်။
" Oh my god တီလေးရာ ... တကယ်ပါပဲကွာ။ တီလေး လုံးဝ မကောင်းဘူး "
အနားကို ပြေးချသွားရင်း သူနှုတ်ခမ်းကြီးထော်ပြီးပြောလိုက်တော့ သူမက ပြုံးရွှင်နေရာမှ အနည်းငယ် စိုးထိတ်သွားဟန်ဖြင့် ရင်ဘတ်ပေါ် လက်တင်ထားရင်း
" အလို .. ဘာလို့လဲ ကလေးလေးရဲ့။ တီလေး ဘာလုပ်မိလို့လဲ "
" ဒီလောက် Cool ဖြစ်လွန်းတဲ့ ပုံစံမျိုးနဲ့ ဘာလို့ ကျောင်းကိုလာရတာလဲလို့။ ပြီးတော့ အမိုးပွင့်ကားကြီးနဲ့ကွာ။ အကုန်လုံးဝိုင်းကြည့်ကုန်ကြတော့မှာပဲ .. "
ထိုအခါမှ သူမက သက်ပြင်းလေးချ၍ ရယ်နေသည်။ အူတိုနေတဲ့သူ့ခေါင်းက ဆံနွယ်တွေကို သူမက လက်ချောင်းလေးတွေနဲ့ ထိုးသပ်ပြီး လာဖွပေးနေရင်း
" သဝန်တိုနေတဲ့ ရုပ်လေးက သိပ်ချစ်စရာကောင်းတာပဲကွာ။ တီလေးက ဒီတိုင်း သက်လွှာနဲ့ လွတ်လွတ်လပ်လပ် ကားမောင်းချင်လို့ ဒီကောင်လေးကို ယူလာလိုက်တာပါ။ တို့တွေ ဗိုလ်တထောင်ဆိပ်ကမ်းနားကို သွားကြမယ်လေ .. ပြီးရင် ညစာအတူစားကြမယ် "
လှလှလေးရယ်ပြနေတဲ့ သူမကို သက်လွှာ မျက်စောင်းလေးထိုးလိုက်သော်လည်း မျက်နှာကတော့ သဘောကျပြီး ပြုံးဖြီးနေမိသည်။
" ဒါ ရက် ၅၀၀ ပြည့်တဲ့နေ့မှာ Surprise လုပ်တာပေါ့လေ ဟုတ်လား "
" အခုခေတ်လူငယ်တွေလို Surprise တွေဘာတွေလည်း မလုပ်တတ်ပါဘူးကွယ်။ ဒီတိုင်း အမှတ်တရလေး ဖြစ်ချင်လို့ ဒီညနေတော့ အားအောင်လုပ်ပြီး ညစာအပြင်ထွက်စားဖို့အတွက် စီစဉ်လိုက်တာ။ Sunset view လေးလည်း ကြည့်ရင်းနဲ့ပေါ့ "
Romantic ဆန်လွန်းတဲ့ သူမကို သဘောကျလွန်းလို့ သက်လွှာ ရှိသမျှသွားတွေ အကုန်ဖြီးထားမိသည်။ ပြီးတော့ ဘေးဘီဝဲယာကို တစ်ချက်ကြည့်ပြီး သူမရဲ့ နှုတ်ခမ်းပါးလေးကို ရွှတ်ခနဲ နမ်းလိုက်မိ၏။
" အို .. ကျောင်းမှာကို သက်လွှာရယ် "
ပါးနီခပ်ပါးပါးလေးခြယ်သထားတဲ့ သူမရဲ့ ပါးလေးက ပိုပြီးနီမြန်းလာသည်။ ရှက်သွားသည့်ဟန်ဖြင့် ကားထဲသို့ ရှေ့မှဝင်သွား၏။ သက်လွှာလည်း ရယ်ရယ်မောမောဖြင့် သူမရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။ ကားရပ်ထားတဲ့နေရာက ကျောင်းဆောင်ဘေးမှာဖြစ်ပြီး မည်သူမှရှိမနေတဲ့အချိန်ဖြစ်တာကြောင့်သာ သက်လွှာ ယခုလို နမ်းလိုက်မိခြင်းဖြစ်သည်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ထိုမြင်ကွင်းကို အပေါ်စီးကနေပြီး စူးရဲစွာ စိုက်ကြည့်နေခဲ့တယ်ဆိုတာကိုတော့ သူတို့နှစ်ဦး သတိမထားမိခဲ့ကြချေ။
X X X X X
" တကယ်တော့ တီလေး အလာလမ်းမှာ အမိုးဖွင့်မောင်းလာတာ မဟုတ်ဘူး။ နေထိုးလို့ အမိုးပိတ် Air con ဖွင့်ပြီး မောင်းလာခဲ့တာ "
သူမက ကားမောင်းနေရင်းနဲ့ ရယ်ပြီး ပြောနေသည်။ ကားစတီလ်ယာတိုင်ကို ကိုင်ထားတဲ့ သူမရဲ့ လက်ချောင်းသွယ်သွယ်လေးတွေက သိပ်ကိုလှပလွန်းသည်။ နေရောင်ဖြာကျနေတဲ့ သူမရဲ့မျက်နှာ ရှင်းရှင်းလေးက ရေကြည်ပေါက်လေးတွေလိုမျိုး မြင်ရသူရဲ့ရင်ကို အေးမြစေသည်။
" အခုလည်း အမိုးပိတ်ပြီး မောင်းပါလား တီလေးရယ်။ ဘေးကဖြတ်သွားတဲ့ ကားပေါ်က လူတိုင်းနီးပါး တီလေးကို လှည့်ကြည့်သွားကြတာ မြင်ရဲ့လား "
" မမြင်ပါဘူး။ တီလေးမြင်တာ ဟောဒီဘေးက ကလေးလေးတစ်ယောက်တည်းကိုပဲ "
စူပုတ်နေတဲ့ သူ့ပါးလေးကို လက်ချောင်းလေးတွေနဲ့ ဖွဖွလေး လာဆွဲပြီး ပြောလိုက်တဲ့ သူမရဲ့စကားကြောင့် သက်လွှာ ချက်ချင်း ရယ်မိတော့သည်။
" တီ ... တီ .. "
သူပြောလိုက်တဲ့စကားကြောင့် ဖြစ်မည်။ သူမဟာ ချက်ချင်းကို ကားအမိုးပြန်ပိတ်၍ Air con ဖွင့်လိုက်သည်။ ပြီးတော့ သီချင်းလေးတစ်ပုဒ်ကိုလည်း ဖွင့်နေပြန်သည်။
'When I was young I'd listen to the radio .. Waiting for my favourite song .. '
' When they played I'd sing along, it made me smile .. '
(ကိုယ်ငယ်ငယ်ကဆိုရင် ရေဒီယိုနားထောင်လေ့ရှိတယ်။ အကြိုက်ဆုံးသီချင်းတွေကို စောင့်နေရင်းပေါ့။ သီချင်းလေးတွေလာရင် လိုက်ဆိုခဲ့ရတဲ့ အချိန်တွေမှာဆို ကိုယ်ပြုံးနေခဲ့မိဖူးတယ်။ )
' Those were such happy times and not so long ago ... How I wondered where they'd gone .. But they're back again just like a long lost friend ... All the songs I love so well .. '
(အဲဒီ အချိန်တွေက အရမ်းပျော်စရာကောင်းခဲ့တယ်။ သိပ်လည်း မကြာလွန်းသေးပါဘူးလေ။ ဘယ်လိုများ အချိန်တွေ ကုန်သွားခဲ့သလဲဆိုတာကို တွေးနေမိချိန်မှာပဲ .. အတိတ်ဟောင်းတွေက တစ်ခါပြန်ပေါ်လာတယ် .. မိတ်ဆွေဟောင်းတွေလိုပဲ။ ကိုယ်မြတ်နိုးရတဲ့ သီချင်းတွေ အားလုံးဟာပေါ့။ )
' Every Sha ~ la la la ~ Every wo ~ o ~ wo ~ o still shines ... Every sing a ling a ling, that they're starting to sing's .. so fine ... '
(Every Sha la la la ... every wo o wo o .. တစ်ခုစီတိုင်းဟာ .. အားလုံးတောက်ပနေဆဲပဲ။ Every sing a ling a ling တစ်ခုချင်းစီတိုင်းကို သူတို့စဆိုလိုက်တဲ့အခါ သိပ်နားထောင်လို့ ကောင်းတာပဲ.. )
ငြိမ့်ညောင်းနေတဲ့ သီချင်းလေးကို သက်လွှာ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေရင်း
" တီလေးက Carpenter ကိုတော်တော် သဘောကျတာပဲနော် "
" အံမယ် သက်လွှာတောင် Capenter ရဲ့သီချင်းတွေကို သိနေပြီပဲ "
" တီလေး နှစ်သက်မှန်းသိလို့ သက်လွှာလည်း Youtube ကနေရှာပြီး နားထောင်ခဲ့ဖူးတာ။ သူ့သီချင်းတော်တော်များများက အေးအေးလေးတွေ ချည်းပဲနော် "
" အင်း ဟုတ်တယ် .. အဲ့ဒါကြောင့် သူက တီလေးရဲ့ Favourite ဖြစ်နေတာလေ "
" မြန်မာသီချင်းတွေကော နားမထောင်ဘူးလားဟင်။ တီလေး ကြိုက်တဲ့ မြန်မာ အဆိုတော် မရှိဘူးလား "
" ရှိတာပေါ့ ... တီလေးက ခင်မောင်တိုး သီချင်းတွေကို တအားကြိုက်တာ .. "
ပြောပြောဆိုဆိုနဲ့ ကားမောင်းနေရင်း သူမက သီချင်းတစ်ပုဒ်ပြောင်းဖွင့်လိုက်သည်။
" ဒီသီချင်းလေးနာမည်က ချစ်သူသိစေ တဲ့ "
သူ့နဖူးလေးကို လက်ညှိုးလေးနဲ့ အသာလာတို့ပြီး ကျီစယ်သလိုပုံစံမျိုးလေး လာလုပ်သွားတဲ့ သူမ။ သက်လွှာ ရင်ထဲ လှိုက်ဖိုစွာဖြင့် ရယ်ပဲရယ်နေမိပြီး သီချင်းလေးကို အာရုံစိုက်၍ နားထောင်နေခဲ့မိသည်။
' ပန်းပွင့်ရှိမှ အနံ့ရတာ မဟုတ်ဘူး .. ဖူးသည့်အငုံ ထုံသည့်တစ်ပွင့် နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ ထာဝရအမြဲတည် နှလုံးသားမှာ စွဲမြဲစွာ ထုံယစ် .. ဆွတ်ပျံ့နေ ချစ်သူ သိစေ .. '
' တွေ့ခွင့်ရမှ မင်းမျက်နှာ လဝန်း .. ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် .. မင်းမရှိလည်း စွဲမြဲစွာ .. ဘယ်လောက်ဝေးနေ မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ တွေ့လို့နေ ချစ်သူ သိစေ .. '
' ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ် တွယ်နှောင်ရစ်ငင် အိမ်မက်မှာ အစဉ်အမြဲရှိ .. နေရာခြင်းလွဲလွဲ ဒေသခြင်း ကွဲကွဲ မြင်ယောင်စိတ်အစဉ် အိမ်မက်မှာရှိ .. '
" တကယ်လို့များလေ .. တကယ်လို့များ .. သက်လွှာတို့ ဝေးကွာသွားကြရင် ဘယ်လိုလုပ်မလဲဟင် "
သီချင်းလေးကို နားထောင်နေရင်း အတွေးထဲ ဖျတ်ခနဲပေါ်လာတာကြောင့် သက်လွှာ မေးလိုက်မိတော့ သူမက ပြန်ဖြေဖို့ တွေဝေနေသည်။ စတီလ်ယာတိုင်ကို ကိုင်ထားတဲ့ သူမရဲ့လက်ချောင်းလေးတွေက ပိုပြီးတင်းမာလာပြီး လက်ဖမိုးက သွေးကြောလေးတွေက ထင်းလာ၏။
" ဘာလို့ .. အဲ့လို မေးတာလဲဟင်။ သက်လွှာက တီလေးနဲ့ ဝေးရာကို ထွက်သွားဖို့ စိတ်ကူးထားလို့လား "
တည်ငြိမ်သလို လေသံနဲ့ ပြန်မေးနေတယ်ဆိုပေမဲ့လို့ ဒါဟာ တည်ငြိမ်သယောင် ဟန်ဆောင်ထားတာဖြစ်မှန်း သက်လွှာ သိနေသည်။ အသံက အဆုံးသတ်မှာ တိမ်ဝင်သွားသည်လေ။ မျက်နှာက သူ့ဘက်ကို လှည့်မကြည့်ပဲ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်ရင်း မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။
" မဟုတ်ပါဘူး တီလေးရယ် .. သက်လွှာက ဒီအတိုင်း မေးကြည့်ရုံတင်ပါ။ တကယ်လို့ ခဏတဖြုတ်လေး ဝေးသွားခဲ့တဲ့အခါကျရင် တီလေးငိုနေမလားဆိုပြီး တွေးမိလို့ပါ "
" အင်း ငိုမှာ။ အမြဲအချိန်ပြည့် ငိုနေမိမှာမို့ ဘယ်မှ ထွက်မသွားပါနဲ့။ Please ... "
စတီလ်ယာတိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း သက်လွှာရဲ့ ဘက်ကို တစ်ချက်လေးလှည့်ကြည့်၏။ Please ဆိုတဲ့ လေသံတိုးတိုးလေးနဲ့ အနီရောင်သမ်းလာတဲ့ မျက်ခမ်းစပ်လေးတွေက သက်လွှာကို အသနားခံနေသည့်နှယ် .. ။
" အင်းပါ တီလေးရယ်။ စိတ်ချနော် တီလေး စိတ်ဆင်းရဲအောင် သက်လွှာ မလုပ်ဖူးလို့ ကတိပေးပါတယ်။ ဒါ့ကြောင့် တီလေးလည်း ဟို .. ဟို ဦးလေးကြီးနဲ့ ပြန်မပတ်သတ်ပါနဲ့တော့နော် "
သူပြောတော့ သူမက ခပ်ဖွဖွလေးပြုံးသည်။
" ကိုပြည့်ဖြိုးအောင်နဲ့က အလုပ်သဘောအရ ပြောဆိုဆက်ဆံနေတာပဲရှိတော့တာပါ သက်လွှာရယ်။ တီလေးရင်ထဲမှာရှိတာ သက်လွှာတစ်ယောက်တည်းပဲ .. ဒါကိုတော့ ယုံကြည်ပေး "
သာယာတဲ့ ညနေခင်းလေးတစ်ခုမှာ ချစ်ရတဲ့အမျိုးသမီးလေးဟာ သူ့စိတ်ကို ပျော်ရွှင်အောင် ဖန်ဆင်းပေးခဲ့သည်။ ထိုစကားလေးတစ်ခွန်းနဲ့တင် အရာရာ လုံခြုံနွေးထွေးသွားသလို ခံစားလိုက်ရပါသည်။
ညနေစောင်း ၅ နာရီလောက်အချိန်တွင် သူတို့နှစ်ယောက် ဗိုလ်တစ်ထောင်ဘုရားနားက ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြသည်။ ပြီးတော့ Vintage Luxury Yacht ဆိုတဲ့ သဘောင်္အဖြူကြီးရဲ့ အပေါ်ဆုံးထပ်မှာ နေဝင်ဆည်းဆာကို ငေးကြည့်ကြရင်း Dinner အတူတူ စားခဲ့ကြ၏။
" တီလေးကို ပေးစရာရှိတယ် "
သူကိုယ်တိုင် သိုးမွှေးဖြင့်ထိုးပြီးလုပ်ထားတဲ့ အရုပ်သော့ချိတ်လေး။ ပုံစံက စက္ကူလေယာဉ်ပျံ ရုပ်လေးကို ပုံဖော်ပြီး ထိုးထားခြင်းဖြစ်၏။
" တီလေး သက်လွှာကို ပေးထားတဲ့ ဒီဆွဲကြိုးက ပုံလေးနဲ့ တူအောင် ကိုယ်တိုင်ထိုးထားတာ။ စက္ကူလေယာဉ်ပျံရုပ်လေးလေ .. တီလေးသိရဲ့လား ? သက်လွှာရဲ့ မှတ်ဥာဏ်ထဲမှာလေ တီလေးကို ဟောဒီ စက္ကူလေယာဉ်ပျံလေးနဲ့ ယှဉ်တွဲပြီး မှတ်ထားခဲ့မိတာ။ တီလေးရဲ့အိမ်ကို သက်လွှာ စရောက်လာခါစကပေါ့ ... လေထဲမှာ လွင့်ပြီး အောက်ကို ပျံဝဲကျလာတဲ့ အဲ့ဒီစက္ကူလေယာဉ်ပျံရုပ်လေးက သက်လွှာကို ပထမဦးဆုံး ပြန်ပြီး ပြုံးနိုင်အောင်လို့ ဖန်တီးပေးနိုင်ခဲ့တာ။ အဲ့ဒီစက္ကူလေယာဉ်ပျံလေးက တီလေး လုပ်ပြီး ပစ်လွှတ်လိုက်တာဆိုတာကို သက်လွှာ သိတယ်။ အခုအချိန်အထိ စာအုပ်ကြားထဲ ညှပ်သိမ်းထားမိတုန်း "
သူမက သူပေးလိုက်တဲ့ စက္ကူလေယာဉ်ပျံပုံစံ သိုးမွှေး သော့ချိတ်လေးကို လှမ်းယူ၍ တယုတယလေး ကိုင်ထားသည်။ သူပြောတာကို နားထောင်ပြီး ဖွဖွလေး ပြုံးကာ
" ကျေးဇူးအများကြီးတင်တယ်နော်။ အဲ့ဒီညတုန်းက ပြုံးပေးခဲ့တဲ့အတွက်ကော .. အခုလို အရုပ်လေးကို ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ အတွက်ပါ။ သေချာတန်ဖိုးထားပါ့မယ် "
မျက်ရည်ကြည်လေးတွေ ဝေ့နေတဲ့ မျက်ဝန်းညိုတွေနဲ့ သက်လွှာကို အတော်အတန်ကြာတဲ့အထိ ငေးကြည့်နေပြီးတဲ့နောက်မှာတော့ .. ။
" ရော့ ဒါလေးက တီလေးရဲ့ လက်ဆောင်။ တီလေးတို့ Relationship လေး ရက် ၅၀၀ ပြည့်တဲ့ အမှတ်တရအနေနဲ့ပေးတာပါ။ ရှေ့ဆက်ပြီး ရက်ပေါင်း မရေတွက်နိုင်လောက်တဲ့အထိကို တီလေးနဲ့ အတူတူ ရှိနေပေးပါဦးနော် ကလေးလေး "
" စိတ်ချနော် ... တီလေးရဲ့ဘေးမှာ အမြဲတမ်းရှိနေပေးပါ့မယ်လို့ သက်လွှာ ကတိပေးပါတယ် "
ပြုံးပြုံးလေးနဲ့ ကတိပေးပြီးတဲ့နောက်မှာတော့ သူမ ပေးထားတဲ့ ဘူးလေးကို သက်လွှာ ဖွင့်ကြည့်မိသည်။ Fujifilm Mini Evo Polaroid ကင်မရာလေးဖြစ်နေတော့ သက်လွှာ အံ့သြသွား၏။ ဒီကင်မရာလေးကို သူတအားလိုချင်နေခဲ့တာ။ လိုချင်နေတယ်ဆိုတာကိုလည်း ဘယ်သူ့ကိုမှ ဖွင့်မပြောခဲ့ဖူးဘူး။ ဒါကို သူမက ဘယ်လိုများ သိနေသလဲ ... မသိလျှင် စိတ်ချင်းပဲ ဆက်နေသလိုလို .. ။
" ဝါး .. Polaroid ကင်မရာလေးပဲ "
" အထဲမှာ Film sheets လေးတွေ တီလေး ထည့်ထားပေးပြီးသား။ တန်းပြီးရိုက်ရုံပဲ "
ကင်မရာဖွင့်ကြည့်ပြီးတာနဲ့ သက်လွှာ ပထမဦးဆုံး ရိုက်ဖြစ်ခဲ့သည့် ပုံက .. ဝိုင်ခွက်လေးကို ကိုင်ထားပြီး တစ်ဖက်က နေဝင်ချိန်ကို လှည့်ကြည့်နေတဲ့ သူမရဲ့ ဘေးတစောင်း ပုံရိပ်လေး။ Flash မီးက ဖျပ်ခနဲဖြစ်သွားတော့မှ သူမက သူဓာတ်ပုံရိုက်လိုက်မှန်းကို သတိထားမိပုံပေါ်သည်။
" ရိုက်မယ်ဆိုလည်း ပြောရောပေါ့ကွယ်။ သပ်သပ်ရပ်ရပ်ဖြစ်အောင်တောင် မပြင်ဆင်လိုက်ရဘူး "
အင်္ကျီစလေးကို အောက်သို့ သေချာဆွဲချပြီး သူမက ရှက်ပြုံးလေးဖြင့် ပြောနေသည်။
" တီလေးက ဘယ်လိုနေနေ လှပြီးသားပဲဟာကို။ ဒီမှာတွေ့လား "
ကင်မရာထဲမှ ထွက်လာတဲ့ ပုံလေးကို ဆေးခြောက်အောင် လှုပ်ခါပြီး သူမကို ပြလိုက်၏။
" ဒီပုံလေးကို ပိုက်ဆံအိတ်ထဲထည့်ပြီး သိမ်းထားရမယ်။ ဒါမှ ဘယ်သွားသွား တီလေးက အမြဲတမ်းပါနေမှာ ဟီး "
" ပေး အဲ့ဒီကင်မရာ။ တီလေးလည်း သက်လွှာရဲ့ပုံလေး တစ်ပုံလောက်ရိုက်ပြီး သိမ်းထားရအောင် "
" တစ်ယောက်တည်းပုံ မရိုက်နဲ့ နှစ်ယောက်ပုံရိုက်ပြီး ပိုက်ဆံအိတ်ထဲ ထည့်ထား။ ဒါမှ တီလေးမှာ ပိုင်ရှင်ရှိပြီးသားဆိုတာကို လူတွေသိမှာ .. အဟိ "
" ကောင်းပါပြီ မမလေးရှင့် "
မျက်စောင်းလေးထိုးကြည့်နေတဲ့ သူမရဲ့ ဘေးသို့ ပို၍တိုးကပ်လိုက်ပြီး Mini Evo ကင်မရာလေးဖြင့် စုံတွဲပုံလေးတစ်ပုံ ရိုက်ဖြစ်ခဲ့ကြသည်။ လိမ္မော်ရောင် နေလုံးကြီးက ရန်ကုန်မြစ်ထဲသို့ တစ်ခြမ်းလုံး နစ်ဝင်နေချေပြီ။ ဌက်လေးတွေကလည်း အိပ်တန်းဝင်ဖို့ ဟိုသည် ပျံသန်းလို့နေကြသည်။ သူနဲ့ သူမကတော့ လှပပြီး သာယာအေးချမ်းတဲ့ ညနေခင်း ရှုခင်းလေးကို အပြည့်အဝခံစားရင်း စကားတွေ ပြောလိုက်ကြ .. ရယ်မောလိုက်ကြဖြင့် .. ။
တည်ငြိမ်နေတဲ့ မြစ်ရေပြင်ထဲကို ကြီးမားတဲ့ ခဲကြီးတစ်လုံး ပြုတ်မကျလာခင် အချိန်လေးတစ်ခုမှာပေါ့လေ ...
သူတို့တွေ တကယ့်ကို ပျော်ရွှင်ခဲ့ကြဖူးသည်။
X X X X X
တကယ်တမ်းကျ ပြုတ်ကျလာတဲ့ ခဲလုံးကြီးက တစ်လုံးတည်း မဟုတ်၊ နှစ်လုံး တစ်ပြိုင်နက်တည်း ပြုတ်ကျလာခြင်းပင် ... ။
ဘယ်အချိန်မှာလဲ ဆိုတော့ ..
Final year 1st Semester ပြီးဆုံးခါနီး စာမေးပွဲဖြေဖို့ ၂ရက်လောက် အလို၌ .. ။
သက်လွှာက အခန်းရှေ့မှာ ရှိနေတဲ့ လသာဆောင်တွင် ထွက်ပြီး စာထိုင်လုပ်နေတာကို မြင်တော့ သိမ်မွေ့ထည်ကလည်း Laptop တစ်လုံးကို သယ်ဆောင်၍ အပြင်သို့ထွက်လာသည်။ ပြီးတော့ သက်လွှာ စာလုပ်နေတဲ့ ခုံဘေးနားမှာ လာထိုင်ပြီး အလုပ်လုပ်နေ၏။ ကြောင်လေး Elsa ကလည်း သိမ်မွေ့ထည်ကို တအားချစ်သည်။ ဘယ်သွားသွား အနောက်က တကောက်ကောက်ပင်။ ယခုလည်း အပြင်လိုက်ထွက်လာပြီး သူမရဲ့ ပေါင်ပေါ်မှာ အသာလေး တက်ကွေးလို့နေ၏။ အတော်ကြာတော့မှ ...
" သက်လွှာ .. "
" ရှင် "
" ညနက်နေပြီ ကလေးလေးရဲ့။ မနက်မှ စောစောထပြီး ဆက်လုပ်ပါတော့လား။ တော်ကြာ အိပ်ရေးပျက်တာတွေများပြီး စာမေးပွဲ ဖြေခါမှ နေမကောင်းဖြစ်နေဦးမယ် "
" ဟုတ်ဟုတ် တီလေး။ ဒါလေး အပြတ်ဖြတ်ပြီးရင် အိပ်မယ်နော်။ ဟုတ်သား .. ၁ နာရီတောင် ခွဲပြီပဲ။ တီလေးအရင် ဝင်အိပ်နှင့်ပါလား။ မနက်ကျရင် Company ကိုအစောကြီး သွားရမှာ မဟုတ်ဘူးလား။ မနက်ဖြန် လပတ်အစည်းအဝေးရှိတယ်ဆို "
" အင်း ဟုတ်တယ်။ ဒါပေမဲ့ သက်လွှာ ပြီးတဲ့အထိ စောင့်နေပေးမယ်။ အတူတူပဲ အိပ်ချင်လို့ ... "
Eyes smile လေးနဲ့အတူ ခပ်ချွဲချွဲလေသံလေးနဲ့ သူမက ပြောလာသည်။ လေတိုက်နေတာကြောင့် သူမရဲ့ ဆံနွယ်တွေက လေပေါ် ပျံဝဲလို့နေ၏။ ဒါ့အပြင် ဆွတ်နေကျ ရေမွှေးရနံ့လေးကလည်း သက်လွှာဆီသို့ ပျံ့လွင့်လို့လာသည်။
" အဲ့ဒါကြောင့် တအားချစ်နေရတာ "
လက်ထဲကိုင်ထားတဲ့ စာအုပ်ကို ရှေ့ကမှန်စားပွဲပေါ်မှာ ခဏချကာ ထရပ်၍ သိမ်မွေ့ထည်ရဲ့ နှုတ်ခမ်းဖျားလေးကို သက်လွှာ သွားနမ်းလိုက်လေသည်။
တကယ်တော့ အိမ်ရဲ့ ညာဘက်ထောင့်ခြမ်းမှာရှိနေတဲ့ ဘရန်စိုင်းရဲ့ အခန်းပြူတင်းပေါက်ကနေပြီး ကြည့်မည်ဆိုပါလျှင် လသာဆောင်ကို ဘေးတိုက်မြင်ကွင်းနဲ့ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါသည်။ ဒါ့ကြောင့် ထိုလသာဆောင်မှာ ထွက်ထိုင်ကြတဲ့ အချိန်တွေမှာဆိုလျှင် သူတို့နှစ်ယောက် အမြဲတမ်း သတိနဲ့ နေထိုင်ဖြစ်ကြသည်။ သို့ပေမဲ့ ဒီညမှာတော့ အတော်လေး ညနက်နေပြီမို့လို့ သက်လွှာရဲ့ဘက်မှ သတိလက်လွတ်ဖြင့် တစ်ချက်လေး နမ်းမိခဲ့ခြင်းသာ။ ဒါဟာလည်း တကယ့်ကို စက္ကန့်ပိုင်းလေးမျှသာ။ သို့ပေမဲ့လည်း ဘရန်စိုင်းဟာ ယခုညကျမှ အိပ်မရသေးလို့ဆိုပြီး အခန်းပြူတင်းပေါက်ဘေး၌ ဘေးတစောင်းလေးရပ်၍ စီးကရက် သောက်နေလေသည်။
သူ့ရဲ့အစ်မ သိမ်မွေ့ထည်က မန္တလေးမှာ ဟိုတယ် အသစ်ဆောက်လုပ်မည့် Project ကို သူ့ထံ မလွှဲအပ်ပေးပဲ တခြားလက်ထောက်တစ်ယောက်ဆီသုိ့ လွှဲအပ်တာဝန်ပေးခဲ့တာကြောင့် စိုင်း စိတ်ထဲ၌ နေမထိ ထိုင်မသာဖြစ်နေခဲ့သည်။ သူ့စိတ်ထဲမှာ အစ်မလုပ်သူက သူ့ကို မယုံကြည်တော့လို့ ဒီလို Project အသေးအမွှားလေးကိုတောင် လွှဲအပ်မပေးတော့တာဟု လိုရာဆွဲတွေးနေမိသည်။ ကြားထဲကနေ သွေးထိုးပြီး စကားနာထိုးပေးနေတဲ့ ချစ်သူရဲ့ စကားတွေကို နားယောင်မိနေတာကြောင့်လည်း ပါ၏။
စီးကရက်ကို ရှိုက်ရှိုက်ဖွာနေရင်း ထိုကဲ့သို့ Negative အတွေးတွေ တွေးနေမိတဲ့ အချိန်ကျမှ သက်လွှာက သိမ်မွေ့ထည်ကို နမ်းလိုက်တဲ့ မြင်ကွင်းအား စိုင်း တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့ရခြင်းပင်။
" ဟာ .. တောက်။ ဒီကောင်မလေး ငါ့အစ်မကိုများ ... မိုက်ရိုင်းလိုက်တဲ့ဟာလေး "
" တောက် ... "
" ဝုန်း "
ပြင်းထန်တဲ့ တောက်ခေါက်သံနဲ့အတူ စိုင်း တံခါးကို ဝုန်းခနဲ ဆွဲဖွင့်၍ သိမ်မွေ့ထည်ရဲ့ အခန်းရှိရာဆီသို့ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာခဲ့၏။ ခါတိုင်းဆိုလျှင် အစ်မလုပ်သူရဲ့ အခန်းထဲကို ဝင်မည်ဆိုပါက ဦးစွာ တံခါးခေါက်တတ်သည့် စိုင်းမှာ ယခုတော့ ဘာခွင့်မှမတောင်း။ တံခါးလည်း မခေါက်ပဲ အခန်းထဲသို့ ဒေါသတကြီး ဝင်လာခဲ့လေသည်။ စိုင်းရဲ့ ခြေလှမ်းတွေက အခန်းအပြင်ဘက်က လသာဆောင်ရှိရာဆီသို့ ဦးတည်လျက် ... ။
နှစ်ယောက်သား ရယ်မောပျော်ရွှင်နေကြတဲ့ သိမ်မွေ့ထည်နဲ့ သက်လွှာလည်း ဘီလူးဆိုင်းတီးပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတဲ့ စိုင်းကို မြင်တော့ တအံ့တသြဖြစ်သွားကြသည်။ သိမ်မွေ့ထည်ရဲ့ ပေါင်ပေါ်မှာ တက်ကွေးနေတဲ့ ကြောင်ဖြူလေး Elsa ပင်လျှင် ကြောက်လန့်တကြာဖြင့် ချက်ချင်းခုန်ဆင်းသွား၏။
" ချစ်သက်လွှာ မင်း .. "
သိမ်မွေ့ထည်ရဲ့ ဘေးမှာရှိနေတဲ့ သက်လွှာကို စိုင်း အားဖြင့် ဆောင့်တွန်းချလိုက်လေရာ အနောက်သို့လန်ပြီး အရှိန်ဖြင့်လဲကျသွားခဲ့သည်။
" ဘရန်စိုင်း မင်းဒါဘာလုပ်တာလဲ "
သြဇာအပြည့်ဖြင့် ဟိန်းထွက်လာတဲ့ အော်သံနဲ့အတူ သိမ်မွေ့ထည်သည် စိုင်းရဲ့ လက်မောင်းကို အားဖြင့် ဆောင့်ဆွဲလိုက်ရင်း လက်ဖဝါးကို လေထဲသို့ မြှောက်ချလိုက်မိသည်။ သို့ပေမဲ့ သူ့ရဲ့ လက်ဖဝါးနုနုက စိုင်းရဲ့ ပါးပေါ်သို့ မကျရောက်သေးပဲ လေထဲမှာတင် ရပ်တံ့နေခဲ့သည်။
" ရိုက်လိုက်စမ်းပါ မမရယ်။ မမရိုက်ချင် ရိုက်ချလိုက်စမ်းပါ။ ဒီကောင်မလေး မမကို အမြင်မတော်တာတွေ လုပ်နေတာကို ကျွန်တော်လက်ပိုက်ပြီး ရပ်မကြည့်နေနိုင်တော့ဘူး "
ရင်ဘတ်ကိုထု၍ ဒေါသတကြီး အော်ပြောနေတဲ့ စိုင်းကို သိမ်မွေ့ထည် နီရဲတက်လာတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေမိသည်။ ရိုက်ဖို့ဟန်ပြင်ထားတဲ့လက်ကို ပြန်ချရင်း မျက်လုံးပြူးပြူးလေးနဲ့ စိုက်ကြည့်နေတဲ့ သက်လွှာဆီသို့ အမြန်သွားကာ အရင် ဆွဲထူပေးလိုက်လေသည်။ ပြီးတော့မှ သူ့မောင်ဘက်သို့ လှည့်၍
" ငါနဲ့ သက်လွှာနဲ့က တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ဝင်နေကြတာ ကြာပြီ။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်လည်း အိမ်မှာရှိတဲ့လူအားလုံးကို အသိပေးဖို့ တွေးထားခဲ့ပြီးသား .. "
" မဖြစ်နိုင်တာ။ မဖြစ်နိုင်တာ မမရာ။ မမတို့နှစ်ယောက်လုံးက မိန်းကလေးတွေလေ "
မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ အစ်မလုပ်သူကို စိုင်း ပြန်စိုက်ကြည့်ရင်း ရေရွတ်လို့နေသည်။ သက်လွှာကိုလည်း မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်ပြီး
" မင်းငါ့အစ်မကို စောစောကလိုပဲ မြူဆွယ်ဖျားယောင်ခဲ့တာ မဟုတ်လား ချစ်သက်လွှာ။ မင်းဟာ တကယ့်ကို ဂြိုလ်ဆိုးပဲ။ ငါ့မမအတွက် ငါတို့အိမ်အတွက် မင်းဟာ တကယ့်ကို ဂြိုလ်ဆိုးပဲကွ "
" တော်တော့ စိုင်း "
သက်လွှာကို ဖက်ပေးထားရင်းနဲ့ သိမ်မွေ့ထည်သည် ဒေါသတကြီး အော်ပြောလိုက်သည်။ ဒါပေမဲ့ စိုင်းဟာ ရပ်တံ့မသွား။ သူပြောချင်နေတာတွေကို ဒေါနဲ့မောနဲ့ ဆက်တိုက်အော်ပြောနေသည်။
" မင်းရဲ့ မိဘတွေသေသွားလို့ ငါ့အစ်မကို လက်စားချေဖို့အတွက် အခုလို မြူဆွယ်နေတာ မဟုတ်လား .. ပြောစမ်း "
" တော်တော့လို့ ငါပြောနေတယ်လေ "
" ဖြန်း ..... "
ဖြန်းခနဲ ထွက်ပေါ်လာတဲ့ အသံနဲ့အတူ စိုင်းရဲ့ ခေါင်းဟာ ဘေးသို့ ချာခနဲလည်ထွက်သွား၏။ ပါးပြင်မှာလည်း သိမ်မွေ့ထည် ရိုက်ချလိုက်တဲ့ လက်ဖဝါးရာကြီးက အထင်းသား။
" မမ ... မမတစ်နေ့ ဒုက္ခလှလှတွေ့လိမ့်မယ်။ ဒီကောင်မလေးကြောင့် တည်ငြိမ်နေတဲ့ မမရဲ့ဘဝက တစ်စစီ စုတ်ပြတ်သတ်သွားနိုင်တယ်ဆိုတာကိုရော မမသိရဲ့လား "
" ဒီမှာ ဘရန်စိုင်း ... မင်းရွေးချယ်ခဲ့တဲ့လူက ငါနဲ့ ပြိုင်ဘက်ဖြစ်နေခဲ့တာတောင်မှ မင်းရဲ့ နှလုံးသားရေးရာ ကိစ္စကို ငါဘာမှဝင်ပြီး မစွက်ဖက်ခဲ့ဖူးဘူး။ ငါမသိချင်ယောင်ပဲ ဆောင်နေပေးခဲ့တာ။ အေး .. အဲ့ဒါကြောင့် ငါ့ရဲ့ကိစ္စကိုလည်း မင်းဘာမှဝင်ပြီး မစွက်ဖက်ပါနဲ့ "
စိုင်းက မျက်ရည်စတွေ ဆို့တက်နေပြီး နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်းနဲ့ အော်ဟစ်ပြောဆိုသည်။ သိမ်မွေ့ထည်ကလည်း ဒေါသအရမ်းထွက်နေတဲ့အချိန်မို့ တအားခက်ထန်ပြီး မာကျောလွန်းလှတဲ့ လေသံမျိုးနဲ့ မောင်လုပ်သူကို စူးစူးရှရှ စိုက်ကြည့်နေရင်း ပြန်ပြောလေသည်။ သူမရဲ့ဘဝတွင် ဤမျှလောက်အထိ ဘယ်တုန်းကမှ မခက်ထန်ဖူးသလို၊ ရင့်ရင့်သီးသီးလည်း မဆက်ဆံဖူးခဲ့။ ယခုမှသာ သက်လွှာ အတွက်နဲ့ ... ။
" ဟက် ... ကောင်းပြီ။ ကောင်းပြီလေ။ မမထိုက်နဲ့ မမကံပဲ။ တစ်နေ့နေ့ ကျွန်တော်ပြောသလိုဖြစ်လာတော့မှ နောင်တမရပါစေနဲ့ "
လသာဆောင်မှ ဘရန်စိုင်း ဒေါနဲ့မောနဲ့ ပြန်ထွက်သွားတဲ့အချိန်အထိ သိမ်မွေ့ထည်ဟာ တင်းတင်းကျပ်ကျပ်ဆုပ်ထားမိတဲ့ လက်သီးဆုပ်ကို ပြန်ပြီး မဖြည်လျော့သေး။ မျက်ဝန်းထဲမှာလည်း မျက်ရည်စတွေက ဝဲလို့ .. ။ မျက်ခမ်းစပ်တွေကလည်း နီမြန်းလျက် .. ။
" တောင်းပန်ပါတယ် .. သက်လွှာ အနေအထိုင် မဆင်ခြင်မိလို့ဖြစ်ရတာပါ။ တကယ်တောင်းပန်ပါတယ် တီလေးရယ် "
ယခုမှ တပေါက်ပေါက် စီးကျလာတဲ့ သိမ်မွေ့ထည်ရဲ့ မျက်ရည်စတွေကို သက်လွှာ အသာလေးသုတ်ပေးရင်း မျက်နှာငယ်လေးနဲ့ အကြိမ်ကြိမ် တောင်းပန်နေမိသည်။ ထိုအခါ သိမ်မွေ့ထည်သည် သက်လွှာကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားပေးရင်း
" တောင်းပန်ရမှာ တီလေးပါကွယ်။ စိုင်း ပြောခဲ့တဲ့ စကားတွေအတွက် တီလေးပဲ ကိုယ်စားတောင်းပန်ပါတယ် ကလေးလေးရယ် "
သက်လွှာကို ဖက်ပေးထားရင်း သူ့မောင်ကို ရိုက်ချခဲ့မိတဲ့ ညာဘက်လက်ဖဝါးအား ကျစ်နေအောင် သူဆုပ်ထားမိသည်။ ထိုလက်လေးဟာ တဆတ်ဆတ်တုန်ယင်လျက် .. ။ ဒေါသဖြင့် သူအမှားတစ်ခု ပြုလုပ်ခဲ့မိပြီဆိုတာကို သိနေပါသော်လည်း သိမ်မွေ့ထည်သည် ယခုည ဖြစ်ရပ်အတွက် ဘယ်သောအခါမှ နောင်တရလိမ့်မည် မဟုတ်ချေ .. ။
ထပ်တူညီတဲ့ ဖြစ်ရပ်မျိုး ထပ်မံကြုံတွေ့ရဦးမည် ဆိုလျှင်လည်း ယခုကဲ့သို့ပင် သက်လွှာရဲ့ရှေ့ကနေပြီး မားမားမတ်မတ်ရပ်၍ သူကာကွယ်ပေးမိဦးမည် ထင်ပါသည်။
X X X X X
မနက်ရောက်တော့ ဒုတိယ မုန်တိုင်းတစ်ခုကို ကြုံတွေ့ရပြန်သည်။
" သက်လွှာရေ .. ပြဿနာတော့ တက်ပြီဟေ့။ Facebook က ငါတို့ကျောင်းရဲ့ Group ထဲမှာ နင်နဲ့ .. နင်နဲ့ အန်တီနဲ့ ဟို .. ဟို နမ်းနေကြတဲ့ ပုံတွေတင်ထားတယ်ဟာ။ Post မှာ ရေးထားတဲ့ စာတွေကလည်း နင့်ကိုတင် မကဘူး .. အန်တီ့ရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေမဲ့ စကားလုံးမျိုးတွေနဲ့ တိုက်ခိုက်ထားတာ။ Account က Fake account သုံးပြီးတော့ တင်သွားတာ သက်လွှာ "
ပြည်ဖူး ဖုန်းဆက်ပြောတော့ သက်လွှာ အလန့်တကြားဖြင့် လိုင်းပေါ်အမြန် တက်ကြည့်မိတော့သည်။
Group ထဲမှာ တင်ထားတဲ့ ပုံတွေနဲ့ စာတွေကိုမြင်တော့ သက်လွှာ ဒေါသတအားထွက်ပြီး အသားတွေတောင် တဆတ်ဆတ်တုန်တက်လို့ လာသည်။
ဟိုတစ်နေ့က ကျောင်းကို သူ့တီလေး လာကြိုတဲ့ညနေခင်းမှာ နှုတ်ခမ်းကို ဖွဖွလေး သူငုံ့နမ်းလိုက်မိတဲ့ အခိုက်တံ့က ပုံတွေ ... လေးငါးပုံလောက်ရှိသည်။
တပ်ထားတဲ့ Caption က ...
'တစ်ယောက်ကလည်း သူ့ image ကိုမှ မထောက်၊ တကယ်ကို မွေး - စားတယ်။ နောက်တစ်ယောက်ကလည်း ကိုယ့်မိဘ မျက်နှာကိုမှ မထောက်၊ မိဘကို သတ်ခဲ့တဲ့ တရားခံဆီမှာ ချူစားနေတယ်'
" ဟာ .. တောက် .. "
ဒေါသအကြီးအကျယ်ထွက်သွားပြီး သက်လွှာ ချက်ချင်းပဲ ပြည့်ဖူးနဲ့ တာရာတို့နှစ်ယောက်နဲ့ Video call ပြောတော့သည်။
" ငါ့ကို အဲ့လိုစကားလုံးတွေနဲ့ တိုက်ခိုက်မဲ့လူက ဇင်လှိုင်မြင့် တစ်ယောက်တည်းပဲရှိတယ်။ ငါသူနဲ့ တိုက်ရိုက်ရှင်းမှရတော့မယ်။ အဲ့ဒီကောင်မ ငါ့ကို ဒုက္ခပေးပေါင်းများပြီ။ အခုသူတင်တဲ့ post သာ group အပြင်ဘက်အထိ ပြန့်သွားခဲ့မယ်ဆိုရင် တီလေးအတွက် မကောင်းဘူး။ ငါ့ထက် တီလေးက ပိုပြီး ထိခိုက်မှာ .. "
" အဲ့အတွက် မပူနဲ့သက်လွှာ။ Group admin က စစ်ငြိမ်း။ ငါသူ့ကို ဖုန်းဆက်ပြောထားတယ် "
တာရာက ပြောတော့ ပြည့်ဖူးက
" ငါအခုတင် ထပ်တက်ကြည့်နေတာ။ အဲ့ post မရှိတော့ဘူး။ Admin ကဖျက်ချလိုက်ပြီထင်တယ် "
သို့သော်လည်း ပြဿနာက ဒီမှာတင် မပြီးသွားသေး။ Post ကို ဖျက်မချမီ အချိန်တိုလေး အတွင်းမှာက သတင်းက group အပြင်ဘက်အထိ ပျံ့နှံ့သွားခဲ့ပြီးပြီ။ Group က Public group ဖြစ်တာကြောင့် ကျောင်းသား ကျောင်းသူတချို့က Post ကို ဝိုင်း share ထားခဲ့ကြသည်။ တချို့ကလည်း အားပေးသလိုမျိုး၊ အားကျကြသလိုမျိုး ပြောဆိုကြပြန်သည်။ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ သူဌေးမတစ်ယောက်ကို ချစ်သူအဖြစ် ပိုင်ဆိုင်ခွင့်ရထားတဲ့ သက်လွှာကို အားကျနေကြသည်လေ။ ဒါပေမဲ့ အများစုကတော့ သက်လွှာကို အပုတ်ချပြီး ရွံ့စရာကောင်းတယ် ဘာဘာညာညာဆိုပြီး ပြောဆိုထားကြတာက များ၏။
Post ကို ဖျက်ချပစ်လိုက်တာတောင်မှ Screen shot ရိုက်ယူထားကြတဲ့ လူတစ်ချို့က Public နဲ့ post အသစ်ကို ထင်မြင်ချက်အမျိုးမျိုး ပြန်ရေးပြီး တင်ကြပြန်သည်။ ထို့ကြောင့် သက်လွှာ အနေနဲ့ ယတိပြတ်တားဆီးနိုင်ဖို့ဆိုတာက ဘယ်လိုမှ မလွယ်ကူတော့ပါ။
ထိုဂယက်ဟာ သက်လွှာကိုသာမက သိမ်မွေ့ထည်ကိုပါ အကြီးအကျယ် ထိခိုက်စေခဲ့သည်။
X X X X X
(Author Note : ဒီ Elegant ဆိုတဲ့ ဇာတ်လမ်းလေးက ဖတ်ရတာ စိတ်ကို စွဲဆောင်နိုင်စွမ်းကော ရှိရဲ့လားဟင် ?
ဒီ Fic လေးကို မိုး အလုပ်တစ်ဖက်နဲ့ အပတ်တိုင်း ပုံမှန် Update တင်ပေးနိုင်ဖို့ကို ကြိုးစားရေးပေးနေပါတယ်။ ဒါပေမဲ့ ဒီ Fic လေးရဲ့ Ongoing Viewer က Room No.301 နဲ့ နှောင်ကြိုးရဲ့ Ongoing Viewer စံချိန်ကို လုံးဝမမီပဲ သိသိသာသာကြီး ထိုးကျနေလို့ ဆက်သာရေးနေရတယ်ဆိုပေမဲ့ စိတ်အားငယ်မိတယ်။ 🥺
ငါရေးတဲ့ ဇာတ်လမ်းကပဲ အရင်က ဇာတ်လမ်းတွေလို သိပ်ပြီးစွဲဆောင်မှု မရှိလို့လားလို့တွေးမိရင်း depression တွေ ဝင်ဝင်လာတယ် 😔
ဒါ့ကြောင့် ရေးရတာ အားရှိအောင်လို့၊ မိုး ဆက်ပြီးရေးနိုင်ဖို့အတွက် Fic လေးက ဖတ်လို့ အဆင်ပြေ၊ မပြေ ဆိုတာလေး ပြောပေးကြပါဦးနော် 🥺
ပြီးရင်လည်း ဒီ Elegant လေးကို ဖတ်ရှုနေကြတဲ့ စာဖတ် ပရိတ်သတ်တွေထဲမှာ Fic Review ရေးတင်ပေးတတ်တဲ့သူတွေ ရှိနေရင်လည်း မိမိရဲ့ page သို့မဟုတ် account လေးတွေမှာ Review လေးတွေ ရေးပြီးတင်ပေးကြပါဦးလို့ တောင်းဆိုပါရစေရှင် 🤍🙏 )
Continue Reading
You'll Also Like
312K 20.6K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
39.8K 3K 25
109K 6.4K 20
နှဦေး ... ။ နွေဦး ဆိုပေမဲ့လို့ သာမန်နွေဦးရာသီတစ်ခုနဲ့ မတူညီတဲ့ ပူပြင်းလွန်းတဲ့ နွေဦး ... ။ ဟုတ်တယ် ... နွေဦး ဟာသိပ်ကိုပူပြင်ခြောက်သွေ့လွန်းတယ် .. ။...
552K 25.5K 68
ကလေး တခြားဟာ ဘာမှမသိဘူး သိလည်း မသိချင်ဘူး ကလေး သိတာ ကလေး မမကိုချစ်တာ တစ်ခုပဲ။ *ဖူးအိန္ဒြာ* က...