Elegant

By JE_Rain

203K 20.4K 2.2K

လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) More

1 (Unicode)
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Unicode)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
8 (Zawgyi)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
12 (Zawgyi)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
19 (Zawgyi)
20 (Unicode)
20 (Zawgyi)
21 (Unicode)
21 (Zawgyi)
22 (Unicode)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
29 (Unicode)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)

28 (Zawgyi)

678 15 1
By JE_Rain

" ကဲ အချိန်တွေ ကြာမှ ပြန်တွေ့ကြတဲ့ မိတ်ဆွေနှစ်ဦးဆိုတော့ စကားအေးအေးဆေးဆေး ပြောကြပါဦး။ ကိုယ်တော့ ဟိုဘက်ကို ခဏသွားဧည့်ခံလိုက်ဦးမယ်နော် "

Emma သည် ခပ်ပြုံးပြုံးနဲ့ပြောပြီး လှည့်ထွက်သွား၏။ ထိုအခါမှ ပြည့်ဖြိုးအောင်က သိမ်မွေ့ထည်ရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်ရင်း လေသံအေးအေးလေးနဲ့ စကားစဆိုသည်။

" အစစအရာရာ အဆင်ပြေရဲ့လား ငယ် "

ပြည့်ဖြိုးအောင်ရဲ့ မေးခွန်းကို သိမ်မွေ့ထည် ပြန်မဖြေသေးပဲ လက်ထဲကိုင်ထားတဲ့ ကော့တေးတစ်ခွက်လုံးကို တစ်ချိုက်တည်း ကုန်အောင် မော့သောက်ပစ်နေသည်။ ပြီးမှ အသက်ကို တစ်ဆုံးရှိုက်ရှုရင်း ပြည့်ဖြိုးအောင်ရဲ့ မျက်နှာအား စူးရှတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လိုက်၏။

" သိမ်မွေ့ထည်လို့ပဲ ခေါ်ပါတော့လား ကိုပြည့်ဖြိုးရယ် "

ခနဲ့သလို အပြုံးလေးတစ်ခုဖန်ဆင်းရင်း သူပြောချလိုက်တော့ ဟိုက ပျာပျာသလဲ ပြန်တောင်းပန်သည်။

" အာ .. Sorry .. sorry ပါ။ နောက်ဆို အပြောအဆိုကို ကိုယ်ပိုပြီး ဂရုစိုက်ပါ့မယ် "

" အခု ကျွန်မက အတော်လေး အဆင်ပြေနေပါပြီ။ ကိုယ့်ဘဝနဲ့ကိုယ် လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရနေပြီလေ။ ကိုပြည့်ဖြိုးရော အဆင်ပြေတယ် မဟုတ်လား "

" အင်း ပြေပါတယ်။ ကိုယ်က ပြီးခဲ့တဲ့ ၂လလောက်ကမှ နိုင်ငံခြားကနေ ပြန်လာခဲ့တာ။ U.K မှာရှိတဲ့ The One ကုမ္ပဏီက အခု မြန်မာနိုင်ငံမှာ အခြေစိုက်ရုံးခွဲလာဖွင့်ထားပြီလေ။ ကိုယ်က အဲ့ဒါကို ဦးစီးပေးဖို့ ရောက်လာတာ "

" သြော် The One က ဒီမှာတောင် အခြေစိုက်ရုံး လာဖွင့်ထားပြီပေါ့.. "

" အင်း .. အခုလတ်တလောတော့ Cement နဲ့ အလူမီနီယံတံခါးတွေလောက်ပဲ ရောက်သေးတယ်။ မြန်မာပြည်ဈေးကွက်မှာ လူသိများလာဖို့ကိုတော့ အခုမှ ကိုယ်စပြီး ကြိုးစားကြည့်ရမှာ "

" The One ဆိုတဲ့ Brand က Europe ဈေးကွက်မှာ Top 1 to 5 list ထဲဝင်တဲ့ Brand တစ်ခုပဲလေ။ ဘာများ လူသိများအောင် တကူးတက ကြိုးစားနေစရာ လိုဦးမှာလဲ။ အခုလို ဒီမှာ အခြေစိုက်ရုံး လာဖွင့်ပေးတာကိုတောင် ကျွန်မတို့က ဝမ်းသာရဦးမှာ "

" ဒါပေမဲ့ မြန်မာ့ဈေးကွက်မှာ ထိုးဖောက်နိုင်ဖို့ကိုတော့ တော်တော်လုပ်ယူရဦးမှာပါ။ ဒီမှာက တရုတ်နဲ့ ယိုးဒယားဘက်က Cement တွေလောက်ပဲ တွင်တွင်ကျယ်ကျယ် သုံးနေကြတာ မဟုတ်လား "

" ဘာပဲဖြစ်ဖြစ် The One ကတော့ The One ပဲလေ။ ကျွန်မတို့လို အကောင်းကြိုက်တဲ့လူတွေကတော့ ဒီ Brand ကိုပဲ ရွေးခြယ်မှာပါ "

" ဆိုလိုတာက အခုကတည်းက ကိုယ်နဲ့ လက်တွဲပြီးလုပ်မယ်လို့ ပြောချင်တာလား "

ပြည့်ဖြိုးအောင်က ရယ်ရယ်မောမောနဲ့ ပြောတော့ သိမ်မွေ့ထည် ခါးသက်စွာ ပြုံးမိသည်။

" ဟုတ်တယ် .. ကိုပြည့်ဖြိုးရဲ့ ကုမ္ပဏီနဲ့ပေါ့ "

သိမ်မွေ့ထည် တုံ့ပြန်လိုက်တဲ့ စကားကြောင့် ပြည့်ဖြိုးအောင်  ယဲ့ယဲ့လေးသာ ပြုံးနိုင်ခဲ့သည်။ 

" ကိုယ်က စိတ်ပူနေခဲ့တာ။ ကိုယ်နဲ့အတူ တွဲလုပ်ပါ့မလားလို့လေ "

" ဒါက စိတ်ပူရမဲ့ ကိစ္စမှမဟုတ်ပဲ။ ကျွန်မက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ရောနှောတတ်တဲ့ လူစားမျိုးမှ မဟုတ်တာ "

စကားကို အဆုံးသတ်၍ ဘေးဘက်ကို လှည့်ကြည့်မိတော့ သက်လွှာက ရှိမနေတော့။ ပါတီပွဲကျင်းပရာ နေရာအနှံ့ကို သိမ်မွေ့ထည် မျက်စိကစားပြီး ကြည့်နေမိသော်လည်း သက်လွှာကို မတွေ့။ ဒါ့ကြောင့် သူစိတ်ပူသွားသည်။ အနားက စားပွဲခုံပေါ်မှာ တင်ထားမိခဲ့တဲ့ လက်ကိုင်အိတ်ကို သွားယူဖို့ ဟန်ပြင်နေသည့် အချိန်၌

" ကိုယ်သတင်းကြားမိခဲ့ပါတယ်။ သိမ်မွေ့ Accident ဖြစ်ခဲ့တဲ့ သတင်းကိုပေါ့။ အဲ့ဒီတုန်းက တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ ဒါပေမဲ့ သိမ်မွေ့ အခုလိုပြန်ပြီး ကျန်းမာလာမယ်လို့ ကိုယ်ယုံကြည်ထားပြီးသားပါ။ သိမ်မွေ့ ဘယ်လောက်အထိ စိတ်ဓာတ်ခိုင်မာတယ်ဆိုတာကို ကိုယ်အသိဆုံးမို့လို့လေ .. "

စကားကို အဆုံးအထိ နားထောင်နေမိသော်လည်း သူဘာမျှ ပြန်မပြောဖြစ်။ ဖျော့တော့တဲ့ အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်ခဲ့သည်။

" ကျွန်မကို သွားခွင့်ပြုပါဦး "

လက်ကိုင်အိတ်ကို ယူ၍ ထိုနေရာမှ အမြန်လှည့်ထွက်ကာ သက်လွှာဆီသို့ ကပျာကယာဖုန်းခေါ်နေမိတော့သည်။

' တူ ... တူ .. လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားလပ်သေးပါသဖြင့် .. ´

ဖုန်းက ဝင်သွားပြီးတော့မှ မအားလပ်ဘူးဆိုကတည်းက သက်လွှာဘက်မှ ချသွားခြင်းဖြစ်မှန်း သိမ်မွေ့ထည် တန်းသိလိုက်သည်။

" ဒုက္ခပါပဲ။ ဘယ်ရောက်သွားတာပါလိမ့် .. "

ဖုန်းထပ်ခေါ်ကြည့်ပေမဲ့ မကိုင်။ ဒါ့ကြောင့် ကားရပ်ထားတဲ့နေရာနားသို့ တုတ်ကောက်တစ်ဖက်ဖြင့် သွက်သွက်လေး ထွက်လာခဲ့မိတော့သည်။ Emma ကိုတောင် နှုတ်မဆက်ခဲ့မိတော့။

ကားနားရောက်တော့ သူထင်ထားတဲ့ အတို်င်းပင်။ သက်လွှာက ကားပေါ်မှာထိုင်ပြီး စတီလ်ယာတိုင်ပေါ် ခေါင်းကို မှောက်ချထားသည်။

" ဒေါက် ဒေါက် .. "

" သက်လွှာ .. သက်လွှာ .. ကလေးလေး တံခါးဖွင့်ပေးပါဦး "

အမြန်လျှောက်လာရတာကြောင့် မောဟိုက်နေတဲ့လေသံနဲ့ သူပြောလိုက်မှ သက်လွှာက ခေါင်းထောင်လာပြီး ကားတံခါးကို ဖွင့်ပေးသည်။ ကားပေါ်ရောက်တာနဲ့ အမှောင်ချထားတဲ့ ကားထဲက မီးခလုပ်လေးကို ထောက်ခနဲ သူဖွင့်ချလိုက်မိသည်။ ထိုအခါမှ နီရဲမို့အစ်နေတဲ့ သက်လွှာရဲ့ မျက်လုံးတွေကိုမြင်ပြီး သိမ်မွေ့ထည် အထိတ်တလန့်ဖြစ်သွားရသည်။

" ငိုထားတာလား သက်လွှာ။ ဘာလို့လဲ ဘာလို့ငိုတာလဲဟင် "

" ဘာဖြစ်လို့လဲ တီလေးကို ပြောပြပါဦး ကလေးလေးရယ်။ တီလေး ရင်တွေပူလှပြီကွယ် "

ရင်ခွင်ထဲဆွဲသွင်းထားပြီး တဖွဖွမေးနေမိသော်လည်း သက်လွှာဆီမှ အဖြေစကားကို ပြန်မကြားရသေး။ ဒါ့ကြောင့် ခေါင်းလေးကို ဖွဖွလေးပွတ်ပေးရင် ဦးခေါင်းထိပ်ကို တစ်ချက်ပြီးတစ်ချက် ငုံ့နမ်းနေမိသည်။

" တီလေး အဲ့ဒီလူကို ချစ်နေသေးတယ် မဟုတ်လားဟင် "

အချိန်အတော်လေးကြာမှ ငိုသံနဲ့အတူ ပေါ်ထွက်လာတဲ့ သက်လွှာရဲ့စကားကြောင့် သိမ်မွေ့ထည် တအံ့တသြဖြစ်သွားခဲ့ရသည်။ ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေမိတော့ သက်လွှာက

" ဟိုးအရင်က တီလေးရှင်သန်ခဲ့ရတဲ့ ဘဝအကြောင်းကို သိချင်မိလို့ ပြောပြပေးပါဆိုပြီး အစ်မဆုကို တောင်းဆိုခဲ့မိဖူးတယ်။ အဲ့ဒီတုန်းက သိခဲ့ရတာ။ ပြည့်ဖြိုးအောင်ဆိုတဲ့ တီလေးရဲ့ ငယ်ချစ်ဦး နာမည်ကိုပေါ့ "

သိမ်မွေ့ထည် ဘာမျှပြန်မပြောနိုင်သေးပဲ သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။ သူ့ကလေးလေးရဲ့ စိတ်ထဲမှာ အထင်အမြင်လွဲမှားသွားမှာမျိုးကိုတော့ သူလုံးဝ မလိုလားပါ။

" သက်လွှာ ... တီလေးကို ကြည့်။ တီလေးမျက်နှာကို သေချာကြည့်ပါဦး သက်လွှာရယ် "

သက်လွှာရဲ့ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ အသာအယာဆုပ်ကိုင်ထားရင်း သူပြောမိတော့ ထိုကလေးက ဖြည်းဖြည်းချင်းဆီ မျက်လွှာလေးပင့်ကြည့်သည်။

" ဟုတ်တယ် တီလေးတက္ကသိုလ်ကျောင်းသူအရွယ်မှာ ကိုပြည့်နဲ့ မေတ္တာမျှပြီး ချစ်ကြိုက်ခဲ့ဖူးတယ်။ အချိန်တွေ အကြာကြီးနေတော့မှ အခုလိုပြန်တွေ့ရတော့ အံ့သြမိသလို စိတ်ထဲမှာ အနည်းနဲ့ အများတော့ ခံစားလိုက်ရတယ် "

သူပြောနေတုန်းမှာပဲ သက်လွှာက မျက်ရည်တွေ တပေါက်ပေါက်ကျလာတော့ သူ့ခမျာ အသည်းအသန်ပြန်ချော့ရပါတော့သည်။

" မငိုပါနဲ့ သက်လွှာရယ် တီလေးပြောပြတာကို ဆုံးအောင်နားထောင်ပေးပါနော် "

မျက်ရည်တွေကို သုတ်ပေးပြီး သူပြောလိုက်မှ ထိုကလေးက ခေါင်းလေးညိတ်သည်။ လိမ္မာလွန်းတဲ့ ကလေးလေးကိုမှ မျက်ရည်ကျအောင် လုပ်မိခဲ့တဲ့အတွက် သူကိုယ်တိုင်လည်း အတော်လေး ဝမ်းနည်းနေသည်။

" ခံစားရတယ်ဆိုတာက ချစ်တယ် မုန်းတယ်ဆိုတဲ့ ခံစားချက်မျိုး မဟုတ်ဘူး သက်လွှာ။ ဟိုးအရင်တုန်းက အချိန်အတော်ကြီးကြာအောင် တီလေး ပြိုလဲပျက်စီးခဲ့ရတဲ့အချိန်တွေ .. နာကျင်ဝမ်းနည်းခဲ့ရတဲ့အချိန်တွေ ... အဲ့လို အကျည်းတန်ခဲ့တဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်အမှတ်ရသွားခဲ့လို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်မျိုးပါ။ တကယ် တီလေး ကျိန်ပြောရဲပါတယ်။ ကိုပြည့်အပေါ်မှာ တီလေး ဘာခံစားချက်မှကို ရှိမနေတော့တာပါကွယ် "

" အဲ့လို ကိုပြည့် ကိုပြည့်နဲ့ မခေါ်ပါနဲ့လား။ ရင်ထဲက စူးနေအောင် အောင့်လို့ပါ တကယ် "

အသံစူးစူးလေးနဲ့ သက်လွှာဟာ အော်ပြောတော့ သိမ်မွေ့ထည် ပို၍ပျာပျာသလဲ ဖြစ်သွားသည်။

" အေးပါကွယ် အေးပါ။ နောက်ဆို အဲ့လိုလုံးဝ မခေါ်တော့ဘူး။ မငိုနဲ့တော့ တိတ်တော့နော် ကလေးလေး "

ငိုနေတဲ့ ထိုကလေးရဲ့ နဖူး၊ နှာတံနဲ့ နှာခေါင်းထိပ်လုံးလုံးလေးကို သိမ်မွေ့ထည် အနမ်းတွေပေး၍ ကလေးကို ပြန်ချော့နေရပါတော့သည်။

X    X    X    X    X

" ဟာ တီလေးရာ .. အဲ့လိုကြီး ကြည့်မနေပါနဲ့ဆို။ လူက ရှက်ရတဲ့ကြားထဲ "

ယနေ့ဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမထဲမှာ  သက်လွှာ B-tech ဘွဲ့ယူမဲ့နေ့။ မှန်တင်ခုံရှေ့မှာ မိတ်ကပ် Artist က ပြင်ဆင်ခြယ်သပေးနေသမျှကို ငြိမ်သက်စွာ ခံယူနေရတဲ့ သက်လွှာရယ် .. ။
မှန်တင်ခုံဘေးက ဆိုဖာခုံပေါ်မှာ မေးလေးထောက်ပြီး ပြုံးပြုံးလေးထိုင်ကြည့်နေတဲ့ သိမ်မွေ့ထည်ရယ် .. ။

" တီလေး ပြင်ဆင်လို့ အကုန်ပြီးနေပြီဆိုရင်လည်း အောက်ဆင်းနှင့်ပါတော့လားလို့ "

" အို မဆင်းပါဘူး။ တို့ရဲ့ကလေးလေးကို အခုလို မိန်းကလေးဆန်ဆန် ပုံစံမျိုးလေးနဲ့ မြင်တွေ့နေရတဲ့ အခိုက်တံ့လေးမို့ ဘယ်မှ ထွက်မသွားချင်ဘူး။ နည်းနည်းလေးတောင်မှ မလွတ်အောင် ထိုင်ငေးကြည့်ချင်တာ "

" အရမ်း Ro တာပဲနော် ဒေါ်သိမ်မွေ့ထည် "

" ခပ် Ro Ro ပဲလေ "

သက်လွှာက အလှပြင်ခံနေရင်း မျက်စောင်းလေးထိုးပြီးပြောတော့ သိမ်မွေ့ထည်ကလည်း ပခုံးလေးတွန့်၍ ပြန်ပြောနေသည်။ ရင်ဖုံးအင်္ကျီအပြာရောင်လေးနဲ့ ပိုးချိတ်ထဘီလေးကို ဝတ်ဆင်ထားတဲ့ သက်လွှာကို Hair Stylish က ဆံထုံးလေး သေသပ်လှပစွာ ထုံးဖွဲ့ပေးနေသည်။ အဲ့ဒီနောက်မှာတော့ အပေါ်ကနေ ဘွဲ့ဝတ်စုံကို ထပ်၍ဝတ်ဆင်ပေးခဲ့ကြသည်။ အားလုံးပြီးသွားတော့ ပြင်ဆင်ပေးခဲ့ကြတဲ့ Stylish တွေလည်း ပြန်သွားကြသည်။ ထိုအခါမှ သိမ်မွေ့ထည်သည် လှပလွန်းသည့် စိန်လည်ဆွဲ ဘယက်လေးတစ်ကုံးကို သက်လွှာရဲ့ လည်တိုင်ထက်၌ ဆင်မြန်းပေးခဲ့ပြီး

" ဒါတီလေး ဘွဲ့ယူတုန်းက ဆွဲခဲ့တဲ့ လည်ဆွဲလေးလေ။ မေမေ့ရဲ့ အမွေဆိုပါတော့။ ဒီလည်ဆွဲလေးကို သက်လွှာကို ပြန်ပြီး လက်ဆောင်ပေးလိုက်ပြီနော်။ B-tech ဘွဲ့ရတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဆုချတာ "

အနောက်ကနေ ခါးလေးကုန်း၍ သက်လွှာရဲ့ နား,နားသို့ ကပ်၍ပြောနေတဲ့ သူမ။

" တီလေးရယ် ဒီလိုတန်ဖိုးကြီးလွန်းတဲ့ ပစ္စည်းမျိုးကို သက်လွှာ လက်မခံပါရစေနဲ့နော် "

" သက်လွှာ လက်မခံပေးရင် တီလေး စိတ်မကောင်းဖြစ်ရမှာနော်။ အဲ့လို ဖြစ်စေချင်လို့လား ပြော "

မျက်စောင်းလေးထိုးရင်း ပြောနေတဲ့ သူမကို သက်လွှာ လက်မြှောက်အရှုံးပေးခဲ့ရပြန်ပြီ။ ဤအချိန်တွင်

" Hello .. "

" ဟော ဆုလေးတောင် ရောက်လာပြီပဲ "

အခန်းပေါက်ဝကနေ အထဲကို တစ်လှမ်းချင်းဆီလျှောက်လာတဲ့ ဆုဇာချည်ခြယ်။

" ဟာ ... နှစ်ယောက်သား အပြိုင်အဆိုင်ကို လှနေလိုက်ကြတာများနော်။ မနာလိုတောင် ဖြစ်မိတယ် တကယ် "

ဆုက နှာခေါင်းလေးရှုံ့ပြီးပြောတော့ သိမ်မွေ့ထည်နဲ့ သက်လွှာလည်း ရယ်မိကြတော့သည်။ ယနေ့ရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ သက်လွှာသည် မိန်းကလေးဆန်ဆန်ပုံစံလေးနဲ့ အလွန်နှစ်သက်ဖွယ်ရာ ကောင်းလွန်းနေသည်။ ထို့အတူ သိမ်မွေ့ထည်မှာလည်း ယဉ်ယဉ်ကလေးနဲ့ကို လှနေသည်။ အသားဖျော့ရောင် ရင်ဖုံးပိုးအင်္ကျီလက်ရှည်လေးနှင့်။ လည်ပင်းနားမှာ ရွှေရောင် ကနုတ်ပန်း အပွင့်လေးတွေလည်း ပါသေးသည်။ ရွှေချည် ချိတ်လှိုင်းလေးများပါဝင်သည့် ပိုးဘရိုကိတ်လုံချည်လေးနဲ့ တွဲဖက်ဝတ်ဆင်ထား၏။ ပုလဲလည်ဆွဲလေးနဲ့ နားကပ်ဆင်တူလေးကို ဆင်ယင်ထားတာကြောင့် သိမ်မွေ့ထည်၏ အလှမှာ ရိုးယဉ်စွာပင် လှပကြော့ရှင်းလို့နေသည်။

" တီလေးနဲ့တော့ အပြိုင်မလှနိုင်သေးပါဘူး အစ်မဆုရယ်။ တီလေးရဲ့ အလှကိုတော့ ဘယ်သူကမှ မယှဉ်နိုင်တာ သေချာတယ် "

သက်လွှာပြောတာ တကယ်လည်း ဟုတ်သည်။ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ကြတဲ့ မိန်းကလေးများရဲ့ အလှတရားပင်လျှင် သိမ်မွေ့ထည်ရဲ့ အလှဂုဏ်ကို မတုပနိုင်ကြ။

ဘွဲ့ယူပြီးသည့်နောက်မှာတော့ ပြည့်ဖူးချို၊ ၊ရှိုင်းတာရာတို့နှင့်အတူ ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။ သူရိန် နဲ့တော့ မရိုက်ဖြစ်။ ဟိုတစ်ခေါက်ကိစ္စဖြစ်ပြီးသွားတဲ့ အချိန်ကတည်းက သက်လွှာ, သူရိန်နဲ့ ခပ်တန်းတန်းနေခဲ့ပါသည်။ အရင်လို တရင်းတနှီး ပြောဆိုဆက်ဆံခြင်း မလုပ်တော့။ သူရိန်ကလည်း သူ့အမှားနဲ့သူမို့ ရှောင်နေပုံရသည်။ တဇွတ်ထိုး အတင်းလိုက်တွယ်ကပ်နေတာမျိုး မလုပ်။ ယနေ့လည်း သက်လွှာကို ဟိုးခပ်လှမ်းလှမ်းကနေပဲ လှမ်းလှမ်းငေးကြည့်နေပါသည်။ အနားမှာ သိမ်မွေ့ထည်ရှိနေတာကြောင့် သူရိန်, သက်လွှာရဲ့ အနားကို မလာရဲခဲ့။

" ဟုတ်ပြီ အဲ့ဒီအတိုင်းလေးနေမယ်။ ပြုံးမယ် .. ဒီ့ထက်ပိုပြုံးပေးပါဦး သက်လွှာရဲ့ "

ယနေ့အတွက် သနားစရာအကောင်းဆုံး ပုဂ္ဂိုလ်ကတော့ ဆုဇာချည်ခြယ်ပဲဖြစ်၏။ သူ့ခမျာ အဝါရောင် လည်ထောင်ရင်ဖုံးနဲ့ ချိတ်ထဘီကြီး ဝတ်လာခဲ့ပြီးတော့မှ လည်ပင်းမှာ Canon ကင်မရာကြီးဆွဲ၍ သက်လွှာရဲ့ Personal Photographer လုပ်ပေးနေရရှာသည်။ Camera က Lens တပ်ထားတာမို့ အတော်လေးကို လေးသည်။ ဒီကြားထဲ ဒေါ်ချစ်သက်လွှာက ဓာတ်ပုံရိုက်ဖို့အတွက် Post မပေးတတ်။ တစ်ချိန်လုံး ရုပ်တည်ကြီးနဲ့ နေနေတာမို့ ရိုက်ခါနီးတိုင်းမှာ ဆုက Post ပေးနည်းတွေပါ လိုက်၍ သင်ပေးနေရသည်လေ။

" မမသိမ်မွေ့ .. မမက ဒီဘက်ကို ထပ်တိုးဦး။ သက်လွှာကကျ အလယ်ဘက်ကို နည်းနည်းရွှေ့။ ဒါမှ အနောက်က ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးကြီးက သေသေချာချာပေါ်မှာ "

" ဟုတ်ဟုတ်။ ရပြီလား "

ဆု ပြောသလို သက်လွှာ ဘေးသို့ထပ်တိုးလိုက်ပြီး သိမ်မွေ့ထည်ရဲ့ ပခုံးလေးကို ခပ်ကျပ်ကျပ်လေး ဖက်ထားလိုက်သည်။ ပြီးတော့ သိမ်မွေ့ထည်ရဲ့ ပါးနားသို့ သူ့ပါးလေးကို ကပ်ထားရင်း

" ရပြီလား အစ်မဆု "

" အိုခေ ရပြီ "

" ချလပ် "

" နောက်တစ်ပုံရိုက်မယ် "

ကင်မရာခလုပ်လေးကို ဆု နှိပ်ခါနီးအချိန်ကျမှ သိမ်မွေ့ထည်ရဲ့ ပါးလေးကို ရွှတ်ခနဲနမ်းလိုက်သည့် သက်လွှာ .. ။ လူကြားထဲမှာ အနမ်းခံလိုက်ရသည်မို့ ပြုံးရယ်နေရာကနေ မျက်လုံးလေးတွေ ဝိုင်းစက်သွားခဲ့ရတဲ့ ဒေါ်သိမ်မွေ့ထည် .. ။

" ချလပ် ... "

ထိုနေ့မှာ နောက်ဆုံးပိတ် ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးကတော့ သိမ်မွေ့ထည်ရဲ့ ခါးလေးကို ဖက်ထားတဲ့ သက်လွှာရယ် .. ။ သိမ်မွေ့ထည်ရဲ့ လက်မောင်းလေးကို ဆွဲကိုင်ပြီး ပြုံးရယ်နေတဲ့ ဆုဇာချည်ခြယ်ရယ် .. ။ ရိုက်ပေးခဲ့တဲ့လူကတော့ ရှိုင်းတာယာပင်။

သူတို့ ၃ ယောက်အတူတူ ရိုက်ဖြစ်ခဲ့ကြတဲ့ ထိုဓာတ်ပုံလေးမှာ ပထမဦးဆုံးနဲ့ နောက်ဆုံး ဓာတ်ပုံလေးဖြစ်သွားခဲ့တယ်ဆိုတာကိုတော့ အဲ့ဒီအချိန်တုန်းက မသိခဲ့ကြရပါ။ အကယ်၍သာ ကြိုပြီး သိခဲ့ကြမယ်ဆိုပါလျှင် ... ။

X    X    X    X    X

တစ်ယောက်တည်းရိုက်ထားတဲ့ ဘွဲ့ဓာတ်ပုံလေးကို ဧည့်ခန်းက အဖေနဲ့ အမေရဲ့ ဓာတ်ပုံဘောင်လေးနံဘေးမှာ သက်လွှာ ချိတ်လိုက်လေသည်။

" ဘယ်လိုနေလဲ တီလေး။ ဓာတ်ပုံက စောင်းနေလားဟင် "

" မစောင်းဘူး သက်လွှာ။ ကြည့်ရတာ အဆင်ပြေတယ်။ ပုံလေးက အတော်လေးလှတယ် "

" တီလေးရဲ့ ကလေးလေးပဲဟာ။ လှမှာပေါ့လို့ "

ခုံပေါ်ကနေ ပြန်ဆင်းပြီး ရှေ့မှာရပ်နေတဲ့ သိမ်မွေ့ထည်ရဲ့ခါးလေးကို ဖက်ထားရင်း သက်လွှာ ရီကျဲကျဲလေး ပြောလိုက်သည်။ 

" တကယ်တော့ အစ်မဆု တော်လို့ရယ်။ အစ်မဆုကို အဲ့လောက်အထိ ဓာတ်ပုံရိုက်ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားခဲ့မိတာ အမှန်ပဲ။ တကယ်တော့ အစ်မဆုက ရှေ့နေလုပ်ရမှာ မဟုတ်ဘူး။ Photographer လုပ်ရမှာ "

" ဆုလေးက ငယ်ငယ်ကတည်းက ဓာတ်ပုံရိုက်တာကို ဝါသနာပါတာလေ။ အထက်တန်းအရွယ်လောက်ထဲက ခရီးတွေထွက်ရင် Landscape ပုံလှလှလေးတွေ ကောင်းကောင်းရိုက်တတ်နေပြီ။ တီလေးရဲ့ ငယ်ဘဝဓာတ်ပုံတော်တော်များများက သူရိုက်ပေးထားတာချည်းပဲ "

" တွေးကြည့်ရင် အစ်မဆုက တကယ့်ကို သဘောကျစရာကောင်းတယ်နော်။ တီလေးလိုလည်း သနားကြင်နာပြီး နွေးထွေးမှုရှိတယ်။ ပြီးရင် အမြဲတမ်း ခပ်ပြုံးပြုံးလေးနဲ့။ အရပ်ရှည်ပြီး လှလည်းလှတယ် .. အဲ့ဒါကို ဘာလို့အခုထိ ရည်စားမရသေးတာပါလိမ့် "

သက်လွှာ ခေါင်းလေးကုပ်ရင်း ပြောမိတော့ သိမ်မွေ့ထည် အားပါးတရ ထရယ်ပါတော့သည်။

" ရည်းစားက မရတာ မဟုတ်ဘူး။ မထားတာ သက်လွှာရေ။ သူ့ည်ီမ နွေးနွေးကြောင့် အခုထိ ဘယ်ရည်းစားမှ မထားသေးတာ "

" ဟင် .. ဒါပေမဲ့ မမနွေးကျတော့ ရည်းစားကြီးနဲ့။ ဟိုတလောက မမနွေး RS ရှိနေပြီဆိုတဲ့သတင်းက တကယ့်ကို ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့သေးတာနော်။ တီလေးလည်း သိလိုက်တယ် မဟုတ်လား "

" သိပါ့ သိပါ့။ အဲ့နေ့ညက တီလေးဆီ မူးပြီးဖုန်းဆက်သေးတယ်လေ။ နွေးလေး သူ့ကိုထားသွားပြီး ယောကျာ်းယူသွားရင် ဘယ်လိုလုပ်မလဲဆိုပြီး ငိုသံကြီးနဲ့ .. "

" ဟယ် .. အင်းပေါ့လေ အစ်မဆုက မမနွေးကို တအားချစ်တာကိုး။ အဲ့လို မမနွေး ယောကျာ်းယူသွားတဲ့အခါကျရင် အစ်မဆုက တစ်ယောက်တည်း ကျန်ရစ်နေတော့မှာ။ သနားပါတယ် "

စကားတပြောပြောနဲ့ အိမ်သန့်ရှင်းရေးလုပ်ကြကာ နေ့လည်စာလည်း အတူတူချက်ဖြစ်ကြသေးသည်။

မနက်အစောကတည်းက သက်လွှာရဲ့ နေအိမ်သို့ နှစ်ယောက်အတူတူရောက်လာခဲ့ကြသည်။ မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ အိမ်ကိုလာပြီး သန့်ရှင်းရေးလေးလုပ်၊ ဘုရားဆွမ်းတော်လေးကပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ကြခြင်းပင်။ သိမ်မွေ့ထည်ကတော့ အလုပ်များနှင့် မအားလပ်တဲ့ကြားထဲက သူ့ကလေးလေး အဖော်ရအောင်လို့ လိုက်လာပေးခဲ့ခြင်းဖြစ်၏။

" အောင်မလေး စပ်လိုက်တာဟယ် "

'ဘာကူလုပ်ပေးရမလဲ´ဆိုလို့ ကြက်ဥကြော်ဖို့အတွက် ကြက်သွန်နီလေး ၃ လုံးလောက်ကို အခွံနွှာခိုင်းပြီး ပါးပါးလှီးခိုင်းလိုက်တာကို ဒေါ်သိမ်မွေ့ထည် တစ်ယောက်ကတော့ မျက်ရည်များပင် ကျလို့နေချေပြီ။ ဟင်းချက်ဖို့ မပြောနဲ့ မီးဖိုခန်းထဲတောင် တစ်ခါမှ မဝင်ဖူးတဲ့ ဒေါ်သိမ်မွေ့ထည်နဲ့ ကြက်သွန်နီနဲ့ကတော့ အဲ့မှာစတွေ့တော့တာပါပဲ .. ။ နှာခေါင်းတရှုံ့ရှုံ့နဲ့ မျက်လုံးကို လက်ဖမိုးလေးနဲ့ ပွတ်နေတဲ့ သူမကိုမြင်ပြီး သက်လွှာ သဘောကျစွာ ရယ်နေမိသည်။

" နောက်ဆုံးတော့ တို့ကို မျက်ရည်ကျအောင်လုပ်နိုင်တာ သက်လွှာ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိခွင့်ရလိုက်ပြီ။ အောင်မလေး စပ်လိုက်တာနော် "

ကျလာတဲ့ မျက်ရည်ပူတွေကြောင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လက်နဲ့ မျက်လုံးကို ယပ်ခပ်နေတဲ့ သူမ။ မျက်နှာကြီးကလည်း ရှုံ့မဲ့လို့။

" လက်နဲ့ မလုပ်နဲ့လေ ပိုစပ်မှာပေါ့လို့။ တော်ပြီ တော်ပြီ သက်လွှာကိုပဲပေးတော့ .. တီလေး ငြိမ်ငြိမ်လေးပဲထိုင်နေတာက သက်လွှာကို ပိုပြီးကူညီရာရောက်မယ်ထင်တာပဲ "

စနောက်ပြီး သူပြောလိုက်တဲ့စကားကြောင့် မျက်နှာကြီး စူပုတ်သွားကာ မျက်စောင်းလှလှလေးထိုး၍ ဘေးကခုံမှာ ဝင်ထိုင်နေပါလေရဲ့။ ဘယ်လောက်တောင်မှ ချစ်စရာကောင်းလွန်းလိုက်တဲ့ အမျိုးသမီးလေးပါလိမ့် ... ။

သက်လွှာ ဘုရားမှာ ဆွမ်းကပ်တော့လည်း ဘေးမှာ လာထိုင်ပြီး သူပါဘုရားလိုက်ကန်တော့နေသည်လေ။

" နှောင် .... "

သက်လွှာတောင် ဘုရားရှိခိုးရင် ဘယ်တော့မှ ကြေးစည်ထုလေ့ မရှိ။ သူမကတော့ ဘေးကတိုင်မှာ ချိတ်ထားတဲ့ ကြေးစည်လေးကို လှမ်းဖြုတ်ယူပြီး ကြေးစည်ထုကာ သက်လွှာရဲ့ အဖေနဲ့ အမေကို မေတ္တာပို့ အမျှပေးဝေနေသည်လေ။ ဘုရားရှိခိုးလို့ပြီးသွားတဲ့ သက်လွှာကတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ကြည်နူးစိတ်ဖြင့် ပြုံးနေမိပါတော့သည်။

'ပထမဦးဆုံး စတင်တွေ့ဆုံဖို့ အကြောင်းဖန်လာတာက မတော်တဆ ယာဉ်တိုက်မှု မဟုတ်ပဲ၊ သာမန်ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ ဖေဖေနဲ့ မေမေရယ်။ ဒါပေမဲ့ တီလေးက ဖေဖေနဲ့ မေမေ မြင်တဲ့အတိုင်းပဲလေ။ တအားချစ်ဖို့ကောင်းပြီး တကယ့်ကို ကောင်းမွန်တဲ့လူတစ်ယောက်ပါ။ ဒါ့ကြောင့် တီလေးကို ခွင့်လွှတ်ပေးလိုက်ကြပါနော် ´

စိတ်ထဲက တီးတိုးရေရွတ်လိုက်တဲ့ စကားလေးတစ်ခွန်းကို သူမ,မကြားရပေမဲ့လို့ ဖေဖေနဲ့ မေမေတော့ ကြားသိကြပါစေလို့ စိတ်ထဲကနေ ဆုတောင်းမိခဲ့သေးသည်။

နေ့လည်ကျတော့ စားပွဲဝိုင်း သေးသေးလေးမှာ ထိုင်၍ ထမင်းလက်စုံ စားဖြစ်ကြသည်။ သူမရဲ့ အိမ်မှာလို ဟင်းခွက်တွေ အများကြီးနဲ့ မဟုတ်ပဲ အသင့်စား ငါးသေတ္တာဟင်းလေးတစ်ခွက်ရယ်၊ ကြက်ဥမွှေကြော်လေးရယ်နဲ့ ခြံထဲက ဒန့်ဒလွန်ရွက်တွေကို ခူးပြီး ချက်ထားခဲ့တဲ့ ဟင်းချိုလေး တစ်ခွက်ရယ်နဲ့သာ .. ။

" ဒီလို ဟင်းမစုံမလင်နဲ့ စားရတော့ တီလေး စားလို့မှဝင်ပါ့မလားလို့ စိုးရိမ်နေမိတာ။ ကျွန်မရဲ့တီလေးက ထမင်းတောင် နောက်ထပ်တစ်ပန်းကန် ထပ်ထည့်နေသေးတာပါလား "

ထမင်းအိုးထဲကနေ ကိုယ်တိုင်ခူးခပ်ပြီး ထပ်ထည့်စားနေတဲ့ သူမကို သဘောကျစွာထိုင်ငေးကြည့်ရင်း ပြောမိတော့ သူမက မျက်ပေါက်လေး မှေးစင်းသွားတဲ့အထိ ရယ်ပြနေသည်။ ချည်အင်္ကျီနဲ့ ကချင်လုံချည်ကို ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်ထားတဲ့ သူမဟာ အေးအေးချမ်းချမ်းလေးကို လှနေပါသည်။

" တို့ကလေးလေးရဲ့ လက်ရာက စားကောင်းလွန်းလို့ပါ "

" နောက်ဆို ဟိုအိမ်မှာလည်း သက်လွှာပဲ ဝင်ချက်လိုက်ရမလားဟင် "

" မလုပ်ရပါဘူး။ ဟင်းချက်တာ ဘယ်လောက်အထိပင်ပန်းသလဲဆိုတာကို တီလေးတောင် ဒီနေ့မှပဲ သိရတော့တယ်။ Company ကအလုပ်တွေ အကုန်စုပြုံပြီး လုပ်ရတာတောင် ကြက်သွန်နီလှီးရတာလောက် မခက်ခဲဘူး "

မျက်နှာလေးရှုံ့၍ ပြောနေတဲ့ သူမရဲ့စကားကြောင့် သက်လွှာ အားပါးတရ ရယ်မိတော့သည်။

" ဟားဟား တီလေးကတော့လေ သိပ်ကို ချစ်ဖို့ကောင်းတာပဲ "

" ညနေကျရင် ပြည့်ဖူးနဲ့ တာရာတို့ လာကြဦးမှာဆို "

" ဟုတ်တယ် တီလေး။ ညနေကျရင် ဟော့ပေါ့လုပ်စားကြမလို့လေ "

" အင်း ကောင်းသားပဲ။ လိုအပ်တာတွေ ခဏနေရင် သွားဝယ်ကြတာပေါ့ "

နေ့လည်ခင်းကျမှ လမ်းထိပ်က City mart ကို နှစ်ယောက်အတူသွားပြီး လိုအပ်တာများကို ဝယ်ခြမ်းကြလေသည်။

" ရေခဲချောင်း စားဦးမလားတီလေး "

" အင်း စားမယ်လေ .. တီလေးက .. "

" ချောကလက် မဟုတ်လား။ သိနေတယ်လေ .. ရော့ ချောကလက် "

မျက်စလေးပစ်ပြီး ပြောတော့ သူမက ထုံးစံအတိုင်း Eyes smile လေးနဲ့ ရယ်နေပြန်သည်။ အပြန်ကျတော့ ကလေးတွေလို လမ်းမှာ ရေခဲချောင်းလေးတွေကိုက်ပြီး စကားတပြောပြောဖြင့် ပြန်လာခဲ့ကြသည်။

" အရင်က အခုလိုတွေ တစ်ခါမှ မလုပ်ဖူးဘူး။ လမ်းလျှောက်နေရင်းနဲ့ ရပ်ကွက်ထဲက ရှုခင်းလေးတွေကို ငေးကြည့်ရင်း ရေခဲချောင်း ကိုက်စားရတဲ့ Feeling က တော်တော်လေးကို ပျော်ဖို့ကောင်းသား ... "

" တီလေးသဘောကျတယ်ဆိုရင် နောက်ထပ်အားတဲ့ ရက်တွေမှာ ဒီကိုလာနေကြမယ်လေ "

" အင်း ကောင်းသားပဲ "

ဘေးမှာ သက်လွှာရှိနေပြီမို့ သိမ်မွေ့ထည်အတွက် စတီးလ်တုတ်ကောက်လေးလည်း မလိုအပ်တော့။

" ဒီလိုဆိုတော့လည်း ဘဝက အေးချမ်းပြီး နေပျော်လိုက်တာကွယ် "

ခြံပေါက်ဝရှေ့ရောက်တော့
တစ်ကိုယ်လုံးဖြူဖွေးဆွတ်နေတဲ့ ကြောင်ပေါက်လေးတစ်ကောင်။ ခြံရှေ့မှာ အသံပိစိလေးနဲ့ တညှောင်ညှောင်အော်လို့နေသည်။

" ဟယ် .. ကြောင်ကလေးပါလား .. "

" ပေါက်စလေးပဲ ရှိသေးတာပဲ။ ဘယ်အိမ်က လမ်းမှားပြီးရောက်လာလည်း မသိဘူး တီလေးရယ် "

သက်လွှာက ကြောင်ပေါက်လေးကို ငုံကြည့်ရုံမျှသာ ရှိသေးသည်၊ သိမ်မွေ့ထည်က ထိုကြောင်ပေါက်လေးကို ကောက်ချီချလိုက်လေပြီ။

" ချစ်စရာလေးဟယ် ... အမ,လေးထင်တယ်။ မင်းအမေ ဘယ်မှာလဲ သမီးလေးရေ "

" ညှောင် .. ညှောင် "

" အိုကွယ် သူ့ကြည့်ရတာ ဆာနေတယ်ထင်ပါရဲ့ .. "

" အိမ်မှာ ငါးသေတ္တာတော့ကျန်သေးတယ်။ ထမင်းလေးနဲ့ နယ်ကျွေးကြည့်လိုက်ရမလားဟင် တီလေး "

" အင်း လောလောဆယ်ရှိတာလေး ကျွေးကြည့်ကြတာပေါ့။ သူ့ကြည့်ရတာ တော်တော်ဆာနေပုံရတယ် သက်လွှာရယ် "

သက်လွှာက ထမင်းနဲ့ ငါးသေတ္တာဟင်းလေးကို နယ်ဖတ်ပြီး ကျွေးကြည့်တော့ ကြောင်လေးက ခေါင်းမဖော်တမ်းစားရှာသည်။ သိမ်မွေ့ထည်ကတော့ ထိုကြောင်လေးကြည့်ရင်း ပြုံးရွှင်နေပါတော့သည်။

" တီလေးက ငယ်ငယ်တည်းက ကြောင်လေးတွေ ခွေးလေးတွေ သိပ်ချစ်တာ။ မွေးချင်ပေမဲ့ ဒက်ဒီက ပေးမမွေးဘူး။ အသက်ကြီးလာပြန်တော့လည်း အလုပ်မအားတာနဲ့ မမွေးဖြစ်ခဲ့တာ။ သူတို့လေးတွေက မွေးပြီးရင် အချိန်ပေးနိုင်မှလေ "

" ညနေကျရင် ဒီကြောင်လေးကို ဘယ်အိမ်က ကြောင်လေးလဲဆိုတာ လမ်းထဲက အိမ်တွေ လိုက်မေးကြည့်ဦးမယ်။ တကယ်လို့ ပိုင်ရှင်မရှိရင် သက်လွှာတို့ မွေးကြမယ်လေ "

" အင်း .. မွေးကြမယ် "

သူပြောတော့ သူမက သဘောကျနေရှာသည်။ မျက်နှာလေးက တပြုံးပြုံးနှင့် ကြောင်လေးရဲ့ခေါင်းကို လက်ညှိုးလေးနဲ့ ပွတ်သတ်ပေးနေလေသည်။

X    X    X    X    X

သိမ်မွေ့ထည်နှင့် သက်လွှာတို့ ခြံထဲက ထွက်လာကြပြီး လမ်းထိပ်ကို လျှောက်သွားကြသည့်မြင်ကွင်း၊ ရေခဲချောင်းလေးတွေစားပြီး ရယ်ရယ်မောမောနဲ့ ပြန်လာကြသည့် မြင်ကွင်းနှင့်၊ ခြံရှေ့မှာ ကြောင်လေးကို သိမ်မွေ့ထည် ပွေ့ချီလိုက်တဲ့ မြင်ကွင်းအစအဆုံးတို့အား စောင့်ကြည့်နေတဲ့ လူတစ်ယောက်ရှိနေသည်။ ဒါကို သူတို့ နှစ်ဦးလုံး သတိမထားမိခဲ့ကြ။ တကယ်တော့ ခြံဝရဲ့ မျက်စောင်းထိုးနေရာတွင် မှန်အလုံပိတ် ကားအနက်ကြီးတစ်စီး ရပ်ထားသည်။ ထိုကားပေါ်၌ ရှိနေတဲ့ လူတစ်ဦးသည် မြင်ကွင်းအစအဆုံးအား မျက်ထောက်နီကြီးဖြင့် ဒေါသတကြီး စိုက်ကြည့်လို့နေသည်။ ကြည့်နေရင်းနဲ့ တစ်စုံတစ်ယောက်နှင့်လည်း ဖုန်းပြောနေသေးသည်။

" စိတ်ချပါ။ အရင်တစ်ခေါက်က ခင်ဗျားခိုင်းခဲ့လို့ ကျုပ်လုပ်ခဲ့ရတာဆိုပေမဲ့ ဒီတစ်ခေါက်မှာတော့ ... ခင်ဗျား မခိုင်းရင်တောင် ကျုပ်က ဒီမိန်းမကို ရအောင်သတ်မှာ။ ကျုပ်ဘဝတစ်ခုလုံးကို စုတ်ပြတ်သတ်အောင်လုပ်ပြီး ထောင်ထဲမှာ ၅ နှစ်ကျော်လောက် နေရအောင် ဖန်တီးခဲ့တဲ့ ဒီမိန်းမကို တန်ရာတန်ကြေးတော့ ပြန်ပေးဆပ်ခိုင်းရမှာပေါ့ "

" အခုတော့ ရှင်လှုပ်ရှားလို့ မဖြစ်သေးဘူး။ အထဲကနေ လွတ်လာတာ ၁ နှစ်တောင် မပြည့်သေးတာ မဟုတ်ဘူး။ ကျွန်မ အမိန့်ပေးမဲ့အချိန်အထိ စောင့်နေပါ "

" ကောင်းပြီ။ သိပ်တော့ မကြာစေနဲ့။ ဒီမိန်းမ အဆင်ပြေချောမွေ့နေတာကို ကျုပ်ကြာကြာ ဆက်ကြည့်မနေနိုင်တော့ဘူး "

ဖုန်းချလိုက်ပြီးတဲ့နောက်၌ ထိုလူဟာ ခြံဝနားမှာ ကြောင်လေးကို ပွေ့ချီပြီး ရယ်မောနေတဲ့ သိမ်မွေ့ထည်ကို စူးစိုက်ကြည့်နေပြန်သည်။ ထို့နောက် ခါးသက်စွာ ပြုံး၏။

" ဒေါ်သိမ်မွေ့ထည် မကြာခင်မှာ ခင်ဗျားအဲ့လိုရယ်နိုင်မှာ မဟုတ်တော့ဘူး။ ဘာလို့လည်းဆိုတော့ ကျုပ်က ခင်ဗျားရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ဒဏ်ရာတွေနဲ့ ပြည့်ကျပ်နေအောင် လုပ်ပစ်မှာ မို့လို့ပဲ။ ဟက် .. ဒီတစ်ခေါက်တော့ အောက်ပိုင်းသေတာထက်ကို ပိုဆိုးဝါးစေရမယ် "

X    X    X    X    X

Continue Reading

You'll Also Like

40.3K 2.2K 19
ငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain
76.1K 8.9K 24
ဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန်...
525K 32.3K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...
100K 5K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...