Elegant
By JE_Rain
218K 21.7K 2.3K
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) More
1 (Unicode)
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Unicode)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
8 (Zawgyi)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
12 (Zawgyi)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
19 (Zawgyi)
20 (Unicode)
20 (Zawgyi)
21 (Unicode)
21 (Zawgyi)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
28 (Zawgyi)
29 (Unicode)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)
40 Final (Unicode)
40 Final (Zawgyi)
22 (Unicode)
5.2K 545 57
By JE_Rain
Special Episode
သိမ်မွေ့ထည်အတွက် ဝယ်ပေးထားတဲ့ သိုးမွှေးခြေအိတ်အဖြူရောင်လေးကို ကိုင်ပြီး သက်လွှာ တစ်ဖက်အခန်းသို့ ကူးလာမိသည်။ တကယ်တော့ ညစာအတူဆင်းစားဖို့ လာခေါ်ခြင်းဖြစ်၏။ ဒါပေမဲ့ ခုတင်ပေါ်မှာ ဘေးတစောင်းလေး လှဲအိပ်နေတဲ့ သိမ်မွေ့ထည်ကိုမြင်ပြီး သက်လွှာ စိတ်ပူသွားသည်။
အခန်းထဲဝင်လာတဲ့ သက်လွှာရဲ့ ခြေသံကိုကြားတော့ သိမ်မွေ့ထည် မျက်လုံးလေးကို ဖွင့်ကြည့်၏။
" သက်လွှာ .. "
တိုးဖျော့ဖျော့လေသံလေးနဲ့ သိမ်မွေ့ထည် ခေါ်လိုက်တော့ သက်လွှာ စိုးရိမ်တကြီးနဲ့ အနားကို ခပ်သွက်သွက်လျှောက်သွားမိရင်း
" တီလေး နေမကောင်းဘူးလားဟင် "
" အင်း .. နည်းနည်း .. နေလို့မကောင်းဘူး သက်လွှာရယ် "
" ဘယ်လိုနေလို့ မကောင်းတာလဲဟင်။ ဖျားချင်နေတာလား "
မေးလည်းမေး ခုတင်စောင်းမှာ ဝင်ထိုင်လိုက်ရင်း သူ့တီလေးရဲ့ နဖူးကို သက်လွှာ လက်ဖဝါးလေးဖြင့် အုပ်၍ စမ်းကြည့်နေလေသည်။ သိမ်မွေ့ထည်ကတော့ သူ့ကလေးရဲ့ မျက်နှာကို အရောင်ဖျော့တော့နေတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်နေရှာသည်။
" တော်သေးတယ် ကိုယ်တော့ မပူဘူးပဲ "
" ဒီတိုင်း ခြေတွေလက်တွေ ကိုက်ခဲနေရုံတင်ပါ။ စိတ်မပူနဲ့နော် "
" မနက်က လေ့ကျင့်ခန်းလုပ်ထားရလို့ဖြစ်မယ်။ တီလေးက နည်းနည်းလေးတောင် မနားပဲ ဆက်တိုက်လျှောက်တာကိုး။ တကယ်ဆိုရင် ခဏထိုင်လိုက် ဆက်လျှောက်လိုက် လုပ်ရမှာ "
" အင်းပါ။ နောက်တစ်ခါဆိုရင် တီလေးနားနားပြီး လေ့ကျင့်မယ်နော် "
ပြုံးပြုံးလေးနဲ့ မော့ကြည့်ပြီးပြောနေတဲ့ သိမ်မွေ့ထည်ကို သက်လွှာ မျက်စောင်းလေးတစ်ချက်ထိုးလိုက်ပြီး
" အခု ညစာ ဆင်းစားကြပြီး အကိုက်ခဲပျောက်ဆေးလေးတစ်လုံးလောက် သောက်ထားလိုက်ရင် ကောင်းမယ်ထင်တယ် တီလေး "
" ဆေးက ညနေကတည်းက သောက်ထားပြီးသား သက်လွှာ "
" ဟင် အဲ့ဒါတောင် မသက်သာသေးတာလား "
" သောက်ခါစကတော့ နည်းနည်းသက်သာသွားပါတယ်။ အခုမှ ပြန်ကိုက်ခဲလာတာ "
" ဒါဆို ညစာကို အောက်ဆင်းမစားနဲ့တော့။ သက်လွှာ အပေါ်ကို သယ်ခဲ့ပေးမယ် "
" ထမင်းတော့ မစားချင်တော့ဘူးကွယ်။ ချောကလက်ပူပူလေးတစ်ခွက်လောက်ပဲ သောက်ပြီး အိပ်လိုက်တော့မယ် "
" ဒါဆို သက်လွှာ ချောကလက်ဖျော်ပြီးတော့ ယူလာခဲ့ပေးမယ်နော် "
" ကိုယ်တိုင်ဖျော်မလို့လား "
သိမ်မွေ့ထည် မျက်ခုံးကို အသာလေးပင့်ပြီး မေးလိုက်မိ၏။ တစ်ခါတလေတော့ သူ့ကလေးလေးကိုယ်တိုင် ဖျော်လာပေးတဲ့ ချောကလက်ပူပူလေးကို သောက်ချင်မိသား။
" ဟုတ် သက်လွှာပဲ ဖျော်ခဲ့ပေးမယ်လေ။ တီလေးက ချိုချိုလေးကြိုက်တာလား။ နို့များများနဲ့ အဆိမ့်ဖျော်တာကို ကြိုက်တာလား "
" ဟင့်အင်း။ တီလေးက ချောကလက်မှုန့်ချည်း ဖျော်ထားတဲ့ ခါးသက်သက်အရသာလေးကိုပဲ ကြိုက်တာ။ သကြားကော နို့မှုန့်ကော မထည့်ခဲ့နဲ့နော် "
" ဟုတ်ကဲ့ပါရှင်။ ချောကလက်မှုန့်ချည်း ခပ်ပျစ်ပျစ်လေး ဖျော်လာခဲ့ပေးပါ့မယ် "
ပြုံးစစမျက်နှာလေးနဲ့ သက်လွှာရယ်ပြီးပြောလိုက်တော့ သိမ်မွေ့ထည်က
" သက်လွှာ ထမင်းအရင်စားလိုက်ပါဦး။ ပြီးမှ ဖျော်ပေး "
" ဟုတ်ဟုတ် .. "
လက်ထဲကိုင်ထားတဲ့ ခြေအိတ်လေးကို ဘေးကခုံပေါ်တင်လိုက်ပြီး ခြေရင်းက စောင်လေးကိုဖြန့်၍ သိမ်မွေ့ထည်ရဲ့ ခြေထောက်ပေါ်သို့ သက်လွှာ လွှမ်းခြုံပေးနေသည့် အချိန်၌ .. ။
" အဲ့ဒါဘာလေးလဲ သက်လွှာ "
" ဟင် ဟိုအဖြူလေးလား။ အဲ့ဒါခြေအိတ်လေးလေ။ ဟိုနေ့က တီလေးအတွက် ဝယ်လာခဲ့တဲ့ ခြေအိတ်လေး "
ထိုခြေအိတ်လေးကို လှမ်းကြည့်ရင်း သိမ်မွေ့ထည် လက်လေးကမ်းကာဖြင့်
" ပြပါဦး .. "
သက်လွှာပေးလိုက်တော့ သိမ်မွေ့ထည် ခြေအိတ်လေးကို သေချာကိုင်ကြည့်ပြီး သဘောတွေကျနေပါတော့သည်။
" လှလိုက်တာ ဖြူဖွေးနေတာပဲ။ ခြေထောက်မှာ ဆွတ်ရက်စရာတောင် မရှိဘူးကွယ်။ ဒီတိုင်းလေးပဲ အလှသိမ်းထားချင်တယ် "
" တီလေး ခြေဖျားတွေ အေးမှာစိုးလို့ သက်လွှာက ဝယ်လာပေးတဲ့ဟာကို။ အလှသိမ်းထားဖို့မှ မဟုတ်တာ တီလေးရဲ့ "
" ဒါပေမဲ့ နှမျောတယ် "
ခုတင်ပေါ်ကနေ နှုတ်ခမ်းလေးစူပြီး ပြောနေတဲ့ သူမကြောင့် သက်လွှာ အသည်းတွေ ယားလာ၏။ တအားကို ချစ်ဖို့ကောင်းပြီး ကောက်နမ်းပစ်ချင်စရာလေးလေ။
" နောက်နေ့ ထပ်ပြီးဝယ်ခဲ့ပေးမယ်။ အဲ့ကျမှ သိမ်းထား "
" အို တော်ပါပြီကွယ်။ ထပ်မဝယ်လာခဲ့နဲ့ .. ပိုက်ဆံကုန်တယ်။ သက်လွှာ ပင်ပင်ပန်းပန်းနဲ့ စာပြပြီး စုဆောင်းထားတဲ့ ငွေတွေကို တီလေးအတွက် လျှောက်မသုံးပစ်နဲ့။ တခြားလိုအပ်တဲ့နေရာမှာပဲ သုံး "
" သက်လွှာ လိုအပ်တာတွေ အကုန်လုံးကို တီလေးပဲ ဝယ်ပေးနေတဲ့ဟာကို။ အခု သက်လွှာ စာထွက်သင်ပြီး ပိုက်ဆံစုတယ်ဆိုတာကလည်း တီလေးအတွက် အမြဲတမ်း တစ်ခုခုဝယ်ပေးချင်လို့လေ။ သက်လွှာ ရှာသမျှပိုက်ဆံအားလုံးကို တီလေးအတွက်ပဲ အသုံးပြုချင်တာ "
နောက်ဆုံးတစ်ခွန်းကို မဝံ့မရဲဖြင့် ခေါင်းလေးငုံ့၍ သက်လွှာပြောလိုက်တော့ သိမ်မွေ့ထည် ရင်ထဲနွေးခနဲဖြစ်သွားပြီး ဖျော့တော့နေတဲ့ မျက်ဝန်းလေးတွေက အရောင်တောက်ပလို့သွားသည်။
" ဒီကလေးကတော့လေ .. "
ပြောချင်တာပြောပြီး အခန်းထဲက ခပ်မြန်မြန်ထွက်သွားတဲ့ သက်လွှာကို လှမ်းကြည့်ရင်း သိမ်မွေ့ထည် ပြုံးနေမိသည်။ နှစ်သက်ခုံမင်စွာဖြင့် သူရေရွတ်နေမိချိန်၌ .. ။
" ကျွတ် ကျွတ် ... "
ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေအပေါ်သို့ အခုမှ သိမ်မွေ့ထည် အာရုံပြန်ရောက်သွားပြီး နာရကောင်းမှန်းသိတော့သည်။ ခါးက ခါးဆစ်ရိုးနားနဲ့ ခြေသလုံးတွေက တအားကို ကိုက်ခဲနေတာမို့ သိမ်မွေ့ထည် ကွေးကွေးလေး ပြန်အိပ်နေရသည်။ လက်ထဲမှာလည်း သူ့ကလေးလေးပေးထားတဲ့ ခြေအိတ်အဖြူလေးတစ်စုံကို အမြတ်တနိုး ဆုပ်ကိုင်ထားသေးသည်။
X X X X X
ချောကလက်ခွက်လေးကိုကိုင်ပြီး သက်လွှာ အပေါ်ပြန်တက်လာသည့်အချိန်၌ သိမ်မွေ့ထည်က ဘေးတစောင်း ကွေးကွေးလေး အိပ်မောကျနေချေပြီ။ လက်ထဲမှာလည်း သူပေးထားတဲ့ ခြေအိတ်အဖြူလေးတစ်စုံကို ဆုပ်ကိုင်ပြီး ရင်ခွင်ထဲပိုက်ထားသေး၏။
'သက်လွှာပေးတဲ့ ခြေအိတ်ကို အဲ့ဒီလောက်တောင် သဘောကျတာလား တီလေးရယ် '
သက်လွှာ ကြည်နူးစိတ်နဲ့ ပြုံးမိပြန်သည်။ အိပ်မောကျနေသည့် သူမကို မနှိုးရက်တာကြောင့် ချောကလက်ခွက်လေးကို ဘေးက စားပွဲပေါ်၌ တင်ထားမိသည်။ ပြီးတော့ ခုတင်စောင်းမှာ တင်ပလွှဲလေးဝင်ထိုင်ရင်း အိပ်ပျော်နေသည့် သူမကို တွေတွေလေး ငေးကြည့်နေမိသည်။ ခပ်သွယ်သွယ်လေးနဲ့ ဖြောင့်တန်းနေသည့် မျက်ခုံးနှစ်ဖက်က အထင်းသား၊ နဖူးပြင်နဲ့ ပါးပြင်ထက်ပေါ်သို့ လျှောကျနေသည့် ဆံနွယ်စလေးများဖြင့် ဖျော့တော့နေတဲ့ နှုတ်ခမ်းလေးတစ်စုံ။ ဒီနေ့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်တာကြောင့် သူမအတော်လေးကို ပင်ပန်းသွားပုံရသည်။ နောက်ကျရင်တော့ သူမ လေ့ကျင့်ခန်းလုပ်ရတဲ့နေ့တိုင်းမှာ သူလိုက်သွားပေးမှ ဖြစ်ပေတော့မည်။ လိုက်သွားပြီး လေ့ကျင့်ခန်းကို နားနားပြီးလုပ်ဖို့ အချိန်ပြည့် သတိပေးရမယ်ဟု သက်လွှာ စိတ်ထဲကနေ ရေရွတ်နေမိသည်။
ည ၈ နာရီခွဲလောက်ကျတော့ သိမ်မွေ့ထည် ပြန်နိုးလာသည်။
" သက်လွှာ .. "
" နိုးလာပြီလား တီလေး "
အပြုံးဖြင့် ဘေးမှာငုတ်တုတ်လေး စောင့်ကြိုနေတဲ့ သက်လွှာကြောင့် သိမ်မွေ့ထည် နေမကောင်းဖြစ်နေတဲ့ကြားမှ ပြုံးပြလိုက်မိသည်။
" ချောကလက်ဖျော်ထားတာက ပြန်အေးသွားပြီ တီလေးရယ်။ သက်လွှာ အသစ်ပြန်ဖျော်ပေးခဲ့မယ်နော် "
စားပွဲပေါ်မှ ခွက်လေးကို ပူမပူ ကောက်စမ်းကြည့်ရင်း သက်လွှာပြောတော့ သိမ်မွေ့ထည် ခေါင်းကိုအသာလေးခါယမ်းပြရင်း
" ရတယ် သက်လွှာ။ အေးနေတော့လည်း တန်းသောက်လို့ရတာပေါ့။ တီလေးကို နည်းနည်းလောက် ထူပေးလို့ရမလားဟင် "
" ရှင် .. ဟုတ်ကဲ့ "
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေတာကြောင့် မိမိကိုယ်တိုင်လက်ထောက်ထဖို့တောင်မှ သိမ်မွေ့ထည် မတတ်နိုင်တော့ပြီ။ ထို့ကြောင့် သက်လွှာကို အကူအညီတောင်းမိတော့ ဟိုက စစချင်းမှာ ကြောင်အမ်းအမ်းနဲ့ သိမ်မွေ့ထည်ကို ပြူးကြည့်နေပြီးတော့မှ 'ဟုတ်ကဲ့'လို့ပြန်ဖြေ၏။ ချစ်စရာကောင်းတဲ့ ထိုကလေးလေးရဲ့ ပခုံးဟာ သိမ်မွေ့ထည်အတွက်တော့ မှီခိုအားကိုးရာနေရာလေးတစ်ခု ဖြစ်လို့နေချေပြီ။
" ရရဲ့လား တီလေး .. "
" ရပါပြီ ကလေးလေးရယ် "
နောက်ကျောဘက်မှာ ခေါင်းအုံးလေးကို ထောင်ပြီး သိမ်မွေ့ထည် အဆင်သင့်မှီလို့ရအောင် လုပ်ပေးရင်း သက်လွှာမေးတော့ သိမ်မွေ့ထည် ပြုံးပြုံးလေးပြန်ဖြေရှာသည်။ ထို့နောက် သက်လွှာ ဖျော်လာပေးသည့် ခပ်ပျစ်ပျစ် ချောကလက်ဖျော်ရည် ခါးသက်သက်လေးကို အရသာခံပြီး တစိမ့်စိမ့်သောက်နေ၏။
" သက်လွှာဖျော်လာတာ ကောင်းရဲ့လားဟင် တီလေး "
" ကောင်းမကောင်း ဒီခွက်ထဲကိုသာ ကြည့်ပေတော့ "
သိမ်မွေ့ထည် ပြန်ကမ်းပေးနေတဲ့ ခွက်ကို သက်လွှာယူကြည့်မိတော့ ခွက်ထဲမှာ တစ်စက်လေးတောင် မကျန်နေတော့ပါ။
" ကုန်သွားပြီပဲ။ ထပ်ဖျော်ပေးရဦးမလား တီလေး "
" တော်ပါပြီကွယ် ဒီတစ်ခွက်ဆို ဗိုက်ပြည့်သွားပါပြီ "
" ဟုတ်။ ဆေးသောက်တော့မလား တီလေး .. အရိုးအဆစ်တွေနာနေသေးလားဟင် "
" အင်း နည်းနည်းနာနေသေးတယ်။ အခုဆေးသောက်လိုက်ရင် သက်သာသွားမှာ စိတ်မပူနဲ့နော် "
ဆေးသောက်ပြီး ခဏနေတော့ သိမ်မွေ့ထည် ပြန်၍အိပ်ပျော်သွားခဲ့သည်။ ည ၁၀ နာရီခွဲလောက် အချိန်ကျတော့ အခန်းထဲသို့ ဘရန်စိုင်း ရောက်လာ၏။ ထို့နောက် ခုတင်ပေါ်လဲနေတဲ့ သူ့အစ်မကိုမြင်ပြီး ဘေးနားမှာ ထိုင်စောင့်နေပေးသည့် သက်လွှာကို လာမေးလေသည်။
" မမ နေမကောင်းဘူးလား "
ဘရန်စိုင်း၏ လေသံဟာပျော့ပြောင်းမှု ရှိမနေခဲ့ပါ။ အစ်မဖြစ်သူ နိုးသွားမှာစိုးသောကြောင့် လေသံမကျယ်သော်လည်း အသံက မာနေ၏။
" ဟုတ် နည်းနည်း ဖျားနေတယ် "
လေသံခပ်အုပ်အုပ်ဖြင့် သက်လွှာ ပြန်ဖြေလိုက်တော့ ဘရန်စိုင်းက မျက်မှောင်ကို ကြုတ်ကာ
" ဘယ်လိုဖြစ်ပြီး ဖျားရတာလဲ .. မနက်က ငါနဲ့စကားပြောတုန်းက ရွှင်ရွှင်လန်းလန်းပါပဲ "
" ဒီနေ့ လေ့ကျင့်ခန်းကို အနားမယူပဲ ဆက်တိုက်လုပ်လိုက်လို့ ပင်ပန်းပြီး ဖျားသွားတာပါ "
သက်လွှာ ဘက်ကတော့ ရန်မလိုပဲ အေးအေးဆေးဆေးလေးသာ ပြန်ဖြေကြားပေးနေခြင်းပင်။ သို့သော်လည်း ဘရန်စိုင်း ဘက်ကတော့ သက်လွှာကဲ့သို့ မဟုတ်။ ကျွတ်စ် တစ်ချက်စုပ်ကာ သက်လွှာကို ဒေါသထွက်နေသည့် ဟန်ဖြင့်
" ကျွတ်စ် .. မမက ဒီနေ့မှ လမ်းစလျှောက်တာ။ မမက ဆက်တိုက်လေ့ကျင့်နေရင် မင်းက တားရမှာပေါ့ကွ။ မမကတော့ မြန်မြန်ကောင်းချင်ဇောနဲ့ ကြိုးစားပြီး မနားမနေလုပ်မှာပဲ။ အဲ့ဒါကို ဘေးကနေ နားချပြီး ထိန်းပေးရမှာက အဖော်လိုက်သွားတဲ့လူရဲ့ တာဝန်ပဲလေ။ အဲ့ဒါကြောင့် ငါလိုက်သွားမယ်လို့ပြောတာ။ အခုတော့ မမဖျားပြီ .. အဲ့ဒါမင်းကြောင့်ပဲ သက်လွှာ "
သက်လွှာ အပေါ် အပြစ်ပြောဆိုနေတဲ့ ဘရန်စိုင်းရဲ့လေသံက လိုအပ်တာထက်ကို ပိုပြီးတင်းမာနေသလို အသံလည်း ကျယ်သွားခဲ့တာကြောင့် အိပ်ပျော်နေတဲ့ သိမ်မွေ့ထည် တစ်ယောက် ပြန်နိုးလာလေသည်။ ထို့နောက် သက်လွှာကို ပြောဆိုနေတဲ့ စိုင်းအား မျက်ခုံးနှစ်ဖက်ကို တွန့်ချိုး၍ ခုတင်ပေါ်ကနေ လှမ်းကြည့်ရင်း
" စိုင်း .. ကလေးကို မအော်နဲ့ "
နေမကောင်းနေသောကြောင့် အသံက ဖျော့တော့နေသော်လည်း မာန်အပြည့်ဖြင့် ပြောလိုက်ခြင်းပင်။
" မမဖျားတာ သက်လွှာနဲ့ ဘာမှမဆိုင်ဘူးလေ။ ဘာလို့ ကလေးကို အပြစ်တင်နေရတာလဲ "
မျက်ခုံးကို တွန့်ချိုးထားရင်း သိမ်မွေ့ထည် မောဟိုက်ဟိုက်လေသံဖြင့် ဘေးတစောင်းလှဲနေရာမှ ထပ်ပြောလိုက်တော့ စိုင်းက ခုတင်နားသို့ တိုးကပ်လာ၏။ စိုင်းသည်လည်း သိမ်မွေ့ထည် နည်းတူ မျက်ခုံးနက်နက်တွေကို အလိုမကျစွာ တွန့်ကွေး ထားလေသည်။
" ကျွန်တော်အလကားနေရင်း ရန်ရှာ အပြစ်တင်နေတာ မဟုတ်ဘူးမမ။ မမက ဆက်တိုက်လုပ်နေရင် ဘေးကနေ နားနားလုပ်ဖို့ ပြောပေးရမှာက သူ့တာဝန်ပဲလေ "
ဘေးနားမှာ ဒေါသထွက်နေသည့်ဟန်ဖြင့် လက်ဟန်အမူအယာတွေနဲ့ သက်လွှာဘက်ကို လက်ညှိုးထိုးပြီး ပြောနေတဲ့ စိုင်းကြောင့် သိမ်မွေ့ထည် ပို၍ ဒေါသထွက်သွားလေတော့သည်။ နာကျင်ကိုက်ခဲနေသည့်ကြားမှ ဘေးတစောင်း လက်ထောက်ထဖို့ ဟန်ပြင်တော့ အနားမှာ အနီးကပ်ရှိနေတဲ့ သက်လွှာက အလိုက်တသိ ဆွဲထူပေးခဲ့ရသည်။
" အနားယူဖို့ သက်လွှာပြောတယ် စိုင်း။ မမကိုက မနားချင်တာ။ အရင်က ချိုမာနဲ့အတူ သွားတုန်းကလည်း အိမ်ပြန်ရောက်ရင် ကိုယ်လက်ကိုက်ခဲပြီး ဖျားတာက ဖြစ်နေကျပဲလေ စိုင်းရယ်။ ကလေးနဲ့ မဆိုင်တာကို အပြစ်မပြောစမ်းပါနဲ့ "
ဘေးမှာရှိနေတဲ့ သက်လွှာရဲ့ လက်လေးကို အသာဆုပ်ကိုင်ပေးထားရင်း စိုင်းရဲ့မျက်နှာတည့်တည့်သို့ စိုက်ကြည့်ပြီး ပြောလိုက်သည်။ စိုင်း ကလည်း ဒေါသကြောင့် နီးမြန်းနေတဲ့ မျက်ဝန်းတွေနဲ့ သူ့အစ်မကို ပြန်စိုက်ကြည့်၏။
" အရင်က ဖျားတယ်ဆိုတာက အနည်းအကျဉ်းပဲလေ။ အခုဟာက မမ ပုံစံကိုလည်း ပြန်ကြည့်ဦး။ အခုလို စကားလေး ပြောတာတောင်မှ မောသံကြီးပါနေတဲ့ဟာကို "
စိုင်း ပြောနေရင်းနဲ့ အစ်မဖြစ်သူရဲ့ နဖူးကို သူ့လက်ဖမိုးဖြင့် စမ်းလိုက်တော့ သိမ်မွေ့ထည်က ခေါင်းကို အနောက်သို့ဆုတ်၍ ရှောင်ဖယ်သွားသည်။ ဒါပေမဲ့ စိုင်းက အလျော့မပေး။ သိမ်မွေ့ထည်ရဲ့ နဖူးကို ရအောင် စမ်းကြည့်ပြီးနောက်
" တွေ့လား ကိုယ်တွေ ပူခြစ်နေတာပဲ။ အဖျားက တက်နေပြီ "
ဒေါသထွက်နေသည့်လေသံဖြင့် ပြောရင်း ဘေးမှာရှိနေတဲ့ သက်လွှာရဲ့ဘက်သို့ မျက်ထောက်နီကြီးနဲ့ လှည့်ကြည့်နေပြန်သည်။ သက်လွှာလည်း သူ့တီလေးဖျားတာ သူ့အမှားနဲ့လည်း မကင်းဘူးဆိုပြီး ခံစားနေရတာကြောင့် စိုင်းရဲ့ အပြုအမူတွေကို ခွန်းတုံ့မပြန်နိုင်ခဲ့။ အပြစ်သားတစ်ယောက်လို မျက်လွှာကို အောက်ချပြီး ခေါင်းငုံ့ထားလေသည်။
" တကယ်ဆိုရင် အစောကတည်းက ဒေါ်ဒေါ်မြကနေတစ်ဆင့် ငါ့ဆီကို မင်းအကြောင်းကြားသင့်တယ် ချစ်သက်လွှာ။ မမအခုလို တအားဖျားနေမှန်းသိရင် ငါတစ်ခါတည်း ဆရာဝန် ပင့်ခဲ့မှာပေါ့ "
" တော်ပါတော့ စိုင်းရယ်။ တော်ပါတော့ ကျေးဇူးပြုပြီး "
ခေါင်းက မူးနောက်ပြီး ရင်ထဲဟိုက်၍ မောပမ်းနေသည့်ကြားမှ သိမ်မွေ့ထည် မာန်ပါပါဖြင့် အော်ချလိုက်ရင်း သက်လွှာကို ဒေါသတကြီး ပြောဆိုနေတဲ့ စိုင်းရဲ့ လက်ကို သိမ်မွေ့ထည် ဖမ်းဆွဲကိုင်လိုက်လေသည်။
" ဆေးလည်း ထပ်သောက်ထားပြီးပြီ။ ဒီထက် ပိုပြီး .. ဆိုးလာမှာမဟုတ်ဘူး။ မနက်ကျမှ .. ဆရာဝန် ခေါ်လိုက်မယ် .. "
အစ်မဖြစ်သူအတွက် စိတ်ပူပြီး ပြောဆိုပေးနေတာ ဖြစ်ပေမဲ့လို့ အစ်မလုပ်သူက ဟိုကလေးကြောင့် သူ့ကို မျက်ထောက်နီနီနဲ့ မော့ကြည့်၍ အော်လိုက်တာကြောင့် ဘရန်စိုင်း ပို၍စိတ်တိုသွားလေသည်။ ဒါပေမဲ့ အစ်မလုပ်သူကို စိုင်း မလွန်ဆန်ရဲတာမို့ ဘာမှ ထပ်မပြောပဲ သက်လွှာဘက်သို့သာ လှည့်ကာ စူးစူးရှရှ စိုက်ကြည့်နေတော့သည်။
" မမ နားချင်ပြီကွာ။ မင်းလည်း မင်းအခန်း မင်းပြန်ပြီး နားတော့ စိုင်း "
စိုင်းရဲ့လက်ကို ဖမ်းကိုင်ဆွဲထားတဲ့ လက်ကို သိမ်မွေ့ထည် ပြန်ဖြုတ်ချလိုက်ပြီး သြဇာခညောင်းစွာဖြင့် ပြတ်တောင်းသည့် လေသံနဲ့ ပြောလိုက်တော့ စိုင်းက သက်လွှာကို အခဲမကြေပဲ စိုက်ကြည့်နေရာကနေ အစ်မလုပ်သူဘက်သို့ လှည့်ကာ
" ညကျ အခြေအနေပိုဆိုးလာရင် ကျွန်တော့်ကို ခေါ်လိုက်မမ။ ကျွန်တော် ကိုယ်တိုင် ဆေးရုံလိုက်ပို့ပေးမယ် "
လေသံခပ်တင်းတင်းနဲ့ပြောပြီး အခန်းထဲမှ ခြေလှမ်းကျဲကျဲဖြင့် ချာခနဲ လှည့်ထွက်သွားတဲ့ စိုင်းကို သိမ်မွေ့ထည် နီစွေစွေမျက်ဝန်းတွေနဲ့ စိုက်ကြည့်နေမိသည်။ အိပ်ယာခင်းပေါ်ချထားတဲ့ လက်တစ်ဖက်ကလည်း အိပ်ယာခင်းကို တင်းတင်းကျပ်ကျပ် ဆွဲဆုပ်ထားမိ၏။
လူကြီးတစ်ယောက်ဖြစ်နေပါလျက်နဲ့ သူ့ကလေးကို မဲပြီးဒေါသတကြီး အော်ပြောခဲ့တဲ့ သူ့မောင်ကို သိမ်မွေ့ထည် စိတ်ဆိုးမိသည်။ သူ့အတွက် စိုးရိမ်ပူပန်လို့ ပြောတယ်ဆိုရင်တောင်မှ အခုလို အော်ငေါက်တဲ့အထိတော့ မလုပ်သင့်။ သူတောင်မှ ဒီကလေးကို အသံမာမာနဲ့ တစ်ကြိမ်တစ်ခါလေးတောင် ပြောခဲ့ဖူးတာမဟုတ်။ တခြားလူက ပြောတာမျိုးကိုလည်း တစ်စက်လေးမှ မကြိုက်သလို၊ လက်လည်း လက်မခံနိုင်။
" သက်လွှာ ... "
ခေါ်လိုက်တဲ့ လေသံက စောစောကနဲ့မတူ။ ခုတင်ဘေးမှာ တင်ပလွှဲလေးထိုင်နေတဲ့ သက်လွှာဘက်သို့ လှည့်ကြည့်လိုက်တဲ့ သူ့မျက်ဝန်းတွေကလည်း မာန်မပါတော့။ ရုတ်ချည်း နူးညံ့သိမ်မွေ့သွား၏။
" တီလေး တောင်းပန်ပါတယ် "
အားနာသည့်စိတ်ဖြင့် အစောထဲက သူဆုပ်ကိုင်ထားတဲ့ သက်လွှာရဲ့လက်ကို ပိုမို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပေးထားရင်း ပြောလိုက်တော့ သက်လွှာက ဖွဖွလေးပြုံးပြနေပါသည်။
" လေးလေးစိုင်းက တီလေးအတွက် စိတ်ပူပြီး ပြောတာပါ။ သက်လွှာ နားလည်ပေးနိုင်ပါတယ်။ ကဲ နားတော့နော်။ တီလေး အိပ်ပျော်သွားတဲ့အချိန်အထိ သက်လွှာ ဘေးမှာထိုင်စောင့်နေပေးမယ် "
သက်လွှာထံမှ ထိုသို့ကြားရပြန်တော့ သိမ်မွေ့ထည် ပို၍ ဝမ်းနည်းသွားရသည်။
" ရပါတယ် သက်လွှာရယ်။ ကိုယ့်အခန်းကိုယ်ပြန်ပြီးနားတော့နော် .. လိုအပ်မှ တီလေး လှမ်းခေါ်လိုက်ပါ့မယ် "
စိတ်ထဲ ဝမ်းနည်းနေသော်လည်း အပြုံးလေးနဲ့အတူ သိမ်မွေ့ထည် ဟန်ဆောင်ဖုံးကွယ်ထားရပြန်သည်။ ထိုအခါ သက်လွှာက စားပွဲပေါ်က iphone 5s လေးကို လှမ်းယူ၍ ခုတင်ပေါ်၌ ချပေးပြီးနောက် ..
" ဒါဆိုလည်း ဖုန်းကို ဒီဘေးနားလေးမှာပဲ သက်လွှာ ချပေးထားခဲ့တယ်နော်။ နေလို့ သိပ်မကောင်းဘူးဆိုရင် ဖုန်းလှမ်းဆက်ရမယ်နော် တီလေး .. ကြားရဲ့လား "
လူကြီးလေးတစ်ယောက်လို သူ့ကိုစိတ်ပူတကြီး ပြုမူပြောဆိုပေးနေတဲ့ သက်လွှာကြောင့် သိမ်မွေ့ထည် မျက်ရည်တွေဝေ့ဝဲစွာဖြင့်ပင် ခပ်ပြုံးပြုံးလေး ခေါင်းညိတ်ပြလိုက်ရသည်။
" အေးပါကွယ် "
တကယ်တော့ တီလေးကသူ့ကို မပင်ပန်းစေလိုတာကြောင့် အတင်းပြန်လွှတ်နေမှန်း သက်လွှာသိ၏။ သူဘေးမှာ ဆက်ရှိနေပေးရင်လည်း သူ့ကို အားနာတဲ့စိတ်နဲ့ သူ့တီလေး ကောင်းကောင်း အနားယူနိုင်မှာ မဟုတ်ဘူးဆိုပြီး သက်လွှာ တစ်ဖက်က အခန်းထဲသို့ ပြန်လာခဲ့ခြင်းသာဖြစ်သည်။
အခန်းထဲကို ပြန်ရောက်တော့လည်း ကျောင်းစာတွေ ထိုင်ပြီးလုပ်နေပေမဲ့လို့ စိတ်က ကျောင်းစာထဲမှာ မရှိနေ။ သူ့တီလေးဆီကိုပဲ ရောက်နေ၏။
တစ်နာရီလောက်ကြာတော့မှ သူ့တီလေး အိပ်ပျော်သွားလောက်ပြီအထင်နဲ့ သက်လွှာ တစ်ဖက်အခန်းထဲသို့ ပြန်ကူးလာပြီး အခြေအနေကို သွားပြန်ကြည့်ခဲ့လေသည်။
" အဟင်း .. ဟင်း "
နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခုတင်ပေါ်မှာ တိုးဖွဖွညည်းတွားနေတဲ့ သူ့တီလေးကိုမြင်တော့ သက်လွှာ ရင်ထိတ်သွားသည်။ နဖူးကို ဖွဖွလေး အသာစမ်းကြည့်မိတော့ ကိုယ်က ပူခြစ်တောက်နေသည်။
" အို ဒုက္ခပါပဲ "
စိုးရိမ်စိတ်ဖြင့် တိုးဖွဖွလေး ရေရွတ်ရင်း ဘေးနားချထားတဲ့ ဆေးသေတ္တာကို ဆွဲဖွင့်၍ အပူချိန်တိုင်းကိရိယာကိုယူလိုက်၏။
" ငါဘယ်လို တိုင်းပေးရပါ့ .. "
ခါတိုင်းလိုပဲ ကြိုးတစ်လုံး ရင်ဟိုက် ဂါဝန်ရှည်ပေါ်ကနေမှ ရင်စေ့ ဆွယ်တာ မီးခိုးရောင်လေးကို ထပ်ထားသည့် သူ့တီလေး။ အပူချိန်တိုင်းသည့် ကိရိယာက ချိုင်းထဲကို ထည့်တိုင်းပေးရမှာ ဖြစ်တာကြောင့် သက်လွှာ မဝံ့မရဲဖြစ်နေလေသည်။
" တီလေး .. ကန်တော့နော် "
ရင်စေ့ဆွယ်တာလေး၏ အပေါ်ကြယ်သီးလေးတစ်လုံးကို ဖြုတ်ခါနီးတွင် သူရေရွတ်ပြောဆိုလိုက်တာကိုလည်း သူ့တီလေး ကြားနိုင်လိမ့်မည်မထင်။ နှုတ်ခမ်းဖျားမှ တဟင်းဟင်းနဲ့ ညည်းသံတွေက ဆက်တိုက် ပေါ်ထွက်လို့နေ၏။
" အပူ .. အပူတိုင်းပေးမလို့နော် "
ညာဘက်လက်လေးကို အသာဆွဲကိုင်ပေးထားပြီး အင်္ကျီစကိုလှန်၍ အပူချိန်တိုင်း ကိရိယာကို ချိုင်းကြားထဲသို့ ထိုးထည့်ပေးလိုက်၏။ ၁ မိနစ်ခန့်ကြာတော့
" တီ .. တီ .. တီ "
" ဟင် အဖျားက 103.4°F တောင်ရှိနေတာပါလား။ ဆေးတွေသောက်ထားတာကို ဘာလို့ အပူချိန်က ဒီလောက်အထိ တက်လာရတာလဲ။ ဒုက္ခပါပဲ "
အချိန်က ည ၁၂ နာရီခွဲနေချေပြီ။ အစက ဒေါ်ဒေါ်မြနဲ့ မချိုမာကို သွားခေါ်ဖို့ ကြံရွယ်လိုက်ပေမဲ့လို့ ရေခဲဝတ်ကပ်ပေးပြီး မသက်သာတော့မှပဲ သွားခေါ်မယ်လို့ ကြံရွယ်လိုက်၏။
ချက်ချင်းပဲ အခန်းထဲမှာရှိနေတဲ့ ရေခဲသေတ္တာထဲမှ ရေခဲထည့်ထားသည့် ခွက်ကိုယူ၍ ရေချိုးခန်းထဲသို့ အပြေးရတော့သည်။ ရေခဲတုံးတွေကို ရေအပြည့်ထည့်ထားတဲ့ ခွက်ထဲမှာ မှောက်ချလိုက်ပြီး မျက်နှာသုတ်ပဝါ အသစ် ၂ ထည်ကိုယူ၍ အပြင်သို့ သူ,ကပျာကယာ ပြန်ထွက်လာလိုက်၏။
ပဝါ နှစ်ထည်ကို ရေခဲရေထဲ တစ်လှည့်ဆီ ထည့်စိမ်ပြီး သူ့တီလေးရဲ့ ပူခြစ်တောက်နေတဲ့ နဖူး၊ ပါးပြင်နှင့် လည်ပင်းတစ်လျှောက်ကို မနားမနေ ထိုင်ကပ်ပေးနေမိသည်။
တအောင့်ကြာတော့ အေးမြတဲ့ အထိအတွေ့ကို ခံစားမိလို့ ထင်ပါရဲ့။ သူ့တီလေးရဲ့ မျက်ခွံလေးတွေဟာ အနည်းငယ် လှုပ်ရွလို့လာပြီး ပွင့်ဟလာလေသည်။
" တီလေး ဘယ်လိုနေသေးလဲ။ ဆေးရုံသွားချင်လားဟင် "
လက်ကို ဖွဖွလေး ဆုပ်ကိုင်ပေးထားရင်း သက်လွှာ မေးလိုက်တော့ သူမက ဘာမျှ ပြန်မဖြေသေး။ အဖျားကြီးနေတာကြောင့် သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက နီရဲတွတ်နေပြီး ပါးလေးတွေကလည်း ရဲရဲလေးဖြစ်နေသည်။
" အိပ်တော့လေ ... "
ဖျော့တော့တော့လေသံနဲ့ ပြောလာသည့် သူမ။
" တီလေးက ဒီလောက် နေမကောင်းဖြစ်နေတဲ့ဟာကို။ သက်လွှာက ဘယ်လိုစိတ်နဲ့ အိပ်လို့ရမှာလဲ။ ဆေးရုံသွားကြမလားဟင် .. သွားကြရအောင်လား တီလေးရယ် .. နော် "
သူပြောလိုက်တော့ သူမက မျက်တောင်လေးတစ်ချက် ပုတ်ခတ်ပြကာ ခေါင်းကိုဖြည်းဖြည်းလေးတစ်ချက် ခါပြသည်။ စကားတောင် မပြောနိုင်တော့တဲ့ သူမရဲ့ပုံစံကိုကြည့်ပြီး သက်လွှာ ရင်ထဲနာနာကျင်ကျင် ဝမ်းနည်းခံစားနေရပါသည်။ နဖူးပေါ်မှ ပဝါလေးကို ဖယ်လိုက်ပြီး ရေခဲရေထဲမှ ပဝါအေးအေးလေးကို ရေညှစ်ကာ သူမရဲ့ မျက်ခွံ၊ ပါးပြင်နှင့် လည်တိုင်ဖြူနုနုလေးကို ညင်ညင်သာသာ သုတ်ပေးနေမိရင်း သူ့ပါးစပ်မှ
" သက်လွှာကို ဒီ့ထက်ပိုပြီး စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့တော့ တီလေးရယ် "
ဖျော့တော့တော့ မျက်ဝန်းတစ်စုံနဲ့ သူ့ကိုပြန်ကြည့်နေတဲ့ သူမရဲ့ ပါးပြင်နီမို့မို့လေးတစ်ဖက်ကို သက်လွှာ အသာငုံ့၍ ဖွဖွလေး တစ်ချက် နမ်းရှိုက်လိုက်တော့ သူမရဲ့ မျက်ခွံလေးတွေက အသာလေး မှေးစင်းသွားသည်။
" မြန်မြန်ပြန်ပြီး သက်သာလာပါတော့နော် တီလေး။ တီလေးကို သက်လွှာ ဘယ်လောက်အထိ ချစ်တယ်ဆိုတာ သိတယ်မဟုတ်လားဟင် "
ဝမ်းနည်းမှုကြီးစွာဖြင့် ဆို့နင့်နေသော အသံနဲ့ သူပြောလိုက်တော့ သူမက ဖျော့တော့သော မျက်ဝန်းတစ်စုံနဲ့ သူ့မျက်နှာကို စိုက်ကြည့်နေရှာသည်။ တစ်ဆက်တည်းမှာပဲ သူမရဲ့မျက်ဝန်းအိမ်နှစ်ဖက်၌ မျက်ရည်စတွေ ပြည့်နှက်လာတာကို သက်လွှာ မြင်တွေ့ခွင့်ရလိုက်သည်။
" တီလေးလည်း သိပ်ချစ်တယ် .. အဲ့ဒါကိုသိတယ် မဟုတ်လား "
၅၂၈ နဲ့ချစ်တာလား ဒါမှမဟုတ် ၁၅၀၀ ဆိုတဲ့ မေတ္တာနဲ့လားဆိုတာကိုတော့ သက်လွှာ ပြန်မမေးမိတော့။ မေးလည်း မမေးရက်နိုင်ခဲ့။ သူသိတာက သူ့တီလေး သူ့ကိုသိပ်တန်ဖိုးထားပြီး အရမ်းကို ချစ်ပေးခဲ့တယ်ဆိုတာကိုပဲ။
" သိတာပေါ့ တီလေးရယ် .. "
မျက်ရည်တွေနဲ့အတူ အပြုံးတစ်ခုကို ဖန်ဆင်းရင်း သက်လွှာပြန်ဖြေလိုက်တော့ သူမက ခပ်ဖွဖွလေး ပြုံးပြသည်။ သူဆုပ်ကိုင်ပေးထားတဲ့ လက်ကို သူမကလည်း အားရှိသလောက်လေး ပြန်လည်ဆုပ်ကိုင်ပေးထား၏။ ထို့နောက် မျက်ခွံလေးကို ဖြည်းညှင်းစွာ ပြန်ပိတ်သွားလေသည်။ ပိတ်သွားတဲ့ မျက်ခွံအောက်မှ တိုးထွက်လာသည့် မျက်ရည်စက်လေးတွေကို သက်လွှာ လက်ဖျားလေးနဲ့ အမြတ်တနိုး သိမ်းဆည်းပေးလိုက်ပြီး
" သက်လွှာကိုချစ်တယ်ဆိုရင် မြန်မြန်ပြန်ပြီး နေကောင်းတော့နော်။ တီလေးရဲ့အနားကနေ သက်လွှာ တစ်ဖဝါးမှ မခွာဘူး .. အတူရှိနေပေးမယ် "
ဒီတစ်ခါမှာတော့ သူမရဲ့ နဖူးပြင်လေးကို သူ့ရဲ့အိစက်နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံနဲ့ အပ်နှံထားမိပါတော့သည်။ နူးညံ့ မြတ်နိုးမှု အပြည့်နဲ့ပေါ့ .. ။
X X X X X
မနက်ရောက်တော့ အိမ်ကို ဆရာဝန်ရောက်လာပြီး သိမ်မွေ့ထည် အကြောဆေးတစ်ပုလင်း ချိတ်လိုက်ရသည်။ ဒါ့အပြင် အသားဆေးလည်း ထိုးလိုက်ရသေးသည်။ ဆရာဝန်ပြန်သွားပြီးတဲ့နောက်မှာတော့ ချိုမာက ဆရာဝန်မှာကြားခဲ့သည့်အတိုင်း သိမ်မွေ့ထည်ကို ရေပတ်ဝတ်တိုက်ပေးဖို့အတွက် ပြင်ဆင်ပေးတော့သည်။
" တီလေးကို ရေပတ်တိုက်ပေးမလို့လား အစ်မချိုမာ .. "
" ဟုတ်တယ် ညီမလေး .. "
" ဒီခုတင်ပေါ်မှာပဲ တိုက်ပေးရမှာ မဟုတ်လား အစ်မ "
" ဟုတ်တယ် ညီမလေး။ ရေချိုးခန်းထဲအထိသွားနေရရင် မမလေး ပင်ပန်းမှာစိုးလို့။ ဒီမှာပဲ လုပ်ပေးလိုက်မယ် "
" ဒါဆို သက်လွှာလုပ်ပေးလိုက်မယ်လေ။ ရတယ်မဟုတ်လား အစ်မ "
ခုတင်ဘေးက ကုလားထိုင်ပေါ်သို့ ရေဇလုံတင်နေသည့် ချိုမာကို သက်လွှာ မဝံ့မရဲလေသံလေးနဲ့ပြောလိုက်၏။ ခုတင်ပေါ်မှာ အဖျားရှိန်ကြောင့် မှိန်းနေတဲ့ သိမ်မွေ့ထည်လည်း သက်လွှာရဲ့ အသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။
" ရလား .. ညီမလေး လုပ်ပေးလို့ဖြစ်မလား။ ရတယ်ဆိုရင်တော့ အစ်မ ဈေးခဏလောက်ပြေးလိုက်ဦးမယ်။ မမလေးအတွက် ကြက်စွပ်လေးလုပ်ပေးဖို့အတွက်နဲ့ ဆရာဝန်ရေးပေးခဲ့တဲ့ ဆေးစာထဲက ဆေးတွေ သွားဝယ်ရဦးမှာမို့လို့ "
" သြော် ဒါဆို အစ်မဈေးပဲသွားလိုက်နော်။ တီလေးကို သက်လွှာ လုပ်ပေးလိုက်ပါ့မယ်။ မေမေနေမကောင်းဖြစ်တုန်းကလည်း သက်လွှာပဲ ရေပတ်တိုက်ပေးခဲ့ရတာ။ လုပ်တတ်တယ် စိတ်ချနော် "
" အေးအေး ညီမလေး။ ဒါဆို အစ်မဈေးပြေးလိုက်ဦးမယ်။ အောက်မှာ အန်တီမြတော့ရှိတယ် သိလား။ တစ်ခုခုဆိုရင် လှမ်းခေါ်လိုက်နော် "
" ဟုတ်ဟုတ် အစ်မ "
ချိုမာနဲ့ သက်လွှာတို့နှစ်ယောက် အပြန်အလှန်ပြောဆိုကြပြီးတဲ့နောက် ချိုမာလည်း ထွက်သွားဟန်တူသည်။ အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်မှုက ခေတ္တမျှ ဖုံးလွှမ်းလို့နေ၏။ တအောင့်ကြာတော့ ..
" တီလေး .. အိပ်ပျော်နေတာလားဟင် "
သက်လွှာရဲ့အသံ သဲ့သဲ့လေးထွက်ပေါ်လာတော့ မှိတ်ထားတဲ့ မျက်ခွံလေးကို သိမ်မွေ့ထည် အသာဖွင့်ကြည့်လိုက်လေသည်။
" စောစောနက ချိုမာ့ရဲ့အသံကြားကတည်းက နိုးနေပါပြီ "
တိုးဖျော့ဖျော့ပြန်ပြောလိုက်တော့ ထိုကလေးက လက်ထဲကိုင်ထားတဲ့ တဘက်စအဖြူရောင်လေးကို ထောင်ပြပြီး ပြုံးပြုံးလေးပြော၏။
" ဆရာဝန်က မှာသွားတယ်။ အပူကျပြီး လန်းသွားအောင် ရေပတ်တိုက်ပေးရမယ်တဲ့။ တီလေးလည်း နိုးလာပြီဆိုတော့ လန်းသွားအောင်လို့ ရေပတ်လေးတိုက်လိုက်ပါလား။ သက်လွှာကူညီပေးမယ်လေနော် "
ခါတိုင်းနေမကောင်းဖြစ်ရင် ချိုမာနဲ့ ဒေါ်ဒေါ်မြကပဲ ပြုစုပေးနေကျ။ ယခုလို ထိုကလေးလေး ကူညီပေးမယ်လို့ ပြောလာတော့ သိမ်မွေ့ထည် မငြင်းဆန်လို။ စိတ်ထဲမှာ ကြည်နူးပြီး ဝမ်းသာပီတိဖြစ်မိသည်။ ဒါပေမဲ့ ရှက်စိတ်လေးလည်း အနည်းငယ် ဝင်နေမိ၏။
" သက်လွှာ ၈ တန်းလောက်တုန်းက မေမေ တိုက်ဖွိုက်ဖြစ်ပြီး အပြင်းအထန်ဖျားခဲ့တယ်။ အဲ့ဒီတုန်းက သက်လွှာပဲ မေမေ့ကို အနီးကပ်ပြုစုပေးခဲ့ရတာ "
" သက်လွှာက သမီးအလိမ္မာလေးပဲ .. "
ဖျားနေသေးတဲ့အရှိန်ကြောင့် သိမ်မွေ့ထည် ယဲ့ယဲ့လေးသာပြုံးပြီး အသံတိုးတိုးလေးပဲ ပြန်ပြောတိုင်ရှာသည်။ လက်တစ်ဖက်ကိုထောက်ပြီး ထဖို့ဟန်ပြင်မိတော့ သက်လွှာက ဘေးကနေ အလိုက်တသိနဲ့ ဖြည်းဖြည်းလေးဆွဲထူပေး၏။ ခေါင်းက ကိုက်နေသေးတာကြောင့် နားထင်ကို လက်ဖြင့် ဖိထားရသည်။
" ခေါင်းတအားကိုက်နေသေးတာလားဟင် တီလေး "
စိုးရိမ်မှုတွေဖုံးလွှမ်းနေတဲ့ မျက်ဝန်းနေနဲ့ မေးနေတဲ့ ကလေးလေးကို သိမ်မွေ့ထည် ပြုံးပြုံးလေးငေးကြည့်နေမိပြန်သည်။ နေမကောင်းဖြစ်နေချိန်မှာ ဒီကလေးလေးဆီကနေပြီး နွေးထွေးတဲ့ ပြုစုမှု၊ ဂရုစိုက်မှုလေးတွေခံရတော့ ရင်ထဲအတိုင်းမသိအောင် ဝမ်းသာကြည်နူးရသည်။
" နည်းနည်းတော့ ကိုက်သေးတယ်။ မနေ့ညကလောက်တော့ မဆိုးတော့ပါဘူးကွယ် "
" ဟုတ်ဟုတ်။ ဒါဆို ရေပတ်ဝတ်ကို ခပ်မြန်မြန်လေးပဲ တိုက်ပေးမယ်နော် "
" ဟုတ်ပါပြီကွယ် .. နေဦး တီလေး ဒီဘက်ကို လှည့်ထိုင်ပေးမယ် "
လေသံဖွဖွနဲ့ ပြန်ပြောရင်း ထိုကလေးကို ကျောပေး၍ သူခုတင်စောင်း၌ ခြေဆင်းထိုင်လိုက်သည်။ ထို့နောက် ဆွယ်တာအင်္ကျီပေါ်မှ ကြယ်သီးတို့ကို တစ်လုံးချင်း ဖြည်းညှင်းစွာဖြုတ်ချ၍ အပေါ်ထပ် ဆွယ်တာအင်္ကျီလေးကို မိမိဘာသာပဲ ဆွဲချွတ်လိုက်သည်။ တဘက်ကို ရေစွတ်ပြီး သက်လွှာအနားသို့ တိုးကပ်လာသည်ကို သိလိုက်ရတဲ့အချိန်၌ သိမ်မွေ့ထည် စိတ်ထဲ အနည်းငယ်လှုပ်ရှားလာသလိုရှိ၏။ ရင်ထဲ တလှပ်လှပ်နဲ့။ ရှက်ရွံ့သလိုလို .. မဝံ့မရဲ ဖြစ်နေသလိုလို။ ရင်တွေက တဒိတ်ဒိတ်နဲ့ တုန်လာချေပြီ။
" နောက်ကျောက ဂါဝန်ဇစ်ကို သက်လွှာ ဆွဲဖြုတ်ပေးရမှာလားဟင် တီလေး "
" ဟင် .. အင်း သက်လွှာ .. "
အနောက်မှာရှိတဲ့ သက်လွှာရဲ့ဘက်သို့ ခေါင်းတစ်ခြမ်းကို စောင်းငဲ့လိုက်ပြီး အသံကို မတုန်အောင်လို့ သူ,မနည်းထိန်းပြောလိုက်ရသည်။ ဇစ်ကို အသာလေး ဆွဲချလိုက်တဲ့ အသံကိုကြားသည့်ရချိန်၌ သိမ်မွေ့ထည် ရင်ထဲ အေးခနဲ၊ စိမ့်ခနဲဖြစ်သွား၏။ ရင်ခုန်နှုန်းက တစ်စထက် တစ်စ ပိုမိုပြင်းထန်နေတာကြောင့် သိမ်မွေ့ထည် သူ့ကိုယ်သူ သံသယဝင်စပြုလာသည်။
'တူမလေးလို ၊ ညီမငယ်လေးတစ်ယောက်လို ချစ်ရတဲ့ ကလေးလေးက ငါနေမကောင်းဖြစ်နေတဲ့အချိန်မှာ ပြုစုပေးနေတာကို .. ငါ့ဘက်က ဒီလောက်အထိ စိတ်တွေလှုပ်ရှားပြီး ရင်တွေခုန်နေဖို့ လိုအပ်လို့လား သိမ်မွေ့ထည် '
သူ့စိတ်ထဲ မေးခွန်းတွေနဲ့ တွေဝေနေချိန်တွင် သက်လွှာထံမှာ စကားလေးတစ်ခွန်း ခပ်သဲ့သဲ့ပေါ်ထွက်လာသည်။
" ဟို .. သက်လွှာ အတွင်းအင်္ကျီပါ ဖြုတ်ပေးမယ်နော် .. "
ထိုအသံကိုကြားပြီး ရင်ထဲလှပ်ခနဲအေးသွားကာ အစထဲက ခြောက်နေတဲ့ အာခေါင်က ပိုပြီး ခြောက်ကပ်လာသလိုရှိတာကြောင့် တံတွေးတစ်ချက်မြိုချရင်း ခေါင်းသာ အသာညိတ်ပြလိုက်ရ၏။
ထိုကလေးလေးက သူ့ရဲ့ အတွင်းခံအင်္ကျီချိတ်လေးတွေကို တစ်ထစ်ချင်းဆီ ဖြုတ်ချနေပြီဆိုတဲ့ အသိက သူ့စိတ်ကို ဆောက်တည်ရာမရဖြစ်လာစေပြန်သည်။ အမှန်အတိုင်းပြောရလျှုင် ဒါသူ့ဘဝမှာ ပထမဦးဆုံးအကြိမ်မြောက် ခံစားဖူးတဲ့ ရင်ခုန်မှုနဲ့ စိတ်လှုပ်ရှားမှုတစ်ခု။ သူ့ကျောပြင်ကို ထိုကလေးလေးရဲ့ လက်ချောင်းလေးတွေ လာရောက်ထိတွေ့တဲ့အချိန်တိုင်းမှာလည်း ရင်ထဲ သိမ့်ခနဲဖြစ်ဖြစ်သွားကာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်တက်လာသည့် ခံစားချက်။ လက်မောင်းမှ မွှေးညှင်းလေးများပင် ထောင်နေချေပြီ။
" တီလေး .. "
" ဟင် .. "
ခပ်တိုးတိုးလေး ခေါ်တဲ့ထိုကလေးကို သူ 'ဟင်' ဟုအသံထွက်တယ်ဆိုရုံလေးမျှသာ တုံ့ပြန်နိုင်ခဲ့သည်။ ခေါင်းကို အရှေ့တည့်တည့်သို့ ပြန်လှည့်ပြီး လုံးဝကျောပေးထားကာ အနောက်သို့ တစ်စက်လေးမျှပင် ပြန်မလှည့်ရဲ။ ရှက်စိတ်ကြောင့် အတွင်းခံမရှိတော့ပဲ လစ်ဟာနေတဲ့ ရင်သားမို့မို့ပေါ်သို့ ဘယ်လက်လေးနဲ့ အသာယှက်သွယ်ထားရင်း အနောက်က သက်လွှာရဲ့ အသံကို နားစွင့်နေမိသည်။
" တီလေး ရှက်နေတာလားဟင် "
" ဟင် .. မဟုတ် .. မရှက်ပါဘူး "
သူအသံကို မတုန်အောင်လို့ ဂရုစိုက်ထိန်းပြောနေသည့်ကြားမှ အသံက တုန်ဖြစ်အောင် တုန်သွားသေးသည်။
" မရှက်ဘူးသာ ပြောတယ် တီလေးရဲ့ လက်မောင်းက အမွှေးလေးတွေက ထောင်နေတယ် "
ရယ်သံသဲ့သဲ့လေးနဲ့ လှမ်းပြောနေတဲ့ ထိုကလေးလေးကြောင့် သူမျက်နှာတစ်ခုလုံး ပူထူသွားသည်။ သူ့ရဲ့ ညာဘက်လက်မောင်းကို ဖြည်းဖြည်းလေး မြှောက်ကိုင်ပေးထားရင်း အေးမြသောရေစိုဝတ်နှင့် ပွတ်တိုက်ပေးနေသည့် သက်လွှာ။ သူဘာမျှ ပြန်မဖြေပဲ နှုတ်ဆိတ်နေတော့ သက်လွှာက ရယ်သံလွင်လွင်ဖြင့် ထပ်မံပြောပြန်သည်။
" သက်လွှာကို မရှက်ပါနဲ့ တီလေးရဲ့။ ဒါက ကျန်းမာရေးကြောင့်လေ။ ရှက်စရာမှ မဟုတ်ပဲ။ တီလေးသိလား သက်လွှာက အခုလိုမျိုး တီလေးကို ပြုစုခွင့်ရတာကို ဝမ်းသာနေတာ "
သက်လွှာရဲ့ စကားလေးတစ်ခွန်းက ရှက်စိတ်တွေဖုံးလွှမ်းနေတဲ့ သိမ်မွေ့ထည်ကို ကြည်နူးခြင်းဘက်သို့ ဦးတည် ဆွဲခေါ်သွားနိုင်ခဲ့သည်။ နှုတ်ခမ်းလွှာနှစ်ချပ်ကို အပေါ်သို့ကော့ညွှတ်နေအောင် တွန့်ချိုးထားသော သိမ်မွေ့ထည်၏ မျက်နှာကအပြုံးကို သက်လွှာ မြင်တွေ့ခွင့်မရခဲ့။
" ရပြီ .. ဟိုဘက်လက်ပေး "
ဘယ်ဘက်လက်ကို အသာလေးလာရောက် ကိုင်တွယ် ထိတွေ့နေတဲ့ သက်လွှာရဲ့လက်ချောင်းလေးတွေကြောင့် ကျောရိုးတစ်လျှောက် ထပ်မံ၍ အေးစိမ့်သွားရပြန်သည်။
သူ့ရဲ့ရင်ခုန်နှုန်းနဲ့ အသက်ရှုသံတွေ ပိုပိုပြီး ပြင်းထန်လာလာသည်။ နားထင်မှ သွေးကြောကလည်း တဒိတ်ဒိတ်ဖြင့် အသံပင်ကြားနေရသည်။
အေးမြနေတဲ့ တဘက်စက သု့ရဲ့ လက်မောင်းတစ်လျှောက်နဲ့ ကျောပြင်တစ်လျှောက်ပေါ်၌ ခေါက်တုံ့ခေါက်ပြန် ရွေ့လျားလို့နေသည်။ တစ်ခါတစ်ရံမှာ ကျောပြင်ကို ပွတ်တိုက်ရှပ်ပြေးသွားတဲ့ သက်လွှာရဲ့ လက်ချောင်းလေးတွေ .. ။ ဤအထိအတွေ့လေးကပင် သူ့ရင်ကိုခုန်အောင် ပြုစားနိုင်ပြီး စိတ်ကြည်နူးမှုကို ဖြစ်ပေါ်လာစေသည်။ သက်လွှာရဲ့ လက်ချောင်းလေးတွေ ဘယ်အချိန်များ သူ့ရဲ့ကျောပြင်ပေါ်ကို ထပ်မံရှပ်ပြေးသွားမလဲဆိုတာကို စောင့်မျှော်နေရင်းကနေ စိတ်ကပိုပိုလှုပ်ရှားလာသည်။
ဤအချိန်ကျမှ သူတဖြည်းဖြည်းနဲ့ ပိုပိုသဘောပေါက်လာသည်။ ဒီကလေးနဲ့နီးနီးကပ်ကပ်ရှိတဲ့ အချိန်တိုင်းမှာ ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက် .. ။ ဘယ်တော့မှ အမျိုးအမည်ခွဲခြားလို့ မရခဲ့သည့် ထိုခံစားချက် .. ။ ယခုတော့ ဒီခံစားချက်တွေဟာ ခေါင်းစဉ်တပ်လို့ ရလုနီးပါးဖြစ်လာပြီး ရုပ်လုံးက တဖြည်းဖြည်းပေါ်လာလေပြီ။
" တီ .. တီလေး .. ဟို .. အရှေ့ .. အရှေ့ဘက်က ဘယ်လိုလုပ်မှာလဲဟင် "
ရုတ်တရက် ထွက်ပေါ်လာတဲ့ ထိုကလေးရဲ့ အသံသဲ့သဲ့လေး။
" အာ .. ရ .. ရတယ် .. သက်လွှာ။ တီလေးကို တဘက်ပေး။ တီလေးဘာသာပဲ ဆက်လုပ်မယ်နော် .. "
သူ့တစ်ကိုယ်လုံးထူပူလာကာ ရင်တွေတဒိတ်ဒိတ်ဖြင့် နှလုံးခုန်သံတွေက အပြင်သို့ပင် လျှံထွက်လုနီးပါးဖြစ်နေချေပြီ။ ဒါ့ကြောင့် ထိုကလေး မရိပ်မိနိုင်လောက်သေးသည့် အချိန်တိုအတွင်းလေးမှာပဲ .. ။
" သက်လွှာ "
" ဟင် .. အဲ .. ရှင် .. ရှင် တီလေး "
သက်လွှာကမ်းပေးတဲ့ တဘက်ကို ယူလိုက်ပြီးတဲ့နောက် အနောက်သို့မလှည့်ပဲနဲ့ သူခေါ်တော့ ဟိုက အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်ဖြေရှာသည်။
" သက်လွှာ အပြင်ကို ခဏလောက်ထွက်ပေးလို့ရမလားဟင် "
စိတ်လှုပ်ရှားနေတာကို မဖော်ပြလိုတာကြောင့် သူအသံကို အတတ်နိုင်ဆုံး ထိန်းပြီးပြောလိုက်တော့ .. ။
" သြော် .. ဟုတ် ဟုတ်။ တီလေးရဲ့ အဝတ်အစားအသစ်တွေက ဒီဘက်ဘေးက ခုံပေါ်မှာနော်။ တဘက်အသစ်ကောပဲ။ ရေပတ်ဝတ်တိုက်ထားလို့ ရေစိုနေတဲ့ နေရာတွေကို အရင်ခြောက်အောင်သုတ်ပြီးမှ အင်္ကျီဝတ်နော် တီလေး "
" အေးပါကွယ် .. "
သက်လွှာအခန်းထဲမှ ထွက်ခွာသွားတဲ့ အချိန်ကျမှပဲ သိမ်မွေ့ထည် သက်ပြင်း ဟူးခနဲ ချရဲတော့သည်။
" မဖြစ်ဘူး။ ငါဒီလိုတွေ ဖြစ်နေလို့မရဘူးလေ။ ငါသက်လွှာအပေါ် ဒီလိုခံစားချက်တွေ ရှိလို့ မဖြစ်ဘူး .. ဘုရား ဘုရား။ ငါဘာတွေ ဖြစ်နေတာပါလိမ့် "
တဒိတ်ဒိတ်တိုးနေတဲ့ နားထင်ပေါ်သို့ လက်ဖြင့်ဖိညှစ်ထားရင်း တစ်ကိုယ်ကြားရုံစာမျှ ရေရွတ်နေမိသည်။
'ချိုမာနဲ့ ဒေါ်ဒေါ်မြလည်း ငါ့ကိုအခုလို အကြိမ်ကြိမ် လုပ်ပေးဖူးပါတယ်။ ဘာလို့ ဘာလို့ဒီကလေးနဲ့ကျမှ ငါက အခုလိုမျိုး ဆောက်တည်ရာမရအောင် ဖြစ်နေရတာလဲ။ ဒါမဖြစ်သင့်ဘူးနော် သိမ်မွေ့ထည်'
မဖြစ်သင့်ဘူး ဆိုပြီးတော့သာ သူအကြိမ်ကြိမ် စိတ်ထဲကနေ ရေရွတ်နေမိသည်။ ဒါပေမဲ့ သူ့ရင်ထဲမှာ ယခုဖြစ်ပေါ်နေတဲ့ ခံစားချက်က ဘာဆိုတာကို သူကောင်းကောင်းကြီးသိနေပြီ ဖြစ်သည်။
ဆယ်ကျော်သက်အရွယ်တုန်းက ဖြစ်ပေါ်ခဲ့ဖူးတဲ့ ခံစားချက်နဲ့ တစ်ထပ်တည်း .. ၊ တစ်ထေရာတည်းပင်။ သူတက္ကသိုလ်တက်စ အရွယ်တုန်းက ကိုပြည့်ဖြိုးအောင်နဲ့ ချစ်ကြိုက်ခဲ့ပြီး .. ထိုအမျိုးသားနဲ့ အတူတူရှိနေခဲ့တဲ့အချိန်တွေမှာ ဖြစ်တည်လာတဲ့ ရင်ခုန်ခြင်း၊ စိတ်လှုပ်ရှားခြင်းနဲ့ ကြည်နူးပျော်ရွှင်ခြင်း .. ။
ယခု သက်လွှာနဲ့ အတူတူ အနီးကပ်ရှိနေရတဲ့ အချိန်တွေကျမှ ထိုခံစားချက်က တစ်ထေရာတည်း ထပ်တူညီစွာ ဖြစ်ပေါ်လာတယ်တဲ့လား .. ။
ဟုတ်တယ် ဒါဟာ အမှန်စင်စစ် ရင်ခုန်ကြည်နူးမှုပါ။ ရင်ခုန်ခြင်းရဲ့ အနောက်မှာ ကြည်နူးမှုပါ ကပ်လျက် ပူးတွဲပါလာသည့် အချစ်ဆိုတဲ့ ခံစားချက်မျိုး။
'မဖြစ်ဘူး။ မဖြစ်ဘူးနော် သိမ်မွေ့ထည်။ ဒီကလေးအပေါ်မှာတော့ ၁၅၀၀ ချစ်ခြင်းမျိုးနဲ့ ငါလုံးဝ ချစ်လို့မဖြစ်ဘူး။ ကလေးက ငယ်သေးလို့ သူ့ရဲ့ခံစားချက်တွေကို ထင်ယောင်ထင်မှားနဲ့ အမှတ်မှားတယ်ဆိုတာမျိုးက လက်ခံပေးလို့ရတယ်။ ဒါပေမဲ့ နင်ကတော့ အဲ့လိုဖြစ်လို့ လုံးဝမရဘူးလေ။ အဖြူထည်သံယောဇဉ်ထက် စည်းဘောင်ကျော်လို့ မရဘူးဆိုတာကို နင်ကောင်းကောင်းကြီး သိနေပါရက်သားနဲ့ .. ဘာလို့လဲ။ ဘာ့ကြောင့်များ ... '
အတွေးစ တစ်ခုရဲ့ အဆုံးသတ်၌ သိမ်မွေ့ထည် ရင်ထဲတင်းကျပ်စွာဖြင့် မျက်ဝန်းနှစ်ဖက်မှ မျက်ရည်ပူများ စီးကျလို့လာပါတော့သည်။
ဒါဟာ သံယောဇဉ်ထပ် ကျော်လွန်လာတဲ့ အချစ်တစ်ခု ဆိုခဲ့လျှင် .. ။
ဒီအချစ်ဟာ မချစ်သင့်သည့် အချစ်။ ဒါကို သိမ်မွေ့ထည် ကောင်းကောင်းကြီးသိနေသည်။
'ရင်ထဲက ခံစားချက်က အဖြူပေါ်အရောင်စွန်းထင်းချင်လာပြီဆိုရင်တောင် ဒီနေရာမှာပဲ စည်းနဲ့ ကန့်ထားနိုင်ရမယ်။ ငါဟာ ဒီကလေးလေးကို စောင့်ရှောက်ကာကွယ်ပေးရမဲ့လူ။ ဟုတ်တယ် ကာကွယ်ပေးရမှာ။ စောင့်ရှောက်ပေးရမှာ။ အတ္တတွေနဲ့ လောဘ၊ ရမက်တွေပါဝင်တဲ့ ၁၅၀၀ ချစ်ခြင်းမျိုးနဲ့ ချစ်ရမှာ မဟုတ်ဘူး။ အေးချမ်းတဲ့ ၅၂၈ မေတ္တာတရားနဲ့ပဲ ကာကွယ်စောင့်ရှောက်ပေးရမှာ။ ကိုယ့်ရဲ့ခံစားချက်အမှန်ကို ရိပ်မိသွားပြီဆိုရင်တောင်မှ အခြေအနေတွေ မလွန်လာခင်မှာ ရပ်တန့်ပစ်လိုက်ရမှာက .. '
' ငါလုပ်ကိုလုပ်ရမဲ့ တာဝန်တစ်ခုပဲ မဟုတ်လား '
အမျိုးသမီးအချင်းချင်းပေါ် ရင်ခုန်လို့ မဖြစ်ဘူးဆိုတဲ့ စည်းဘောင်ဆိုတာထက် .. သူနဲ့ သက်လွှာရဲ့ ကြားက စည်းဘောင်က လုံးဝဖျက်စီးပစ်လို့မရတဲ့ စည်းဘောင်မျိုး။
သက်လွှာရဲ့မိဘတွေကို ဆုံးပါးသွားအောင် ပြုလုပ်ခဲ့တဲ့ အဓိက တရားခံက သူ ဆိုတဲ့တဲ့ အကြောင်းအရင်း တစ်ခုတည်းနဲ့ပဲ ... ထိုချစ်ခြင်းဟာ ဖြတ်ကျော်လို့မရတဲ့ စည်းဘောင်အထူကြီး ဖြစ်နေခဲ့ပြီလေ။
ထိုကလေးကို ဖြူစင်တဲ့မေတ္တာတရားနဲ့သာ ကာကွယ်စောင့်ရှောက်ပေးရမည်ဆိုသည့် စည်း။ ထိုစည်းဟာ တစ်ခုတည်းဆိုရင်တောင်မှ ... သိမ်မွေ့ထည်အတွက်တော့ လုံးဝကို မကူးဖြတ်သင့်သည့် စည်းဖြစ်နေချေပြီ။
'ငါ့ခံစားချက်တွေကို ဒီနေရာမှာတင် ရိုက်ချိုးချပစ်မယ်ဆိုရင် မီနိုင်ပါသေးတယ်။ မီလောက်ပါသေးတယ် သိမ်မွေ့ထည်ရယ် .. '
အဆုံးသတ်မှာ နာနာကျင်ကျင်နဲ့ စိတ်ထဲကနေ ရေရွတ်လိုက်တဲ့ စကားတစ်ခွန်းကို အခန်းအပြင်ဘက်မှာ ရပ်စောင့်နေတဲ့ သက်လွှာကတော့ ဘယ်လိုမှ ကြားနိုင်မည် မဟုတ်ချေ။
X X X X X
Author Note :
ဒီအပိုင်းလေးကိုတော့
Special Episode လေးအဖြစ် မိုးသတ်မှတ်ထားခဲ့လိုက်ပါတယ်
ဘာလို့လည်းဆိုတော သိမ်မွေ့ထည်ရဲ့ဘက်ကနေပြီး သူ့ရဲ့ ခံစားချက်တွေကို တိတိကျကျ မြင်သာသွားတဲ့ အခန်းလေးဖြစ်နေလို့ပါ
ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း န်မှန်းကြည့်ပေးကြပါဦးနော် ❤️
Continue Reading
You'll Also Like
263K 41.8K 105
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
84.4K 11.2K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
334K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1.2M 65.1K 51