Elegant

By JE_Rain

216K 21.5K 2.3K

လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) More

1 (Unicode)
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Unicode)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
8 (Zawgyi)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
12 (Zawgyi)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
19 (Zawgyi)
20 (Unicode)
21 (Unicode)
21 (Zawgyi)
22 (Unicode)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
28 (Zawgyi)
29 (Unicode)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)
40 Final (Unicode)
40 Final (Zawgyi)

20 (Zawgyi)

1K 30 1
By JE_Rain

ညစာစားဖို့အတွက် အောက်ထပ်သို့ သိမ်မွေ့ထည် ဆင်းလာတော့ သက်လွှာက မရောက်သေး။

" စားနှင့်တော့မလား မမလေး .. "

ချိုမာကမေးတော့ သိမ်မွေ့ထည် ခေါင်းသာခါပြလိုက်ပြီး သက်လွှာ ဆင်းလာမည့်အချိန်အထိ ထိုင်စောင့်နေမိသည်။ အချိန်ကား ည ၈ နာရီကျော်နေချေပြီ။ ခါတိုင်းဆိုလျှင် ၇ နာရီထိုးတာနဲ့ ထမင်းဝိုင်းကို ဦးစွာရောက်နှင့်နေတတ်တဲ့ သက်လွှာက ယနေ့တော့ ၈ နာရီကျော်တဲ့အချိန်အထိ ပေါ်မလာခဲ့။ ချိုမာနဲ့ ဒေါ်ဒေါ်မြတို့နှစ်ယောက်လည်း ဘာမှထပ်ပြီး မပြောဝံ့ကြ။ သူတို့ရဲ့ မမလေး မျက်နှာအရိပ်အချည်ကိုသာ စောင့်ကြည့်နေကြသည်။

" ချိုမာ ... "

" ရှင်မမလေး"

" သက်လွှာတစ်ခုခုများဖြစ်နေသလားဆိုတာကို အခြေအနေသွားကြည့်ပေးပါဦး "

" ဟုတ်ကဲ့ .. "

ဒီလိုနဲ့ ချိုမာတစ်ယောက် အပေါ်တက်သွားသည်။ ပြန်ဆင်းလာတော့

" ညီမလေးသက်လွှာက ရင်ထဲမှာ အစာမကြေသလိုဖြစ်နေလို့ ညစာတမင် လာမစားတော့တာတဲ့ မမလေး "

ညနေက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် သူ့ကိုယခုထိ စိတ်ဆိုးမပြေသေးလို့ မျက်နှာချင်းမဆိုင်ချင်တာနဲ့ တမင်ဆင်းမစားတာလားလို့ သိမ်မွေ့ထည် တွေးမိလိုက်သည်။ ဒါပေမဲ့ တကယ်ပဲ အစာမကြေဖြစ်ပြီး နေမကောင်းဖြစ်နေမှာကိုလည်း စိုးရိမ်မိပြန်သည်။ သူကိုယ်တိုင် တက်သွားပြီး အခြေအနေကို သွားကြည့်ချင်ပေမဲ့လို့ တကယ်လို့များ သက်လွှာက သူ့ကို တမင်ရှောင်နေတာဆိုလျှင် သူ့ကလေးလေး အနေရခက်သွားမှာကို စိုးထိတ်မိတာကြောင့်

" အစာလုံးဝမရှိရင် ပိုဆိုးလိမ့်မယ်။ ကိတ်မုန့်နဲ့ ချောကလက်ပူပူလေး တစ်ခွက်လောက်ဖျော်ပြီး သွားပို့ပေးလိုက်ပါဦး ချိုမာရယ်။ အခြေအနေက ဘယ်လိုရှိလဲ။ တအားဆိုးတဲ့ပုံပေါ်လား။ ဆိုးရင်တော့ ချက်ချင်းဆရာဝန်အိမ်ပင့်ရမယ် "

" အရမ်းကြီး ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး မမလေး။ ချိုမာလည်း သေချာမေးကြည့်ခဲ့သေးတယ်။ ဒီတိုင်း အစာမကြေရုံလောက်ပါပဲတဲ့ "

" ဒါဆိုရင် မမရဲ့အခန်းထဲက ဆေးသေတ္တာလေးထဲကနေပြီး Digene ဆေးကဒ်လေးပါ ယူသွားပေးလိုက်နော်။ အစာလေးနည်းနည်းဝင်အောင်ကျွေးပြီး ဆေးတစ်လုံးတိုက်လိုက် "

" ဟုတ်ကဲ့ပါ မမလေး "

ကိတ်မုန့်ပန်းကန်နဲ့ ချောကလက်ခွက်လေးကိုကိုင်ပြီး အပေါ်ပြန်တက်သွားတဲ့ ချိုမာကို လှမ်းကြည့်နေရင်း သိမ်မွေ့ထည် သက်ပြင်းချမိသည်။ စိတ်ပူနေပေမဲ့လို့ သူ့ကြောင့် သူ့ကလေးလေး စိတ်အနှောက်အယှက် ပိုဖြစ်သွားမှာကိုလည်း သူ,မလိုလားပြန်။

" ဒေါ်ဒေါ်မြ .. ကျွန်မကိုလည်း ချောကလက်လေး တစ်ခွက်လောက်ပဲ ဖျော်ပေးပါတော့။ ထမင်းမစားချင်တော့လို့ "

" အေးအေး သမီး .. "

ဒေါ်ဒေါ်မြ အနားကထွက်သွားတော့မှ နားထင်ကို လက်ဖြင့်ဖိထားရင်း သိမ်မွေ့ထည် သက်ပြင်းသာ အကြိမ်ကြိမ်ချနေပါတော့သည်။

X    X    X    X    X

တံခါးခေါက်သံကြားတော့ လှဲအိပ်နေတဲ့ သက်လွှာ ချက်ချင်းငေါက်ခနဲ ထထိုင်မိသည်။ သူ့တီလေး ဝင်လာမည်အထင်နဲ့ တံခါးကို ပြူးပြူးလေးကြည့်လို့နေသည်။ သူ့တီလေး မဟုတ်ပဲ အစ်မချိုမာ ဖြစ်နေတော့ သက်လွှာရဲ့ မျက်လုံးလေးတွေက အရောင်မှေးမှိန်လို့သွားသည်။

" မမလေးက ညီမလေးအတွက်ဆိုပြီး ပို့ခိုင်းလိုက်တာ။ ဘာမှမစားရင် ပိုပြီးနေမကောင်းဖြစ်နေလိမ့်မယ်။ ထပြီးတော့ နည်းနည်းလောက်ဝင်အောင်စားလိုက်နော် ညီမလေး။ ပြီးရင် ဒီဆေးလေး တစ်လုံးကို ဝါးစားလိုက် "

" ဟုတ်ကဲ့ .. ခဏနေရင် သက်လွှာ ထစားလိုက်ပါ့မယ်။ ဒီစားပွဲပေါ်မှာပဲ တင်ထားပေးပါနော် "

" ဒါဆို အစ်မဒီမှာတင်ခဲ့ပြီနော် "

အစ်မချိုမာ ပြန်ဆင်းသွားတော့ သူခုတင်ပေါ် ပြန်လှဲချပစ်လိုက်သည်။

" နည်းနည်းလေးတောင် ငါ့ကိုလာမကြည့်ဘူး။ ဒေါ်သိမ်မွေ့ထည် ရှင်ဟာလေ တော်တော်လေးကို ... အကျင့် မကောင်းဘူး "

တကယ်တော့ သူ့တီလေးကိုယ်တိုင် အခန်းထဲသို့ လာကြည့်မည့်အချိန်ကို သက်လွှာ စောင့်မျှော်နေမိခြင်းဖြစ်၏။ သူနေမကောင်းဘူးဆိုလျှင် လာကြည့်မှာသေချာတယ်လို့လည်း စိတ်ထဲမှာ တွေးထားခဲ့မိတာ။ တကယ်တမ်းကျ သူတွေးထားသလို စောင့်မျှော်နေတဲ့ သူမက တစ်ညလုံးရောက်မလာခဲ့ပါ။ စိတ်ထဲမှာ ဝမ်းနည်းမိသလို ရောက်မလာတဲ့ သူမရဲ့အပေါ်ကိုလည်း ပို၍ စိတ်ကောက်နေခဲ့မိ၏။

မနက်ရောက်တော့ ..

" ကြီးကြီးမြ .. ဒီနေ့ သမီး မနက်စာ မစားတော့ဘူး။ ကျောင်းမှာ Tutorial ရှိလို့ စောစောသွားတော့မယ် "

" ဒါဆိုလည်း လမ်းမှာစားရအောင် ကြီးကြီး မုန့်ထည့်ပေးလိုက်မယ်လေကွယ် "

" ရတယ် ကြီးကြီးမြ။ ကျောင်းရောက်မှပဲ ဝယ်စားလိုက်တော့မယ်။ သြော် .. နောက်ပြီး .. ဒီညနေ သမီးပြန်တာ နောက်ကျမယ်နော်။ သူငယ်ချင်းတစ်ယောက်က သူ့မွေးနေ့ပွဲကို ဖိတ်ထားလို့။ အဲ့ဒါ ကြီးကြီးမြပဲ တီလေးကို ပြောပေးပါတော့နော် "

" အေးအေး သမီး "

တကယ်တော့ သူမဆီမှာ ကိုယ်တိုင်ခွင့်တောင်းမလို့ပါပဲ။ ဒါပေမဲ့ မနေ့ညက သူ့ဆီလုံးဝရောက်မလာတဲ့ သူမ၊ သူ့ကိုပစ်ထားတဲ့ သူမကို တကူးတကပြောပြမနေချင်တော့ပါ။ 'သူတောင်ငါ့ကို ပစ်ထားသေးတာပဲ ငါလည်း ပြောမနေဘူး´ဟု စိတ်ထဲကနေ ရေရွတ်ပြီး သက်လွှာ နှုတ်ခမ်းကြီး စူ၍ ထွက်လာခဲ့လိုက်တော့သည်။

ကျောင်းရောက်တော့လည်း တစ်နေကုန်မျက်နှာကြီး စူပုတ်လို့နေသည်။

" ဟဲ့ သက်လွှာ နင်ဒီနေ့ ဘာဖြစ်လာလို့လဲ။ မနက်ထဲက မျက်နှာကြီး စူပုတ်နေတာပဲ "

ကန်တင်းမှာ နေ့လည်စာ စားနေကြရင်း ပြည့်ဖူးကမေးတော့ သူခေါင်းခါပြလိုက်သည်။

" ဘာမှ မဖြစ်ပါဘူးဟာ "

" မညာစမ်းပါနဲ့ သက်လွှာရာ။ နင်တစ်ခုခုဖြစ်ထားတယ်ဆိုတာ ကျိန်းသေတယ် "

" မဖြစ်ပါဘူးဆို တာရာရယ်။ ဒါနဲ့ နင်ဒီနေ့ကော ကားယူလာလား တာရာ "

" အေး ယူလာတယ် "

" ငါလည်းဒီနေ့ ကိုယ်တိုင်ပဲမောင်းလာတာ။ ညနေအတန်းပြီးရင် နင်တို့နောက်ကနေ ငါလိုက်ခဲ့မယ်။ ပြည့်ဖူးရဲ့ အိမ်မှာပဲ အဝတ်အစားလဲလိုက်တော့မယ်။ အိမ်ပြန်မနေချင်တော့လို့ "

" အေးအေး .. ဒါနဲ့ မွေးနေ့ရှင် ပျောက်နေသလိုပဲ။ မနက်ကပဲ တွေ့လိုက်တယ်။ Tuto ဖြေပြီး အတန်းလစ်ပြီထင်တယ်ကွ ဒီကောင် "

" မွေးနေ့ပဲ .. မိသားစုနဲ့ ဘုရားတွေဘာတွေ သွားဦးမှာပေါ့ဟယ် "

တာရာနဲ့ ပြည့်ဖူး ပြောနေကြတဲ့ စကားတွေကို သက်လွှာ အာရုံထဲ မရောက်။ အရှေ့ချထားတဲ့ ကြံရည်ခွက်ကိုသာ ကောက်မော့ရင်း ရေခဲတုံးတွေကို ဝါးစားနေမိသည်။ ရင်ထဲမှာ မွန်းကြပ်နေရသည်လေ။ သူမဆိုတဲ့ ဒေါ်သိမ်မွေ့ထည်အကြောင်း စဉ်းစားမိလိုက်ရင် ရင်ထဲပြည့်ကျပ်ပြီး ဝမ်းနည်းသလိုလို နာကျင်သလိုလို ဖြစ်ရသည်။ သူ့ရင်ထဲမှာ ပေါက်ဖွားနေတဲ့အချစ်ကို သူမသာ သိသွားမယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သက်လွှာ အကြိမ်ကြိမ်တွေးတောနေမိတော့သည်။

ညနေကျောင်းကနေပြန်တော့ ပြည့်ဖူးရဲ့အိမ်သို့လိုက်သွားပြီး ရေချိုး အဝတ်အစားလဲလိုက်သည်။ ဂျင်းဘောင်းဘီအနက် အောက်ကားလေးကို Crop top ကြိုးတစ်ချောင်းအင်္ကျီလေးနဲ့ တွဲဖက်ဝတ်ဆင်ထားသည်။ အပေါ်က လက်ရှည် Cardigan နို့စိမ်းရောင်လေး ထပ်ထားပါသော်လည်း ခပ်ပါးပါးလေးရယ်သာ။ လည်ဂုတ်အောက်ကိုရောက်နေပြီဖြစ်တဲ့ ဆံပင်တွေကိုတော့ အပြောင်စုသိမ်း၍ ခေါင်းစည်းကြိုးဖြင့် အနောက်တွင် စုချည်ထား၏။

" ဟဲ့ BB Cream လေးလိမ်းပြီး နှုတ်ခမ်းနီလေးလောက်တော့ ဆိုးပါဦးဟယ်။ နေဦး ငါပြင်ပေးမယ် နင့်ကို "

ပြည့်ဖူးက ပြောပြောဆိုဆိုဖြင့် သူ့ကို အလှတွေ ပြင်ပေးပါတော့သည်။

" ဟဲ့ ငါ့ကို အဲ့ဒီ ပါးနီလိုဟာတွေ မလိမ်းပေးနဲ့ ငါမနေတတ်ဘူး "

" ငြိမ်ငြိမ်နေစမ်းပါ ကောင်မရယ် "

မလိမ်းဘူးလို့ ဘယ်နှကြိမ်ငြင်းငြင်း နောက်ဆုံးတော့ သက်လွှာ ပြည့်ဖူးကို အလျော့ပေးလိုက်ရပါတော့သည်။ ပြည့်ဖူးက သူ့လို မဟုတ်။ မျက်နှာကို လိမ်းခြယ်သည့်နေရာမှာတော့ အတော်လေးကို ကျွမ်းကျင်သည်။ သူရိန်မောင်လင်းရဲ့ မွေးနေ့ပါတီပွဲကိုရောက်တော့ ပွဲမှာရှိနေကြတဲ့ ယောကျာ်းလေးအားလုံးရဲ့ အကြည့်တွေက သက်လွှာဆီသို့ စုပြုံလို့နေကြသည်။ အသားဖြူပြီး Gym အမြဲကစားသည့်သူမို့ Crop top ဝတ်ထားတဲ့ သက်လွှာရဲ့ ဝမ်းဗိုက်ကြွက်သားလေးတွေက အဆီပိုမရှိ။ တင်းရင်းချပ်ရပ်လို့နေသည်။

" ဟိတ်ကောင် မောင်လင်း .. မင်းမှာ ဒီလောက်ချောတဲ့ မိန်းကလေးသူငယ်ချင်းရှိတာ ငါတို့ကိုတောင် မပြောပြထားဘူးကွာ "

" ပြောစရာလားကွ။ သြော် သက်လွှာ ဒါကိုယ့်ရဲ့ အထက်တုန်းက သူငယ်ချင်းတွေလေ .. ဒီကောင်က YUFL ကျောင်းက။ ဒီကောင်ကတော့ ရွာသာကြီးက .. "

" ဟာ မင်းကလည်းကွာ။ စီးပွားရေးတက္ကသိုလ်ကလို့ ပြောစမ်းပါကွ။ တော်ကြာ ငါ့ကို အရူးထောင်ကလာတယ် ထင်နေပါဦးမယ် "

သူရိန်မောင်လင်း ကအနားရောက်လာပြီး သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးနေသည်။ အနားမှာ ပြည့်ဖူးနဲ့ တာရာတို့ရှိနေလို့သာ တော်ပေသေးသည်။ လူစိမ်းတွေနဲ့ ပေါင်းဖွဲ့ စကားမပြောတတ်တာက သက်လွှာရဲ့ အားနည်းချက်လေ။ အခုလည်း စိတ်က မကြည်လင်ပါသော်လည်း တွေ့သမျှ လူတွေကို ပြုံးပြနေရတာက အင်မတန်မှကို စိတ်ညစ်စရာ ကောင်းလွန်းလှသည်။

" ငါ့ကိုလည်း တစ်ခွက်လောက် ပေးစမ်းပါဟာ .. "

စားပွဲမှာထိုင်ပြီး ဘီယာတစ်ခွက်ကို အေးအေးဆေးဆေး သောက်နေတဲ့ တာရာကို ပြောလိုက်တော့ ဟိုက မျက်လုံးအပြူးသားနဲ့ သူ့ကို ကြည့်နေသည်။

" နင်တစ်ခါမှလည်း သောက်ဖူးတာ မဟုတ်ပဲနဲ့ သက်လွှာ "

" အေးလေ သက်လွှာရယ်။ ပြည့်ဖူးကမှ ထန်းရည်လေးဘာလေး သောက်ကျင့်ရှိသေးတယ်။ နင်က ဘာကိုမှ တစ်ခါလေးတောင် မသောက်ဖူးပဲနဲ့ "

" အရင်က မသောက်ဖူးလို့ အခုသောက်ကြည့်မယ် ပြောနေတာလေဟာ။ နင်မယူပေးလည်းနေ ငါ့ဟာငါ သွားယူမယ် "

မကြည်သာတဲ့ မျက်နှာနဲ့ ထထွက်လာသော သူ့ကို တားဖို့ဟန်ပြင်နေသည့် တာရာအား လက်ဖြင့်ဘေးသို့ အသာတွန်းဖယ်ရင်း ထွက်လာလိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်း၌ရှိနေတဲ့ ဘီယာစည်ထဲမှ ဘီယာကို ကိုယ်တိုင်ဌဲ့ထည့်မလို့ ဟန်ပြင်နေစဉ် ဘေးသို့ သူရိန်မောင်လင်း ရောက်လာ၏။

" သက်လွှာ ... ဘီယာသောက်မလို့လား "

" အေးဟာ တစ်ခွက်လောက် သောက်ကြည့်မလို့ "

" နေနေ ငါဌဲ့ပေးမယ် "

သူရိန် ထည့်ပေးတဲ့ ဘီယာခွက်ကို တစ်ငုံ နှစ်ငုံခန့် သောက်ကြည့်ပြီး သက်လွှာ မျက်နှာကိုရှုံ့တွမိလိုက်သည်။

" ခါးသက်သက်ကြီးဟာ။ အနံ့ကလည်းဆိုးသေး "

" ဟားဟား .. ဘီယာကတော့ နည်းနည်းခါးပြီး အနံ့ရှိတယ်ဟ။ နေဦးငါဟိုဘက်မှာ အအေးနဲ့စပ်ထားတဲ့ ကော့တေးတစ်ခွက်သွားယူပေးမယ်။ အနံ့မွှေးမွှေးလေးနဲ့ ချိုချိုလေးဖြစ်စေရမယ် "

သူရိန်က အပြာရောင်အရည်လှလှလေးတွေ အပြည့်ထည့်ထားတဲ့ ခွက်လှလှလေးတစ်ခွက်ကို ယူဆောင်၍ ပြန်ရောက်လာသည်။ သောက်ကြည့်တော့ စပျစ်အရသာ ချိုချိုနဲ့ စူးရှရှလေးဖြစ်ပြီး ပူရှိန်းရှိန်းနဲ့ သောက်လို့ကောင်း၏။ အနံ့လေးကလည်း စပျစ်သီးရနံ့လေးဖြစ်တာကြောင့် အဝင်မဆိုးလှ။ Alcohol ဆိုလျှင် ဘာဆို ဘာမျှ မသောက်ဖူးခဲ့သည့် သက်လွှာက ထိုညတွင် ကော့တေးကို ၂ ခွက်တိတိသောက်ခဲ့မိသည်။ သက်လွှာ မသိခဲ့သည့်အချက်က ထိုကော့တေးသည် အရသာက အချိုရည်နှင့်တူပါသော်လည်း ဂုဏ်သတ္တိကတော့ အင်မတန်ပြင်းထန်တယ် ဆိုတာကိုပင်။ Alcohol အပြင်းစားများနှင့် ရောစပ်ထားခြင်းဖြစ်တာကြောင့် သောက်နေကျလူတွေတောင်မှ တစ်ခွက်လောက်ဝင်ရင်ကို ရီဝေဝေ ဖြစ်လာစေသည်။ ဒါကို သူက သောက်ကောင်းကောင်းနှင့် အချိုရည်သောက်သလိုမျိုး တစ်ထိုင်တည်း နှစ်ခွက်သောက်ချလိုက်၏။ 

" သက်လွှာ .. ဟဲ့ သက်လွှာ "

" အမ် .. ဟမ် .. "

" ပြန်ကြရအောင်ဟာ .. မိုးချုပ်နေပြီ။ နင့်တီလေးလည်း စိတ်ပူနေလောက်ပြီဟ "

" ဟုတ်တယ် သက်လွှာ။ ငါ့အိမ်က အဖေနဲ့ အမေလည်း မျှော်နေလောက်ပြီ "

" အင်း .. "

စားပွဲပေါ် မေးလေးထောက်ပြီး မှောက်နေပြီဖြစ်တဲ့ သက်လွှာကိုကြည့်၍ ပြည့်ဖူးနဲ့ တာရာ ခေါင်းကုပ်နေမိသည်။

" သူရိန် မင်းကလည်းကွာ ဘယ်နှယ့် သူက သောက်လို့ကောင်းတယ်ဆိုပြီး ထပ်တောင်းတိုင်း နောက်တစ်ခွက် ထပ်ပေးရတယ်လို့။ ငါတော့ သူ့အိမ်ကို ပြန်လိုက်ပို့ပေးရမှာကိုတောင် ခပ်လန့်လန့်ဖြစ်နေပြီ။ သူ့အဒေါ်က စည်းကမ်းသိပ်ကြီးတာကွ။ နောက်ပြီးတော့ သက်လွှာက တစ်ခါမှ ဒီလိုသောက်ဖူးခဲ့တာမဟုတ်ဘူး "

" အေးကွာ Sorry ပါ။ ဒီလိုလုပ်လေကွာ။ မင်းသူ့အဒေါ်ကို ကြောက်တယ်ဆိုရင် ငါလည်း အဖော်လိုက်ခဲ့ပေးမယ်။ ဆူရင် ငါရှင်းပြလိုက်ပါ့မယ် "

" မဖြစ်ဘူးထင်တယ်နော် "

" ဘာလို့ မဖြစ်ရမှာလဲ။ ငါတို့ သေသေချာချာလေး လူများများနဲ့ လိုက်ပို့ပေးရင် သူ့အဒေါ်လည်း ဆူမှာ မဟုတ်တော့ပါဘူး "

ပြည့်ဖူးက ဝင်ပြောတော့ သူရိန်ကလည်း ပြန်ပြောသည်။

" ဒါဆို သက်လွှာကားကို မင်းအိမ်မှာပဲ ထားခဲ့ရမလား။ မနက်ဖြန်မှ ငါလာယူပြီး ပို့ပေးလိုက်မယ် "

" ထားခဲ့ဖို့ မလိုပါဘူးကွာ။ သူ့ကားကို ငါမောင်းလိုက်မယ်။ မင်းက မင်းကားနဲ့ အရှေ့ကနေ လမ်းပြပေးလေ "

" အေးအေး ဒါဆို အပြန်ကျ ပြည့်ဖူးကို ဝင်ပို့ပြီး မင်းကိုငါပြန်ပို့ပေးမယ် "

" တကူးတကကြီး ပင်ပန်းပါတယ်ကွာ။ ငါ့သူငယ်ချင်းတစ်ယောက်ကို ငါ့ကားမောင်းခိုင်းပြီး အနောက်ကနေ လိုက်လာခိုင်းလိုက်မယ်လေ "

အစထဲက ဒေါ်သိမ်မွေ့ထည်ကို ကြောက်တဲ့ ရှိုင်းတာရာကတော့ သက်ပြင်းတွေသာ ခိုးချနေတော့သည်။

X    X    X    X    X

ဧည့်ခန်းမှာရှိနေသည့် ကျွန်းသေတ္တာကြီးထဲမှ Pendulum clock ကြီးက ၉ နာရီခွဲသို့ ညွှန်ပြနေချေပြီ။

" ကျွတ်စ် "

သက်လွှာရဲ့ ဖုန်းကိုအကြိမ်ကြိမ် ခေါ်နေပေမဲ့ တစ်ဖက်က ဖုန်းမကိုင်။

" တကယ်က ဒေါ်ဒေါ်မြက ဘယ်သူ့ရဲ့မွေးနေ့ပွဲကို သွားမှာလဲဆိုတာကိုပါ တိတိကျကျ မေးထားလိုက်ရမှာ "

သက်လွှာရဲ့ ဖုန်းကို အဆက်မပြတ် လှမ်းခေါ်နေရင်းနဲ့ ဘေးမှာရပ်နေတဲ့ ဒေါ်ဒေါ်မြကို သိမ်မွေ့ထည် လှမ်းပြောလိုက်သည်။ အသံက မပျော့ပျောင်း။ အနည်းငယ် တင်းမာနေသလိုရှိ၏။

" ဒေါ်ဒေါ်မြလည်း ဒီလောက်အထိ နောက်ကျလိမ့်မယ်လို့ မထင်ထားမိလို့ တိတိကျကျ မမေးလိုက်မိတာ "

" ဟဲလို သက်လွှာ .. "

မျက်မှောင်ကြုတ်ထားရာမှ တစ်ဖက်က ဖုန်းကိုင်တော့ ချက်ချင်းတွန့်ကွေးထားတဲ့ မျက်ခုံးကို ပြန်ဖြေလျော့လိုက်ကာ စိုးရိမ်ပူပန်နေသည့်အသံဖြင့် သိမ်မွေ့ထည် ပြောလိုက်၏။ ဒါပေမဲ့ တစ်ဖက်က ထွက်ပေါ်လာတဲ့ အသံက သက်လွှာရဲ့အသံမဟုတ်။ ပြည့်ဖူးချိုရဲ့ အသံဖြစ်နေသည်။

" သြော် သမီးပြည့်ဖူးလား။ သက်လွှာရော ... ဟင်။ သက်လွှာက ... "

တစ်ဖက်က ပြည့်ဖူး ပြန်လည်ဖြေကြားသည့် စကားကိုကြားပြီး သိမ်မွေ့ထည် စိတ်အလိုမကျဖြစ်ကာ မျက်ခုံးနှစ်ဖက်ကို ပြန်၍တွန့်ချိုးလိုက်ပြန်သည်။

" အေးအေး ဟုတ်ပြီ။ ခြံတံခါးကြိုဖွင့်ခိုင်းထားလိုက်မယ်။ အထဲအထိ တန်းဝင်ခဲ့ကြ "

ဖုန်းချလိုက်ပြီးသည်နှင့် သူသက်ပြင်းရှည်တစ်ချက် ခပ်ပြင်းပြင်းချမိသည်။

" ချိုမာ .. ဦးအေးရွှေကို ဖုန်းလှမ်းဆက်လိုက်။ ခြံတံခါးကြိုဖွင့်ထားလိုက်တော့လို့။ ခဏနေရင် သူတို့ရောက်တော့မယ် ပြောတယ် "

" ဟုတ်ကဲ့ပါ မမလေး "

ခြံပေါက်ဝနဲ့ အိမ်က အတော်အလှမ်းဝေးတာမို့ တစ်ခုခုဆို ဖုန်းဆက်ပြီးတော့သာ ဆက်သွယ်ကြရသည်။ သိမ်မွေ့ထည်တစ်ယောက် သက်လွှာ အရက်တွေသောက်ပြီး စကားတောင် မပြောနိုင်တော့တဲ့ အခြေအနေဖြစ်နေတယ်ဆိုသည့် သတင်းကိုကြားပြီး ခေါင်းပင်ကိုက်နေချေပြီ။ ဝှီးချဲဘီးကိုတွန်းပြီး အိမ်ပေါက်ဝတည့်တည့်၌ ထွက်စောင့်နေမိသည့် သူ့အဖြစ်ကို ထိုကလေးကတော့ သိမည်မဟုတ်။ သူ့မှာ ညနေစောင်းကတည်းက စောင့်လိုက်ရတာ။ ပိုပိုနောက်ကျလာလေ ရင်တထိတ်ထိတ်ဖြစ်ရလေပင်။

" ပြောတော့ ရောက်ခါနီးပြီဆိုပြီးတော့ ၁၀ နာရီပဲထိုးနေပြီ "

ရှေ့သို့ဝဲကျနေတဲ့ ဆံပင်တွေကို လက်ဖြင့် သပ်တင်ရင်း သိမ်မွေ့ထည် ရေရွတ်နေမိပြန်သည်။ သူရေရွတ်ပြီး ၃ မိနစ်လောက်နေတော့ ခြံထဲသို့ ကားနှစ်စီးဝင်လာ၏။ ရှေ့ကတစ်စီးက ရှိုင်းတာရာရဲ့ ကားဖြစ်ပြီး နောက်ကကားကတော့ သက်လွှာရဲ့ ၁၉နှစ်ပြည့်မွေးနေ့မှာ သူလက်ဆောင်ဝယ်ပေးထားခဲ့တဲ့ Mercedes-Benz ကားအဖြူရောင်လေး။

" ဟင် "

သက်လွှာရဲ့ ကားခေါင်းခန်းမှ ဆင်းလာတဲ့ကောင်လေးက သူ မမြင်တွေ့ဖူးသည့်သူတစ်ယောက်။ အရှေ့ကကားထဲက ပြေးဆင်းလာတဲ့ တာရာနဲ့ ထိုမျက်နှာစိမ်းကောင်လေးက သက်လွှာကို ကားထဲမှာ တစ်ဖက်စီ တွဲခေါ်လာကြပြီး ပြည့်ဖူးချိုက အနောက်မှ လိုက်လာ၏။ သက်လွှာကတော့ အလယ်မှာ ခေါင်းငိုက်စိုက်လို့နေချေပြီ။ ယောကျာ်းလေးနှစ်ယောက်ရဲ့အလည်မှာ အသိစိတ်ပျောက်ပြီး ခေါင်းငိုက်ကျနေတဲ့ သက်လွှာရဲ့ပုံစံကိုမြင်ကာ သိမ်မွေ့ထည် ဒေါသအကြီးအကျယ်ထွက်သွားခဲ့သည်။ ချက်ချင်းပဲ အသွေးအသားတို့က ဆူပွက်၍ မျက်နှာက နီမြန်းလို့လာ၏။

" အို ... ဘယ်လိုတွေတောင် ဖြစ်လာတာလဲ "

အိမ်ပေါက်ဝသို့ရောက်လာတာနဲ့ မျက်နှာစိမ်းကောင်လေးကိုင်ထားတဲ့ သက်လွှာရဲ့ ညာဘက်လက်ကို သိမ်မွေ့ထည် ဖတ်ခနဲအမြန် လှမ်းဆွဲကာ ခါးကို လှမ်းပွေ့ပြီး ထိန်းထားလိုက်၏။ တစ်ပြိုင်တည်းမှာပဲ ထိုကောင်လေးရဲ့လက်ကိုလည်း ပုတ်ချလိုက်မိသည်။

" ဘယ်လောက်တောင် သောက်လာလို့ ဒီလောက်အထိ  ဖြစ်လာရသလဲ "

သူ့လေသံက အတော်လေးတင်းမာနေသည်။ ဝတ်စားထားပုံမှာ Crop top လေးနဲ့ ချက်ပေါ်ဗိုက်ပေါ်ဖြစ်နေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ သက်လွှာရဲ့ပုံစံကို မြင်တော့ သူ့ရဲ့အသွေးအသားတို့က ပို၍ဆူပွက်လာသည်။

" သူသိပ်အများကြီး မသောက်ထားပါဘူး ကော့တေး ၂ ခွက်တည်း သောက်ထားတာပါ အန်တီ "

ပြန်ဖြေသည့်သူက တာရာ မဟုတ်သလို ပြည့်ဖူးလည်းမဟုတ်။ မျက်နှာစိမ်းကောင်လေးဖြစ်နေသည်။ ဟိုနှစ်ယောက်ကတော့ သူ့ကိုကြောက်လို့ထင်ပါရဲ့ ပါးစပ်ပင် မပွင့်ကြတော့။

" မင်းက ဘယ်သူလဲ "

မျက်ခုံးနှစ်ဖက်ကို ထိစပ်လုနီးပါး တွန့်ကွေးထားရင်း လေသံမာမာနဲ့ မေးချလိုက်တော့မှ ထိုမျက်နှာစိမ်းကောင်လေးလည်း သူ့ကို အနည်းငယ်ရှိန်သွားပုံရသည်။

" ကျွန်တော်က သူရိန်မောင်လင်းပါ။ သက်လွှာနဲ့ တစ်ခန်းတည်း အတူတူပါပဲ။ ဒီနေ့က ကျွန်တော့်မွေးနေ့ပါ အန်တီ "

" လူငယ်သဘာဝ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သောက်ကြစားကြတာကို အန်တီဘာမှ မပြောလိုဘူး။ ဒါပေမဲ့ လုံးဝ မသောက်တတ်တဲ့ သက်လွှာကိုတော့ မင်းတို့ဒီလောက် မတိုက်သင့်ဘူးလေ။ နည်းနည်းပါးပါးထိန်းသင့်တယ်။ တာရာနဲ့ ပြည့်ဖူးက မင်းတို့ သူငယ်ချင်းအကြောင်းကို သိနေပါလျက်နဲ့ မတားကြဘူးလား။ အန်တီ့သက်လွှာက ကော့တေးမပြောနဲ့ ဝိုင်တောင် သောက်ဖူးတဲ့သူမဟုတ်ဘူး "

ဒေါသအရှိန်ကြောင့် နီမြန်းနေသည့်မျက်နှာနဲ့ ခတ်ထန်မာကြောစွာဖြင့် သူပြောလိုက်တော့ .. ။

" ကျွန် .. ကျွန်တော်တို့လည်း မ ... မသိလိုက်လို့ .. "

" ဘာ .. "

'ဘာ´ ဆိုသည့်အသံက အိမ်ထဲ၌ သြဇာကြီးမားစွာဖြင့် ဟိန်းထွက်လို့သွား၏။ ရှေ့မှာရှိနေတဲ့ တာရာနဲ့ ပြည့်ဖူးတို့လည်း ကြောက်၍ တုန်နေချေပြီ။

" မင်းတို့ သက်လွှာရဲ့ဘေးမှာ ရှိနေတာ မဟုတ်ဘူးလား "

" ရှိ .. ရှိနေကြပါတယ် အန်တီ "

တာရာ့ရဲ့နှုတ်ခမ်းတွေက တုန်ယင်နေပြီး အသံပင် မထွက်နိုင်တော့။ ဘေးက ပြည့်ဖူးကလည်း  အထစ်ထစ်အငေါ့ငေါ့ဖြင့် ဝင်ပြောရှာသည်။

" ကျွန်တော်တိုက်လိုက်မိတာပါ။ သက်လွှာကိုယ်တိုင်ကလည်း သောက်ချင်တယ် တောင်းဆိုလာတာနဲ့ တိုက်ခဲ့မိတာပါ။ တောင်းပန်ပါတယ် အန်တီ "

နီရဲနေတဲ့မျက်လုံးတွေနဲ့ သူရိန်မောင်လင်းကို သိမ်မွေ့ထည် ဆတ်ခနဲ မော့ကြည့်လိုက်သည်။

" နောက်တစ်ခါဆိုရင် သူတောင်းဆိုရင်တောင်မှ အခုလို အရက်အပြင်းစားတွေ လျှောက်မတိုက်ပါနဲ့။ ဝိုင်တောင် တစ်ခါမှ မသောက်ဖူးတဲ့ကလေးကို မင်းက ကော့တေးအပြင်းစားတွေ တိုက်မှတော့ အခုလိုတွေ ဖြစ်ကုန်ပြီပေါ့။ သူငယ်ချင်းဆိုတာ အချင်းချင်းကာကွယ်ပြီး မဖြစ်သင့်တာ မဖြစ်ရအောင် ဝိုင်းထိန်းကြရမှာလေ။ အခုတော့ ... "

မာန်ပါပါဖြင့် စိုက်ကြည့်ထားရင်း သိမ်မွေ့ထည် နှုတ်ခမ်းဖျားကို စိချလိုက်တော့ သူရိန်မောင်လင်းက ခေါင်းလေးငုံ့ကာ

" ဟုတ်ကဲ့ပါ အန်တီ။ နောက် မဖြစ်စေရတော့ပါဘူး။ ကျွန်တော်တို့ ပိုပြီးဂရုစိုက်ပါ့မယ် "

ဘာမှထပ်မပြောတော့ပဲ နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ သူရိန်မောင်လင်းကို သိမ်မွေ့ထည် စက္ကန့်ပိုင်းမျှ စိုက်ကြည့်နေလိုက်ပြီး .. ။

" ချိုမာ .. "

" ရှင် .. ရှင် မမလေး "

ခေါ်လိုက်တဲ့လေသံက အတော်လေးကို ပြတ်သားတင်းမာနေသဖြင့် အနောက်မှာရပ်နေတဲ့ ချိုမာလည်း ဘေးသို့ ပြာပြာသလဲ ရောက်ချလို့လာသည်။

" သက်လွှာကို တွဲပြီး အပေါ်ခေါ်သွားတော့ "

" ညီမလေးလာ .. "

ချိုမာက တွဲလိုက်ပြီမို့ ခါးကို ဖက်၍ထိန်းပေးထားတဲ့ လက်ကို သိမ်မွေ့ထည် လွှတ်ချဖို့ ဟန်ပြင်လိုက်သည့်အချိန်တွင် သက်လွှာက အရှေ့သို့ ယိုင်ထိုးလာသဖြင့် အမြန်ပြန်ပြီး ဖမ်းထိန်းထားလိုက်ရသည်။

" သက်လွှာ။ သတိထားပါဦး။ နည်းနည်းလောက် သတိကပ်စမ်းကွယ် ... ဒေါ်ဒေါ်မြရေ .. လာပါဦး။ ဒေါ်ဒေါ်မြပါ ဘေးက တွဲပေးမှရတော့မှာ "

ဒေါ်ဒေါ်မြ တစ်ဖက် ချိုမာက တစ်ဖက်တွဲပြီးခေါ်မှသာ ခွေယိုင်နေသည့် ဒူးတို့ဖြင့် ဒယိမ်းဒယိုင်ပါသွားသည့် သက်လွှာကိုကြည့်ပြီး သိမ်မွေ့ထည် ရင်မောရလေသည်။ ပိုပြီးရင်မောရတာက သူ့ရဲ့စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် ခန္ဓာကိုယ်ကြောင့်ပင်။ ဖြစ်နိုင်လျှင် ဒီလိုအချိန်မျိုးမှာ သူကိုယ်တိုင်ပဲ သက်လွှာကို ထွေးပွေ့ပြီး ခေါ်သွားပေးချင်သည်လေ။ အခုတော့ ဝှီးချဲပေါ်ကနေပြီး ထိုင်ကြည့်နေရုံကလွဲလို့ ကျန်တာဘာမှ လုပ်လို့မရတာမို့ သူ့ကိုယ်သူ အတော်လေးစိတ်ပျက်နေမိသည်။

" ကဲ မင်းတို့လည်း ပြန်တော့ မိုးအရမ်းချုပ်နေပြီ မင်းတို့မိဘတွေလည်း စိတ်ပူနေကြတော့မှာ "

" ဟုတ်ကဲ့ "

သိမ်မွေ့ထည် စိတ်မကြည်မှန်း သိနေတာကြောင့် လူငယ် ၃ ယောက်လည်း မြန်မြန်လေးပြန်ထွက်သွားကြ၏။

X    X    X    X    X

" ဝေါ့ ... "

" အို သက်လွှာရယ် ... "

လက်တစ်ဖက်က ထွေးခံကိုင်ထားပေးပြီး ကျန်တစ်ဖက်က သက်လွှာရဲ့ ကျောပြင်လေးကို သိမ်မွေ့ထည် ဖွဖွလေးပုတ်ပေးနေမိသည်။

" ချိုမာ ဆေးဘူးနဲ့ ရေတစ်ခွက် အမြန်သွားယူလာခဲ့ "

" ဟုတ်ဟုတ် "

အန်ချပြီး သူ့ရဲ့ရင်ခွင်ထဲကို ခေါင်းစိုက်ကျလာသည့် သက်လွှာကြောင့် သိမ်မွေ့ထည် ထွေးခံကို ဘေးက ဒေါ်ဒေါ်မြလက်ထဲသို့ အလျင်အမြန်ထည့်ပေးလိုက်ရသည်။ ပြီးတော့ သက်လွှာရဲ့ ခေါင်းကို သူ့ပခုံးပေါ်မှာ မှီထားစေပြီး နှုတ်ခမ်းမှ ပေပွနေတာတွေကို တစ်ရှုးဖြင့် သုတ်ပေးနေရပြန်သည်။

" တစ်ကိုယ်လုံးလည်း ချွေးတွေ စိုရွှဲနေပြီကွယ်။ ခဏနေရင် အဝတ်အစားတော့ လဲမှဖြစ်မယ် သက်လွှာ။ တီလေးပြောတာ ကြားရဲ့လား "

သိမ်မွေ့ထည် မေးနေပေမဲ့လို့ သက်လွှာကတော့ ပြန်မဖြေနိုင်တော့။ မျက်လုံးလည်း ဖွင့်မကြည့်နိုင်သလို အန်ထားရလို့ မောနေချေပြီ။ ဒါပေမဲ့လည်း သိမ်မွေ့ထည်ကတော့ သက်လွှာရဲ့ ပါးစပ်ထဲသို့ ဆေးတစ်လုံးဝင်အောင်လို့ ကြိုးစားပြီး တိုက်ပေးရှာသည်။ ဒေါ်ဒေါ်မြက သက်လွှာရဲ့ဗီရိုထဲမှ အဝတ်အစား ၁စုံ ထုတ်လာပြီး လဲပေးဖို့ပြင်ဆင်နေတော့

" ကျွန်မကိုပဲ ပေးထားခဲ့ ဒေါ်ဒေါ်မြ။ ကျွန်မပဲ လဲပေးလိုက်မယ် "

" သမီးတစ်ယောက်တည်း ဖြစ်ပါ့မလား "

" ဖြစ်ပါတယ်။ ဒေါ်ဒေါ်မြနဲ့ ချိုမာလည်း သွားနားတော့နော်။ လိုအပ်ရင် ကျွန်မ လှမ်းခေါ်လိုက်ပါ့မယ် "

ဒေါ်ဒေါ်မြနဲ့ ချိုမာတို့ ပြန်ထွက်သွားကြသည့် အချိန်မှာတော့ အိပ်ပျော်နေပြီဖြစ်တဲ့ သက်လွှာကို သိမ်မွေ့ထည် ဘေးကနေ စိုက်ကြည့်နေမိသည်။

" ဝတ်ထားတဲ့ အဝတ်အစားကလည်း ကြည့်ဦး။ ချက်ပါ ပေါ်နေပြီ။ ဒီပုံစံနဲ့ သွားရလားကွာ .. ကျွတ်စ် "

စိတ်ဆိုးချင်သော်လည်း တကယ်တမ်းကျ စိတ်မဆိုးရက်။ လုပ်ချင်ရာတွေ လုပ်ပြီး ပြန်ရောက်လာပေမဲ့လို့၊ အခုလိုမျိုး နေမကောင်းဖြစ်နေတဲ့ ထိုကလေးလေးရဲ့ ပုံစံကို မြင်ရပြန်တော့လည်း ရင်ဘတ်က အလိုလို နာကျင်ရပြန်သည်။ နဖူးပေါ်စေးကပ်နေတဲ့ ဆံစတွေကို လက်ဖြင့် အသာ သပ်ပေးလိုက်ရင်း

" တီလေးကြောင့်လား။ သက်လွှာကို စိတ်ချမ်းသာအောင် မထားမိတဲ့ တီလေးကို ပြန်ပြီးစိတ်ဆင်းရဲစေချင်တာကြောင့် အခုလိုတွေ လုပ်ခဲ့တာလား သက်လွှာရယ် "

သက်လွှာရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးနေရင်း တိုးဖွဖွလေသံလေးနဲ့ ရေရွတ်နေမိသည်။

" မတန်ပါဘူးကွယ်။ အခုလို ဝေဒနာတွေ ခံစားနေရတော့ တီလေးလည်း အစားထိုး ခံပေးလို့မရဘူးလေ။ တီလေးကို မကျေနပ်တဲ့ စိတ်တစ်ခုတည်းနဲ့တော့ ကိုယ့်ကိုယ်ကို ပြန်ပြီး ထိခိုက်စေမဲ့ အရာတွေ မလုပ်ပါနဲ့ ကလေးလေးရယ်။ မထိုက်တန်ပါဘူးကွယ် "

နဖူးလေးကို ခပ်ဖွဖွလေး နမ်းရင်း တိုးတိုးလေးပြောနေသည့်အချိန်၌ သက်လွှာရဲ့ မျက်ခွံလေးတွေက လှုပ်လှုပ်ရွရွဖြစ်ပြီး ဖြည်းဖြည်းလေးပွင့်ဟလို့လာသည်။ ထိုအခါ သိမ်မွေ့ပြီး ညင်သာတဲ့အပြုံးလေးနဲ့ သိမ်မွေ့ထည် ပြုံးပြလိုက်ရင်း သက်လွှာရဲ့ နဖူးပြင်ကို ဒုတိယအကြိမ် ထပ်မံနမ်းရှိုက်လိုက်၏။

" မြန်မြန်နေကောင်းပါတော့ .. တီလေးရဲ့ ကလေးလေး "

ပြုံးပြီးပြောလိုက်ပေမဲ့လို့ သိမ်မွေ့ထည်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်များ စိုအိနေသည်။ သက်လွှာက သူ့ကို တွေတွေလေး ကြည့်နေ၏။

" ဘယ်လိုနေသေးလဲ။ မူးပြီးတော့ အန်ချင်နေသေးလားဟင် "

တိုးဖွဖွလေးမေးလိုက်သော်လည်း သက်လွှာက ပြန်မဖြေ။ သူ့မျက်နှာကို မျက်တောင်တစ်ချက် မခတ်ပဲ ဆက်၍သာ ငေးကြည့်လို့နေသည်။

" နည်းနည်းသက်သာရင် ခဏလောက် ပြန်ထထိုင်လိုက်ပါလား သက်လွှာ။ တီလေး အဝတ်အစားလဲပေးမယ်လေ။ အခုဝတ်ထားတာတွေက ချွေးတွေစိုနေပြီ။ ဒီအတိုင်းအိပ်ရင် အအေးမိလိမ့်မယ် သက်လွှာရဲ့။ လိမ္မာတယ် ထနော်။ လာ .. တီလေးလက်ကို ကိုင်ထား။ ဖြည်းဖြည်းချင်းပဲထနော် .. "

သက်လွှာရဲ့ ကျောပြင်အောက်ကို လက်တစ်ဖက်ထိုးသွင်းပြီး ကျန်တစ်ဖက်က ခေါင်းအောက်ကို ပင့်ပေးကာ အသာလေးဆွဲထူပေးဖို့ သိမ်မွေ့ထည် ကြိုးစားနေသည့် အချိန်တွင် .... ။

သူ့မျက်နှာကို ငေးစိုက်ကြည့်နေတဲ့ သက်လွှာသည် ရုတ်တရက် လက်နှစ်ဖက်နဲ့ သူ့လည်ဂုတ်ကို သိုင်းဖက်ကာ အောက်သို့ ဆွဲချလေသည်။ ထို့နောက် သူ့နှုတ်ခမ်းဖျားကို ညင်သာစွာဖြင့် ဖွဖွလေး လာရောက်နမ်းရှိုက်နေသည့် သက်လွှာ။ တအားကို ရုတ်တရက်ဆန်လွန်းတာမို့ သိမ်မွေ့ထည် အံ့သြမှင်သက်စွာဖြင့် ငြိမ်သက်နေမိသည်။ သက်လွှာရဲ့ မှေးစင်းနေတဲ့ မျက်ခွံတွေပေါ်သို့ ပြူးကျယ်ဝိုင်းစက်သည့် မျက်ဝန်းတွေနဲ့ သိမ်မွေ့ထည် စိုက်ကြည့်နေမိသည်။ ထိုကလေးရဲ့ နှာသီးဖျားမှထွက်လာတဲ့ ထွက်သက်လေက သူ့ရဲ့ မျက်နှာပေါ်ကိုလာရောက် ရှပ်ပြေးတော့ ရင်ထဲ လှပ်ခနဲဖြစ်သွားပြီး ရင်တွေ အဆမတန် တုန်လာသည်။ ဒါ့အပြင် ခြေဖျားလက်ဖျားတွေ အေးစက်၍ တစ်ကိုယ်လုံးလည်း တုန်ယင်လို့လာ၏။

" သဘောကျတယ်။ တီလေးကို အများကြီး .. တအားကို သဘောကျနေမိပြီ။ ဒါ့ကြောင့် သက်လွှာကလွဲပြီး တခြားလူတွေအပေါ်မှာ အရမ်းမကောင်းပြပါနဲ့ .. ပြီးတော့ .. တအားလှအောင်လည်း မရယ်ပြပါနဲ့။ သက်လွှာတစ်ယောက်တည်းကိုပဲ ကောင်းပေးပြီး သက်လွှာရဲ့ ရှေ့မှာပဲ ပြုံးရယ်ပေးပါ "

နူးညံ့အိစက်တဲ့ နှုတ်ခမ်းဖျားတွေကို ခွာလိုက်ပြီး သူ့မျက်နှာကို မျက်ရည်များဖြင့် ငေးကြည့်ရင်း ပြောနေသည့် သက်လွှာ။

" အရမ်းချစ်တယ် တီလေး "

သူ့ရဲ့ ခါးကို လက်တစ်စုံနဲ့ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသည့် ထိုကလေးလေး။ သူကတော့ အင်မတန်မှကို အံ့သြမှင်သက်စွာဖြင့် ထိုကလေးရဲ့မျက်နှာကို ငေးစိုက်ကြည့်နေမိသည်။

ညာဘက်ပခုံးပေါ်ကို မေးဖျားလေးတင်ထားရင်း နှာသီးဖျားနဲ့ သူ့လည်တိုင်ကို လာရောက်ပွတ်ဆွဲနေတော့ သိမ်မွေ့ထည် ကြတ်သီးများထလာပြီး နားသယ်စပ်နဲ့ လက်မှ မွှေးညှင်းများပင် ထောင်လာသည်အထိပင်။

" သက် .. သက် .. သက်လွှာ "

Crop top ဝတ်ထားသဖြင့် ချပ်ရပ်တင်းရင်းစွာပေါ်ထွက်နေသည့် သက်လွှာရဲ့ ခါးနှစ်ဖက်ကို ယောင်ယမ်းပြီး သူခပ်မြန်မြန်လေး ဖမ်းဆုပ်ကိုင်ထားလိုက်မိသည်။

" ချစ်တယ် .. တီလေး "

တိုးလျလွန်းသော စကားလေးတစ်ခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ သက်လွှာရဲ့ ခေါင်းလေးက သူ့ပခုံးပေါ်သို့ ထိုးစိုက်ကျလာပါတော့သည်။ မြန်ဆန်နေတဲ့ သက်လွှာရဲ့ အသက်ရှုသံတွေဟာလည်း ပကတိပြန်လည် တည်ငြိမ်သွား၏။ မတည်ငြိမ်သေးတာက သူ့ရဲ့အသက်ရှုသံ ခပ်ပြင်းပြင်းပင်။ ရင်ထဲတလှပ်လှပ်ဖြင့် စိမ့်ခနဲ စိမ့်ခနဲဖြစ်နေသည့် ခံစားချက်က ခေါင်းစဉ်တပ်ပြီး ဖော်ပြလို့မရသည့် ခံစားချက်မျိုး။

" သက်လွှာ ... "

ပခုံးပေါ်မှာ မှီရင်း ငြိမ်သက်နေတဲ့ သက်လွှာရဲ့ခေါင်းကို လက်ဖြင့်ဖိထားပေးရင်း သူခေါ်လိုက်တော့ ပြန်ထူးသံ မကြားရတော့။

" ဟင်း ... "

သက်ပြင်းရှည်တစ်ချက်ချရင်း အိပ်ပျော်နေပြီဖြစ်တဲ့ သက်လွှာကို ခုတင်ပေါ်၌ အသာလေးပြန်လှဲလျောင်းစေခဲ့သည်။ အဝတ်အစားတွေ လဲပေးဖို့ကိုပင် သူ,မဝံ့မရဲဖြစ်သွားချေပြီ။ ထို့ကြောင့် ခြေရင်းမှာရှိတဲ့ စောင်ကိုသာ ဖြန့်၍ ရင်ဘတ်ပေါ်အထိ လုံအောင်လို့  လွှမ်းခြုံပေးလိုက်လေသည်။

ယခုထိတိုင် လက်ဖျားတွေအေးပြီး ရင်တွေတလှပ်လှပ်တုန်နေသေးတာကြောင့် သိမ်မွေ့ထည် သူ့အခန်းထဲကိုပြန်ပြီး ဆေးသွားသောက်ဖို့ လုပ်နေချိန်၌ သက်လွှာရဲ့ ညည်းတွားသံလေးက သဲ့သဲ့လေး ထွက်ပေါ်လို့လာပြန်သည်။ 

" အင်း .. ဟင်း "

" သက်လွှာ "

ဝှီးချဲဘီးကို တစ်ဖက်သို့ လှည့်ထားပြီးခါမှ အနောက်သို့ပြန်တွန်း၍ သက်လွှာရဲ့ ဘေးသို့တိုးကပ်မိပြန်သည်။

" သက်လွှာ ... အိပ်တော့နော်။ တီလေးဘေးမှာရှိနေပေးမယ်။ အိပ်ပျော်အောင်အိပ်လိုက် "

'အီးအဲ´ ဖြစ်နေသည့် ထိုကလေးရဲ့ခေါင်းလေးကို လက်ဖြင့်အသာပွတ်ပေးရင်း ချော့သိပ်ပေးတော့မှ ပြန်ငြိမ်သက်သွား၏။

'မေတ္တာငတ်နေတဲ့အချိန်မှာ ငါ့ကိုတအားခင်တွယ်သွားပုံရတယ်။ ဒါပေမဲ့ .. သက်လွှာက ငယ်ပါသေးတယ်။ စိတ်ကစားတဲ့အရွယ်မို့လို့ ၁၅၀၀နဲ့ ၅၂၈ ဆိုတဲ့ သံယောဇဉ်ကို သေသေချာချာ မခွဲခြားနိုင်သေးတာဖြစ်မယ်။ အရွယ်ရလာတဲ့ အခါကျရင်တော့ သံယောဇဉ်နဲ့ ချစ်ခြင်းတရားကို ခွဲခြားနားလည်သွားပါလိမ့်မယ် သက်လွှာရယ်´

အဲ့ဒါဆိုရင် ငါကကော.. ။
အခုငါဖြစ်သွားတဲ့ ခံစားချက်ကရော .. ?

သိမ်မွေ့ထည် မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်မိပါသော် လည်း အဖြေရှာမရခဲ့။ အမျိုးအမည်မသိတဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေကို သူကိုယ်တိုင်ပင် မသိ၊ နားမလည်တော့ချေ .. ။

'ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါစေ .. သက်လွှာကို တီလေးအမြဲတမ်း စောင့်ရှောက်ပေးနေမှာပါကွယ်´

X    X    X    X    X

Continue Reading

You'll Also Like

330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
76.1K 8.9K 24
ဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန်...
44.4K 4K 21
🌻 ချယ့် ကိုဘယ်အချိန်ထိချစ်နိုင်မှာလဲ။ နေကြာပန်းလေးက နေမင်းကြီးကိုမျှော်မနေရှာတော့တဲ့ အချိန်ထိ။ 🥀
487K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."