Elegant

By JE_Rain

350K 27.7K 2.4K

လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) More

1 (Unicode)
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Unicode)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
8 (Zawgyi)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
12 (Zawgyi)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
20 (Unicode)
20 (Zawgyi)
21 (Unicode)
21 (Zawgyi)
22 (Unicode)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
28 (Zawgyi)
29 (Unicode)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)
40 Final (Unicode)
40 Final (Zawgyi)
Author Note
July 21 ရက်နေ့ Preorder
တီလေးရဲ့ လှပနေမှု 🤍
Elegant Main Book Cover
Book Details
Preorder တင်လို့ရပါပြီ

19 (Zawgyi)

1.3K 42 0
By JE_Rain

" တီလေးရေ .. တီလေး "

အိမ်ထဲသို့ ပျော်ရွှင်စွာဖြင့် အပြေးအလွှားဝင်လာတဲ့ သက်လွှာကို မြင်လိုက်ရကတည်းက သိမ်မွေ့ထည်ရဲ့ မျက်နှာလေးက ပြုံးလို့နေချေပြီ။

" တီလေး .. သက်လွှာ ဂုဏ်ထူး ၃ ခုတောင် ပါတယ်သိလား။ တီလေးသင်ပေးတဲ့ Bio ရယ်၊ Physics နဲ့ သချာင်္။ ၃ ခုတောင်ပါတာ .. "

ရှေ့မှာ ဒူးထောက်ထိုင်ချပြီး တင်းတင်းကျပ်ကျပ်လာဖက်ထားတဲ့ သက်လွှာရဲ့ခေါင်းလေးကို သိမ်မွေ့ထည် လက်ဖြင့် အသာပွတ်သပ်ပေးလို့နေသည်။ သူမရဲ့မျက်နှာပေါ်မှ ပီတိဖြာနေတဲ့ အပြုံးတို့က ဂုဏ်ယူစွာဖြင့် တင့်တယ်လှပလို့နေပါသည်။

" တော်လိုက်တဲ့ ကလေးလေး "

တကယ်တော့ ည ၁ နာရီလောက်ထဲက ထိုသတင်းကို သိမ်မွေ့ထည် ကြိုသိနှင့်ပြီးသား။ သက်လွှာကတော့ အခုမှ သိရခြင်းပင်။

" တီလေးပြောသားပဲ။ စိတ်မပူပါနဲ့လို့ .. "

" ဒါပေမဲ့ တီလေးရယ်။ ကြောက်တာပေါ့ .. "

ရင်ခွင်ထဲမှာ ပြန်မော့ကြည့်ပြီး ပြောနေတဲ့ သက်လွှာရဲ့ပါးလေးကို သိမ်မွေ့ထည် ဖွဖွလေးဆွဲထားရင်း

" စာမေးပွဲအောင်တယ်ဆိုတော့ တီလေးရဲ့ ကလေးလေးကို ဆုချရမှာပေါ့။ ကဲ ပြော ဘာလိုချင်လဲ "

သိမ်မွေ့ထည်မေးတော့ သက်လွှာ ပြုံးလေသည်။

" တီလေးရဲ့ စန္ဒယားလက်သံလေးပဲ ကြားချင်တာ။ စာမေးပွဲအောင်တဲ့ အထိမ်းအမှတ်အနေနဲ့ သက်လွှာကို ဒီည စန္ဒယားတီးပြပေးလို့ရမလားဟင် "

" အိုး .. ညအထိ စောင့်နေစရာ မလိုပါဘူး .. "

အဖြူရောင် ကိုယ်ကျပ်လည်ထောင်ဆွယ်တာပါးလေးကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဖဲကြိုးအဖြူလေးဖြင့်ချည်ထားတဲ့ သူမက မျက်ခုံးလေးပင့်ပြတော့ သက်လွှာ ဝမ်းသာအားရဖြင့်

" ဘာလဲ အခုတီးပြတော့မလို့လား "

" ဒါပေါ့ .. "

" ဝေး .. "

သူမရဲ့ရှေ့မှာ ဒူးထောက်ထိုင်ချထားရာမှ သက်လွှာ ဝမ်းသာအားရ ထခုန်မိတော့သည်။ ပြီးတော့ သူကိုယ်တိုင် ဝှီးချဲလေးကို အနောက်ကနေတွန်း၍ သူ့တီလေးကို စန္ဒယားခုံကြီးရှေ့သို့ အရောက်ပို့ဆောင်ပေးခဲ့၏။ ထို့နောက် လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဘယ်လိုသံစဉ်မျိုးကို တီးခတ်ပြမလဲဆိုတာကို စောင့်ဆိုင်းနေမိသည်။

စန္ဒယားအဖြူရောင်ကြီးရဲ့ အဖုံးကို လှန်ဖွင့်နေတဲ့ သူမရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို သက်လွှာ ငေးကြည့်နေမိသည်။ မတီးခင် သူမက သက်လွှာရဲ့ဘက်ကို ခေါင်းလေးစောင်းငဲ့ကြည့်ပြီး ပြုံးပြုံးလေးနဲ့ လှမ်းပြောသေးသည်။

" တီလေးရဲ့ကလေးလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့တော့ သီချင်းလေးတစ်ပုဒ်ပါဆိုပြမယ် "

သူမထံမှ စကားကိုကြားရပြီးနောက် သက်လွှာရဲ့ မျက်ဝန်းလေးတွေ ဝိုင်းစက်သွားပြီး ရွှန်းလက်တောက်ပသွား၏။

စန္ဒယား ခလုပ်လေးတွေပေါ်ကို သူမရဲ့လက်ချောင်းလေးတွေ ညင်သာစွာ ကျရောက်လာပြီးတဲ့နောက်မှာတော့ ငြိမ့်ညောင်းသည့် စန္ဒယားတီးလုံးသံလေးက စတင်ထွက်ပေါ်လို့လာချေပြီ။

" Why do birds suddenly appear. Every time you're near ..

Just like me they long to be .. close to you .. "

ထွက်ပေါ်လာတဲ့ အသံငြိမ့်ငြိမ့်လေး .. ။ အေးမြပြီး ကြည်လင်နေသည့် အသံချိုချိုလေး .. ။
အင်္ဂလိပ်အသံထွက်ကလည်း လွန်စွာမှ ကောင်းလွန်းလှသည်။ မသိလျှင် နိုင်ငံခြားသူတစ်ယောက် သီဆိုနေသည့်နှယ် .. ။
သူမရဲ့ အလှတရားနဲ့ စန္ဒယားလက်သံ၊ သီဆိုနေတဲ့ သီချင်းသံ အေးအေးလေးနဲ့ ဟန်ပန်အမူအယာ အားလုံးကို ပေါင်းစပ်လိုက်သည့်နောက်မှာတော့ .. သက်လွှာ ကြက်သီးမွှေးညှင်းများပင် ထလာလေပြီ။
သဘောကျလိုက်တာ အရမ်းကိုပါပဲလေ .. ။ ဤအမျိုးသမီးဟာ သိပ်ကို နှစ်သက်မြတ်နိုးချင်စရာ ကောင်းလွန်းလှ၏။

" Why do stars fall down from the sky ..
Every time you walk by ..
Just like me, they long to be .. close to you .. "

လက်လေးတွေကို စန္ဒယားခလုပ်တွေပေါ် ခုန်ကူးကစားနေရင်း သူ့ဘက်ကို မျက်နှာလေး တစ်ချက်တစ်ချက်လှည့်ကာ သီချင်းသီဆိုနေသည့် သူမ။ Close to you ဆိုတဲ့ သီချင်းအေးအေးငြိမ့်ငြိမ့်လေးဟာ ဝေဆာသောအပြုံးနဲ့ သီဆိုနေတဲ့ သူမကြောင့် မြူးမြူးလေးပင် ဖြစ်နေသလိုရှိပါသည်။

" close to you .. you .. "

နောက်ဆုံးပိတ်စာသားလေးကို သူ့ဘက်လှည့်ပြီး မျက်လုံးလေးတစ်ဖက်မှိတ်ပြရင်း သီဆိုသွားခဲ့သည့် သူမ။
သူမကတော့ သက်လွှာကို ခြွေပြီးရင်း ခြွေနေချေပြီ။ ဒါကို သူမကိုယ်တိုင်ကော သိပါလေရဲ့လား။ လူကို အမျိုးမျိုးခြွေပြီးခါမှ နာကျင်ရအောင်တော့ မလုပ်လိုက်ပါနဲ့ တီလေးရာ .. ။
မဖြစ်သင့်မှန်း သိပေမဲ့ တီလေးကို သက်လွှာ နက်နက်နဲနဲ ချစ်မိနေပြီထင်တယ် .. ။
မှားယွင်းတဲ့လမ်းဆိုရင်တောင် ဆက်ပြီး စမ်းတဝါးဝါးနဲ့ လျှောက်ချင်မိသေးတယ် .. ။
လမ်းရဲ့ အဆုံးသတ်မှာ ရှိနေမဲ့လူက တီလေးဆိုရင် ဝေဝါးနေတဲ့လမ်း၊ မှားယွင်းနေတဲ့လမ်းကို လျှောက်နေရတယ်ဆိုရင်တောင်မှ .. ထိုက်တန်တယ်မဟုတ်လား။

X    X    X    X    X

" သက်လွှာ .. "

" ရှင် တီလေး .. "

အခန်းထဲသို့ ဝင်လာတဲ့ သူမကို မော့ကြည့်ရင်း သက်လွှာ ဖြေလိုက်တော့ သူမက ပြုံးပြုံးလေးဖြင့် ပြန်ပြောသည်။

" ခဏနေရင် တီလေးတို့ အပြင်သွားကြရအောင်။ ဒီည ညစာကို အပြင်မှာ ထွက်စားကြမယ် "

" ဘာလို့လဲ တီလေးရဲ့ "

ကြောင်တောင်တောင်ပုံစံလေးနဲ့ သက်လွှာပြန်မေးလိုက်တော့ သူမက ပျော်ရွှင်တက်ကြွသည့်ဟန်ဖြင့်

" တီလေးရဲ့ ကလေးလေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ အမှတ်တရဖြစ်သွားအောင်လို့ပေါ့ကွယ် "

ထိုညနေခင်းက သက်လွှာ ရှပ်အင်္ကျီမိုးပြာရောင်လေးနဲ့ ဂျင်းဘောင်းဘီအနက်ရောင်လေးကို ကော့ပြန့်နေအောင် မီးပူသေချာတိုက်ပြီးမှ ဝတ်ဆင်ခဲ့သည်။ သူ့တီလေးလက်ဆောင်ပေးထားတဲ့ ရေမွှေးပုလင်းလေးကိုလည်း ယခုမှပင် ပါကင်ဖောက်ပြီးမှ ဆွတ်ဖြစ်တော့သည်။ ထိုရေမွှေးပုလင်းလေးကို နှမျောလွန်းလို့ဆိုပြီး သူ့ခမျာ မဖောက်ရက်ပဲ သိမ်းထားခဲ့ရတယ် မဟုတ်ပါလား။ ယခုလိုနေ့ကတော့ ဆွတ်ကိုဆွတ်သွားရမဲ့ နေ့ထူးနေ့မြတ်လေ။ သူမနဲ့ နှစ်ယောက်တည်း အပြင်မှာထွက်ပြီး ညစာစားရမယ်ဆိုတော့ သက်လွှာ အင်မတန်မှကို စိတ်လှုပ်ရှားနေမိပါသည်။

ညနေစောင်း ၆ နာရီလောက်အချိန်တွင် သူတို့အိမ်မှ စထွက်ခဲ့ကြသည်။ ဦးလေးသောင်းက ကားဖြင့်လိုက်ပို့ပေးသည်။

ပြင်ဆင်ထားပုံက ဥရောပစတိုင်လ်ဖြစ်ပြီး ကြီးမားခမ်းနားတဲ့ စားသောက်ဆိုင်ကြီးတစ်ခုသို့ရောက်တော့ သူမက သက်လွှာ ကြိုက်နှစ်သက်တတ်တဲ့ အစားအစာတွေကို ရွေးချယ်မှာပေးနေသည်။ ဒါ့အပြင် ဝိုင်အနီလေးတစ်လုံးကိုလည်း မှာလိုက်သေးသည်။

" တီလေးက ဝိုင်သောက်တတ်တယ်လား "

အရှေ့ရင်ဟိုက် V shape ပုံသဏ္ဍာန် လက်တိုကိုယ်ကျပ်အင်္ကျီ အသားရောင်လေးကို ဝတ်ဆင်ထားတဲ့ သူမကို သက်လွှာ ငေးကြည့်ရင်း မေးမိတော့ သူမက ပြုံးသည်။

" ဝိုင်မှမဟုတ်ဘူး .. မင်းရဲ့တီလေးက alcohol မှန်သမျှ အကုန်သောက်နိုင်တယ်။ သောက်ရင်လည်း တော်ရုံမမူးတတ်ဘူး "

မထင်ထားတဲ့စကားတစ်ခွန်းကို သူမထံမှ ပြန်ကြားသိခွင့်ရလိုက်သဖြင့် သက်လွှာ တစ်ယောက် မျက်ခုံးလေးပင့်လိုက်မိသည်။ ထိုညက သူမအတော်လေး ပျော်ရွှင်နေပုံရသည်။ ဝိုင်တစ်ပုလင်းလုံး ကုန်အောင်သောက်ထားတဲ့ သူမရဲ့ပါးပြင်နှစ်ဖက်သည်လည်း ချယ်ရီသီးလေးတွေလိုမျိုး ရဲတွတ်လို့နေပါသည်။

" အို့ မေ့တော့မလို့ "

သူမဟာ လက်ညှိုးလေးကို ဝေ့ယမ်းရင်း မြူးတူးနေသည့်ဟန်ဖြင့် ပြောကာ Gucci လက်ကိုင်အိတ်အဖြူရောင်လေးထဲမှ ဘူးလေးတစ်ဘူးကို ထုတ်ယူနေသည်။ ပြီးတော့ ဘူးလေးကို ဖွင့်ပြရင်း

" သက်လွှာသိလား။ ဟောဒီ့ဆွဲကြိုးလေးက တီလေးကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆိုင်ကိုအပ်ထားခဲ့တာ။ လောကမှာ တစ်ခုတည်းရှိတဲ့ ဆွဲကြိုးလေးပေါ့ "

ရွှေဆွဲကြိုးလေးတစ်ကုံး၊ လော့ကတ်သီးလေးက စက္ကူလေယာဉ်ပျံရုပ်လေးဖြစ်ပြီး အဲ့ဒီအောက်ကမှ အသဲပုံစိန်ပွင့်လေးတစ်ပွင့်က တွဲလောင်းလေး .. ။

" လာ တီလေးဆွဲပေးမယ် "

လည်တိုင်နားကို သူမရဲ့ လက်ကောက်ဝတ်တစ်စုံ ဖြတ်သန်းသွားတဲ့ အချိန်၌ မွှေးပျံ့တဲ့ နှင်းဆီပန်းခင်းကြီးထဲကို ရောက်ရှိသွားသလိုမျိုး သင်းပျံ့သည့် ရနံ့လေးကို ရှုရှိုက်ခွင့် ရလိုက်သည်။

" သဘောကျရဲ့လား သက်လွှာ "

သူမ,မေးတော့ ဆွဲကြိုးမှာပါတဲ့ စက္ကူလေယာဉ်ပျံပုံစံရှိသည့် ရွှေရောင်လော့ကတ်သီးလေးကို သက်လွှာ လက်ဖျားလေးနဲ့ ကိုင်ထားရင်း

" အရမ်းကို သဘောကျတယ်။ တီလေးကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဖန်တီးထားတဲ့ ဒီဆွဲကြိုးလေးကို သက်လွှာ အမြတ်တနိုးနဲ့ တန်ဖိုးထားပါ့မယ်နော် "

သူပြောလိုက်တော့ သူမက မက်မွန်သီးအရောင်ဆိုးထားတဲ့ နှုတ်ခမ်းဖျားလေးကို ကော့ညွှတ်နေအောင် ပြုံးရယ်ပြလေသည်။

" ဟောဒီ့စက္ကူလေယာဉ်ပျံရုပ်လေးလိုပဲ သက်လွှာ အလိုရှိတဲ့နေရာကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ အရောက်လှမ်းနိုင်ပါစေကွယ် "

သူ့ခေါင်းက ဆံနွယ်တွေကို လာထိုးဖွနေတဲ့ သူမရဲ့မျက်နှာကို သက်လွှာ မျက်တောင်မခပ်စတမ်း ငေးစိုက်ကြည့်နေမိသည်။

'တကယ်တော့ ဒီစက္ကူလေယာဉ်ပျံလေး အလိုရှိတဲ့ ဦးတည်ရာရပ်ဝန်းက တီလေးပဲလေ .. ´

သက်လွှာ စိတ်ထဲကနေ ရေရွတ်လိုက်တဲ့စကားကိုတော့ သူ့တီလေးကြားသိနိုင်မည် မဟုတ်ချေ။

ဝိုင်တစ်ပုလင်း ဝင်ထားလို့ ထင်ပါရဲ့ သက်လွှာ မြတ်နိုးရတဲ့ ထိုအမျိုးသမီးသည် ဤညတွင် စကားတွေ အများကြီး .. အများကြီး ပြောခဲ့၏။

" သက်လွှာ သိလား။ တီလေးလေ .. ဘဝမှာ ဘယ်သောအခါမှ ကြောက်ရွံ့ထိတ်လန့်ခြင်းမျိုး မရှိခဲ့ဖူးဘူး။ ဒါပေမဲ့လေ သက်လွှာကို စတွေ့တဲ့အချိန်က တီလေး တကယ်ကြောက်နေခဲ့မိတာ။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ တွေးနေခဲ့မိတာတွေက .. အိုး အများကြီးပဲ .. အများကြီးရှိခဲ့တယ်။ သက်လွှာကို ဘယ်လို ... ဘယ်လိုမျိုး ... "

သူမဟာ သူ့မျက်နှာကို မျက်ရည်ကြည်များဝေ့နေတဲ့ မျက်ဝန်းညိုညိုတစ်စုံနဲ့ စိုက်ကြည့်ရင်း စကားဆက်ပြောဖို့အတွက် စကားလုံးတွေစုဆောင်းနေဟန်တူသည်။ ရင်ထဲမှ စကားတွေကို ပုံဖော်ပြဖို့ ခက်ခဲနေသည့်ဟန်ဖြင့် သူ့မျက်ဝန်းတွေကို စိုက်ကြည့်လို့နေ၏ .. ။

" ဘယ်လိုနွေးထွေးမှုပေးရမလဲ။ ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာကို တီလေးသေချာ ကောင်းကောင်းမသိခဲ့ဘူး။ ရှင်းရှင်းပြောရရင် တီလေးကိုယ်တိုင်လည်း အဲ့လိုနွေးထွေးမှုတွေ ဂရုစိုက်မှုတွေ သေသေချာချာ မရရှိခဲ့ဖူးဘူးဆိုတော့ ... တော်တော်လေးကို ကြောက်ရွံ့နေမိတာ။ သက်လွှာအပေါ်မှာ တီလေးထပ်ပြီး အမှားလုပ်မိဦးမလားဆိုတဲ့စိတ်က .. အချိန်ပြည့်စိုးမိုးထားတာ။ ဒါပေမဲ့ .. နောက်ဆုံးတော့ ... "

" နောက်ဆုံးတော့ တီလေးလုပ်ပေးနိုင်ခဲ့တယ်လေ။ အရာရာတိုင်းကို အကောင်းဆုံး .. "

ညင်သာစွာ စီးကျလာတဲ့ သူမရဲ့ပါးပြင်ပေါ်က မျက်ရည်စကို သက်လွှာ လက်ချောင်းလေးနဲ့ အသာအယာလေး ဖယ်ရှားပေးရင်းပြောလိုက်၏။ ထိုအခါသူမက မျက်ရည်များကြားမှ အပြုံးမျက်နှာဖြင့် ခေါင်းလေးညိတ်ပြရင်း သက်လွှာကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့၏။

" ကျေးဇူးတင်ပါတယ် ကလေးလေးရယ်။ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပေးလို့။ တီလေးအရမ်း ဂုဏ်ယူမိတယ်ကွယ် "

'ဂုဏ်ယူမိတယ်ကွယ်´လို့ ပြောချလိုက်တဲ့ သူမရဲ့လေသံက နက်နဲစွာဖြင့်ပင် လေထဲ၌ တိမ်မြုပ်နစ်ဝင်သွားခဲ့လေပြီ။

X    X     X     X     X

အမှတ်စာရင်းတွေထွက်လာတော့ တီလေးက ဘာဝါသနာပါလဲ၊ ဘယ်ကျောင်းတက်ချင်လဲလို့ မေးလာသည်။ ထိုအခါ ငယ်ငယ်ထဲက အိမ်ပုံစံလေးတွေ ဆွဲရတာ၊ စက္ကူလေးတွေနဲ့ အိမ်ပုံစံငယ်လေးတွေ ဖန်တီးပြီး ကစားရတာကို နှစ်သက်ခဲ့ရသူမို့ အနာဂတ်မှာ ထူးချွန်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်မိတယ်လို့ ပြန်ဖြေမိခဲ့သည်။

သက်လွှာ နည်းပညာတက္ကသိုလ် စတက်တော့ သူမက အစစအရာရာ ပံ့ပိုးကူညီပေးသည်။ သို့ပေမဲ့ သက်လွှာကတော့ ထိုအချိန်ကတည်းက တစ်ဖက်လမ်းကနေ ကိုယ့်မုန့်ဖိုး၊ ကိုယ့်ရဲ့ဝင်ငွေလေးကို မိမိဘာသာ ရှာဖွေချင်ခဲ့တာကြောင့် တက္ကသိုလ်စတက်တဲ့ ပထမနှစ်မှာပင် ဆယ်တန်းကျောင်းသူလေး ၂ ယောက်ကို ကျောင်းပိတ်ရက်တွေမှာ Guide သင်ပြပေးခဲ့သည်။ သိမ်မွေ့ထည်ကလည်း သက်လွှာ စိတ်ချမ်းသာဖို့က အဓိကဆိုပြီး ဘာဆိုဘာမှ မတား။

သက်လွှာ အရမ်းချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ပြည့်ဖူးချိုနဲ့ ရှိုင်းတာရာတို့ ၂ ယောက်ကလည်း သက်လွှာနဲ့အတူတူ တစ်ကျောင်းတည်းလိုက်တက်ကြသည်။ ဒါ့အပြင် သက်လွှာ မမြင်မတွေ့ချင်ပါသော ရန်သူတော်ကြီး ဇင်လှိုင်မြင့်ကလည်း နည်းပညာတက္ကသိုလ်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့လာသည်။ တစ်ခန်းတည်း အတူမဟုတ်လို့သာ တော်ပေးသေး၏။

တက္ကသိုလ် First year ၌ သက်လွှာ အပေါင်းအသင်း အသစ်မထားဖြစ်။ သူ့သူငယ်ချင်း ၂ ယောက်နဲ့သာ အမြဲတပူးတွဲတွဲ ရှိနေခဲ့သည်။

First year ကျောင်းသူတွေထဲတွင် အရပ် ၅ ပေ ၅ လက်မခန့်ရှိတဲ့ သက်လွှာသည် ရုပ်ရည်ချောမောပြီး ချစ်စရာကောင်းတာကြောင့် ... သက်လွှာရဲ့နားမှာ ကောင်လေးတွေကတော့ တဝဲလည်လည်ပင်။ ထိုကောင်လေးများထဲတွင် King ဆိုသည့် ဂုဏ်ပုဒ်ကိုရရှိပိုင်ဆိုင်ထားတဲ့ 'သူရိန်မောင်လင်း´ ဆိုသည့်ကောင်လေးလည်းပါ၏။ ထိုကောင်လေးက သက်လွှာတို့နဲ့ တစ်ခန်းတည်းအတူတူဖြစ်ပြီး First year ရဲ့အသစ်စက်စက် King တစ်ယောက်။ မိဘတွေက ချမ်းသာတာကြောင့် ကားကိုနေ့တိုင်း ထည်လဲစီးနေသည့်သူ။ သက်လွှာတို့နဲ့ တစ်ခန်းတည်းဆိုပေမဲ့ ၁၀ တန်းကို တစ်ကြိမ်ကျထားဖူးသူမို့ သက်လွှာတို့ထက်တော့ အသက်ပိုကြီးသည်။

" သက်လွှာ .. တကယ်ဆိုရင်လေ ငါတို့ 1st year Queen ကနင်ဖြစ်ရမှာသိလား။ နင်မောင်မယ်သစ်လွင်ပွဲနေ့က ဝင်ပြိုင်သင့်တာ "

ပြည့်ဖူးက ကန်တင်းမှာ ထိုင်၍ မုန့်စားနေရင်း နှုတ်ခမ်းကြီးထော်ပြီး ပြောတော့ သက်လွှာ ရယ်မိသည်။

" တော်စမ်းပါဟယ်။ ငါက လမ်းလျှောက်ရင်တောင် မိန်းကလေးဆန်တဲ့လူမဟုတ်တာ နင်တို့လည်း သိပါလျက်နဲ့ "

" အေး ဟုတ်တယ် .. ဟိုးအဝေးကြီးက လှမ်းမြင်ရရင်တောင် နင်ဆိုတာ တန်းသိတယ်။ လမ်းလျှောက်တဲ့ပုံစံမြင်လိုက်တာနဲ့ ဟာ ဒါငါတို့ သက်လွှာကြီးပဲဟေ့ ဆိုပြီးတော့လေ .. ကျားကျားယားယားကြီး လျှောက်တာ "

တာရာက ထပြောပြီး ခွက်ထိုးခွက်လန် ရယ်တော့ သူတို့ ၃ ယောက်လုံး တဟားဟား ရယ်မိကြပြန်သည်။

" ဘာတွေ သဘောကျစရာရှိလို့ အဲ့လောက်တောင် ရယ်မောနေကြတာလဲဗျ "

အသံထွက်ပေါ်လာတဲ့ ဘေးကို လှည့်ကြည့်မိကြတော့ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ သူရိန်မောင်လင်း ဖြစ်နေသည်။

" ကျွန်တော် ဒီဝိုင်းမှာထိုင်လို့ရမလား ခင်ဗျ "

ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ ခွင့်တောင်းနေတော့ ပြည့်ဖူးက သက်လွှာနဲ့ တာရာဘက်သို့လှည့်၍ မျက်ခုံးပင့်ပြသည်။

" ဟုတ်ကဲ့ ထိုင်ပါ "

သက်လွှာ မျက်နှာကို ချက်ချင်းပြန်တည်လိုက်ပြီး ပြောလိုက်တော့မှ သူရိန်က ဘေးဝိုင်းက ခုံလေးကို ဆွဲယူ၍ တာရာရဲ့ နံဘေး၊ သက်လွှာနဲ့ မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်လေသည်။

" ကျွန်တော့်နာမည်က သူရိန်မောင်လင်းပါ။ ဒီမှာထိုင်နေတဲ့ ၃ ယောက်လုံးနဲ့ သူငယ်ချင်းဖြစ်ခွင့်ရမလား မသိဘူး။ ကျွန်တော်က ဟာသဥာဏ်ရွှင်တဲ့လူမို့ အားလုံးရဲ့စိတ်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်ဆိုတာကတော့ ကျိန်းသေပါတယ် "

ရည်ရည်မွန်မွန်ပုံစံနဲ့ပဲ ရယ်ပြီးပြောနေတဲ့ သူရိန်မောင်လင်းကိုကြည့်ကာ သက်လွှာတို့ ၃ ယောက်လည်း ပြုံးပြလိုက်ကြသည်။

" ရပါတယ်ဗျ။ ကျွန်တော်လည်း ဟာသဥာဏ်တအားရွှင်တာ။ သြော် ကျွန်တော်က ရှိုင်းတာရာပါ "

" ငါက ပြည့်ဖူးချို .. နင့်ကိုတော့ ငါတို့သိပြီးသားပါ။ ငါတို့ batch က King ကြီးဆိုတော့လေ "

ပြည့်ဖူးက သံပုရာရည်ခွက်ကို သောက်ရင်း ပခုံးတွန့်ပြကာ လှမ်းပြောတော့ သူရိန်က ရယ်ပဲရယ်နေ၏။

" ကျွန်မက ချစ်သက်လွှာပါ "

" ဟုတ်ကဲ့ သိပါတယ်ခင်ဗျ "

သက်လွှာရဲ့မျက်နှာကို စိုက်ကြည့်ရင်း ပြုံးပြီးပြောနေတဲ့ သူရိန်အား ပြည့်ဖူးနဲ့ တာရာက အခြေအနေကို ရိပ်မိနေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်နေရင်း တစ်ယောက်ကိုတစ်ယောက် မသိမသာ မျက်စပစ်ပြနေကြလေသည်။

ဒီလိုနဲ့ သူတို့ ၃ ယောက်အုပ်စုထဲကို သူရိန်မောင်လင်း တစ်ယောက် ထပ်မံရောက်ရှိလို့လာ၏။

နောက်ပိုင်းမှ တဖြည်းဖြည်းသိလာရတာက သူရိန်ဟာ သူတို့ ၃ ယောက်နဲ့မတူ။ အရမ်း active ဖြစ်ပြီး social လည်းကျလွန်း၏။ ပြီးတော့ ကောင်မလေးတွေနဲ့ အမြဲတရုန်းရုန်း ရှိနေတတ်သူမို့ သက်လွှာကတော့ အစထဲက သူရိန်ကို သိပ်တော့ သဘောမကျပေ။ ဒါပေမဲ့ သူရိန်က သက်လွှာကို သဘောကျနေတယ်ဆိုတာကိုတော့ သူတို့အဆောင်က လူတိုင်းနီးပါး သိကြ၏။

X    X     X    X     X

(တစ်နှစ်ခန့် ကြာပြီးနောက် .. )

" သက်လွှာ ... "

" ရှင်တီလေး .. "

" သက်လွှာလည်း တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူကြီး ဖြစ်နေပြီဆိုတော့လေ .. ကားမောင်းသင်ချင်တဲ့ ဆန္ဒရှိလားဟင် "

ညစာ စားပြီးကြတဲ့ အချိန်မှာ နှစ်ယောက်တည်း ခြံထဲဆင်းပြီး လေညှင်းခံနေကြရင်း သိမ်မွေ့ထည် မေးလိုက်တော့ သက်လွှာက သူ့တီလေးမျက်နှာကို ငေးကြည့်လို့နေ၏။ သိမ်မွေ့ထည်ကတော့ သက်လွှာ ကားမောင်းတတ်တဲ့အခါကျရင် ကျောင်းသွား ကျောင်းပြန်အတွက် ကားတစ်စီးဝယ်ပေးဖို့ စဉ်းစားထားပြီး ထိုကဲ့သို့ မေးလိုက်ခြင်းဖြစ်၏။ သို့ပေမဲ့ သက်လွှာကတော့ သူ့တီလေး ဘာ့ကြောင့် ထိုသို့မေးသလဲဆိုတဲ့ ရည်ရွယ်ချက်ကို မသိ။ သူသိတာက တကယ်လို့များ သူသာကားမောင်းတတ်ရင် အားလပ်တဲ့အချိန်တွေမှာ သူ့တီလေးကို ကုမ္ပဏီလိုက်ပို့၊ ဆေးရုံလိုက်ပို့ လုပ်ပေးချင်မိတာကြောင့် ခေါင်းညိတ်ပြလိုက်ခြင်းသာဖြစ်၏။

" ဟုတ် သင်ချင်တယ် တီလေး "

X    X    X    X    X

" သက်လွှာ .. "

" ဟင် သူရိန်။ နင်ဟိုနှစ်ယောက်နဲ့ ကန်တင်းကို သွားနှင့်ပြီတောင်ထင်နေတာ "

" သြော် .. တမင်နင့်ကို စောင့်နေပေးတာ "

တစ်တန်းတည်း အတူထိုင်တဲ့ 'ကြည်ကြည်ပြုံး´ဆိုသည့်ကောင်မလေးက သူလိုက်မမီတဲ့စာတချို့ကို သက်လွှာကို ရှင်းပြပေးဖို့ အကူအညီတောင်းတာနဲ့ သက်လွှာ ကန်တင်းမသွားဖြစ်သေး။ စာရှင်းပြလို့ ပြီးသွားတဲ့အချိန်ကျမှ သူရိန်မောင်လင်း သူ့ကိုစောင့်နေမှန်း သတိထားမိလိုက်ခြင်းဖြစ်၏။ ဒီလိုနဲ့ သက်လွှာ ကန်တင်းသို့ သူရိန်ဖြင့် အတူတူသွားဖြစ်ခဲ့လေသည်။

" သက်လွှာ .. "

" ဟင် .. ပြောလေ သူရိန် "

" မနက်ဖြန်ကျရင် ငါ့မွေးနေ့လေ။ အဲ့ဒါ ငါ့ရဲ့ မွေးနေ့ပါတီကို နင့်ကို ဖိတ်ချင်လို့။ အချိန်က ညနေ ၆ နာရီခွဲလောက်စမှာ။ ငါ့အိမ်က ခြံထဲမှာပဲ လုပ်ဖြစ်မယ်။ နင်လာမယ် မဟုတ်လားဟင် "

သူရိန်က ငြင်းဆန်လို့မကောင်းအောင် ရှေ့ပိတ်နောက်ပိတ်နဲ့ မေးချလိုက်ခြင်းမို့ သက်လွှာ အခက်တွေ့နေလေသည်။

" ပြည့်ဖူးနဲ့ တာရာတို့ကိုကော ဖိတ်ထားလား "

" ဖိတ်ထားတာပေါ့ဟ "

" ဒါဆိုလည်း သူတို့နဲ့အတူလိုက်ခဲ့မယ်လေ။ ဒါပေမဲ့ ငါ့တီလေးကို အရင်မေးကြည့်ရဦးမှာ။ သူခွင့်ပြုမှ လာလို့ရမှာ သူရိန်ရဲ့ "

" သြော် အေးအေး "

ထိုနေ့က ကျောင်းကအပြန် သက်လွှာ အိမ်ပြန်ရောက်တဲ့အချိန်တွင် ခြံထဲမှ ပုံရိပ်တစ်ခုကြောင့် သက်လွှာ အမောဆို့သွားခဲ့ရသည်။
အကြောင်းမှာ .. သူ့တီလေးက ခြံထဲက ကျောက်စားပွဲဝိုင်းကြီးရဲ့နံဘေးမှာထိုင်ပြီး သူစိမ်းယောကျာ်းသားတစ်ဦးနဲ့ ရယ်မောစွာ စကားတွေထိုင်ပြောနေခြင်းကြောင့်ပင်။ သူ့ရဲ့ရှေ့မှာ ပြုံးရယ်ပြခဲ့သလိုမျိုး လှပပြီးချိုသာတဲ့ နူးနူးညံ့ညံ့အပြုံးလေးတွေနဲ့ တီလေးက ထိုယောကျာ်းရဲ့ရှေ့တည့်တည့်မှာ ရှိနေသည်လေ။ မိမိမဟုတ်တဲ့ တခြားလူတစ်ယောက်ရဲ့ရှေ့မှာ ပြုံးရယ်နေတဲ့ သူ့တီလေးကို သက်လွှာ မျက်မှောင်ကြီးကြုတ်၍ စိုက်ကြည့်နေမိသည်။

ဘယ်သူလဲ .. ။
အဲဒီလူက ဘယ်သူများလဲ။ တီလေးရဲ့ အချစ်ဦးဆိုတာများလား။
ဒါပေမဲ့ မိုးပြာရောင် တီရှပ်နဲ့ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားတဲ့ ဒီလူ့ရဲ့ပုံစံက တီလေးထက်ငယ်မည့်ပုံပါပဲ။ ဘရန်စိုင်း ဆိုတဲ့လူကြီးထက်တော့ နည်းနည်းပိုအသက်ရင့်ပုံပေါ်သည်။ ဝတ်စားပုံမှာ စတိုင်လ်ကျပြီး သန့်ပြန့်ကျော့ရှင်းနေတဲ့ ထိုလူက သူ့တီလေးရဲ့ရှေ့မှာ ရယ်မောနေလိုက်တာများ သွား ၃၂ ချောင်းတောင် ပေါ်နေချေပြီ။

" ဟင်း ... "

ကျောပိုးအိတ်က ခါတိုင်းထက်ကို ပိုပြီးလေးလံလာသလိုရှိသည်။ သက်လွှာ သက်ပြင်းတစ်ချက်ချပြီး မြင်ကွင်းကို ဥပေက္ခာပြုလျက်ဖြင့် အိမ်ထဲကိုပဲ တန်းဝင်ဖို့ဟန်ပြင်ရလေပြီ။ နို့မို့ဆိုလျှင် ခံစားချက်တွေက ပိုမိုပြင်းထန်လာပြီး ပေါက်ကွဲနိုင်ချေ ရှိနေသည်လေ။

" သက်လွှာ ... လာပါဦးကွယ် "

ဟော .. မမြင်ချင်လို့ လှည့်ထွက်ဖို့ ကြိုးစားနေတဲ့လူကိုမှ သူမက လှမ်းပြီးခေါ်တော်မူနေလေပြီ။ သက်လွှာ စိတ်ကိုလျော့ချလိုက်သလို ပခုံးကျောကိုလည်း လျော့ချလိုက်ပြီးတော့မှ သူမရှိရာဘက်ဆီသို့ ပြန်၍မျက်နှာမူလိုက်ရသည်။

အနားရောက်တော့ သူမက ထိုလူ့ဘက်သို့လှည့်၍

" အတာရေ .. ဒါတို့ရဲ့တူမလေး ချစ်သက်လွှာ ဆိုတာပေါ့ .. "

'အောင်မလေး ခေါ်လိုက်ပုံက အတာတဲ့လား။ နောက်ပြီးတော့ ငါ့ကို တူမတဲ့။ ကျွန်မက ရှင့်တူမမှ မဟုတ်ပဲ။ ဒေါ်သိမ်မွေ့ထည်ရေ ရှင်ကတော့လေ ကျွန်မကို ညှင်းဆဲနေသလားပဲ´

သက်လွှာ စိတ်ထဲကနေ ဒေါသတကြီးရေရွတ်လိုက်ရင်း အကြည့်က သူမထံသို့ ရောက်ရှိသွား၏။ ဒီနေ့မှ ဝတ်စားထားပုံကလည်း အပေါ်အင်္ကျီက ချိုင်းပြတ်ကိုမှ အသားရောင် ဇာခပ်ပါးပါးလေး။ ပြီးတော့ ရင်ဘတ်ကလည်း ဟိုက်သေး။ အပေါ်ကနေ ပဝါပါးလေးခြုံထားပေမဲ့လို့ ပဝါစက သူမရဲ့ လှပပြီးဝင်းမွတ် ထွေးအိနေတဲ့ ရင်ညွှန့်ပေါ်မှာ ရှိမနေပါ။ လက်မောင်းနှစ်ဖက်ပေါ်တွင်သာ တွဲလောင်းကျနေသည်။ ထို့ကြောင့် သက်လွှာ စိတ်အချဉ်ပေါက်စွာဖြင့် သူမရဲ့လက်မောင်းပေါ်မှာရှိနေတဲ့ ပဝါစကို လက်ဖြင့်ဆွဲ၍ ဖွေးဥနေတဲ့ ရင်ညွှန့်ပေါ်သို့ ဖြန့်အုပ်ချပေးလိုက်လေသည်။ သူမကတော့ အပြုံးမပျက်ပြောနေရင်းက သက်လွှာရဲ့ အပြုအမူကြောင့် တစ်ချက်လေး အံ့သြသင့်သွားဟန်ဖြင့် ပြန်လှည့်ကြည့်နေ၏။ ဒီအချိန်တွင် သူမျက်စောင်းကြီး ပိတ်ထိုးချပစ်လိုက်တော့ သူမရဲ့မျက်ဝန်းတွေက မဆိုစလောက်လေး ဝိုင်းစက်သွားပြန်သည်။ ကြည့်ရတာ သူမဘာတွေ အမှားလုပ်မိသွားသလဲလို့ တွေးနေဟန်တူပါရဲ့။

" ညီမလေးက ချစ်စရာလေးပဲမမရဲ့။ အစ်ကို့နာမည်က 'ညီညီတာ´ပါ .. တွေ့ရတာ ဝမ်းသာပါတယ်နော် ညီမလေး " 

ညီညီတာ ဆိုသည့်လူရဲ့နှုတ်မှထွက်ကျလာတဲ့ 'မမရဲ့´ဆိုတဲ့အသံက တကယ့်ကို နားဝင်ဆိုးလှ၏။ သက်လွှာ ထိုလူ့မျက်နှာကို တစ်ချက်လေးပဲ စိုက်ကြည့်လိုက်ပြီး သူမရဲ့ဘက်သို့ ပြန်လှည့်ကာ

" သက်လွှာ ပင်ပန်းလာလို့ နားတော့မယ် တီလေး "

ထိုလူ့စိတ်ထဲတော့ သူက လူမှုရေးမသိတဲ့ ရိုင်းရိုင်းစိုင်းစိုင်း ကောင်မလေးတစ်ယောက် ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ သို့သော်လည်း သူဂရုမစိုက်လို။ စိတ်ထဲဖြစ်ပေါ်နေတာကို ထိန်းချုပ်ရခက်နေပြီမို့ ဟန်လည်းဆောင်မနေနိုင်တော့။

" သက်လွှာ ခဏ .. "

လှည့်ထွက်ဖို့လုပ်နေတဲ့ သူ့ရဲ့လက်ကောက်ဝတ်ပေါ်ကို သူမရဲ့လက်ချောင်းနုနုသွယ်သွယ်လေးတွေက ကျရောက်လို့လာပြီး တိုးဖွဖွလေသံလေး ထွက်ပေါ်လာသည်။

" တီလေးလည်း အထဲပြန်ဝင်တော့မှာ "

သူမရဲ့မျက်ဝန်းတွေက သူ့ကိုစကားတစ်ခုခု ပြောချင်နေသလိုလို။ ဘေးနားမှာ ခဏစောင့်နေပေးဖို့အတွက် တောင်းဆိုနေသည့် မျက်ဝန်တွေဖြင့် မော့ကြည့်လို့နေရှာသည်။

'ဟင်း .. ခက်တယ်´

ဘယ်သောအခါမှ မငြင်းဆန်နိုင်မဲ့ ထိုမျက်ဝန်းညိုညိုပိုင်ရှင် အရှင်သခင်မကြီးကြောင့် သက်လွှာထိုနားမှ ခွာလို့မရတော့ပြီ။

" အတာရေ နောက်နေ့မှပဲ မမလိုအပ်တာရှိရင် လှမ်းပြီးဖုန်းဆက်လိုက်တော့မယ်နော် "

" သြော် ဟုတ်ကဲ့မမ။ ဒါဆို ကျွန်တော်လည်း ပြန်လိုက်တော့မယ်။ ဒီနေ့က ဖေဖေ့ဘက်က အဒေါ်တစ်ယောက်ကို လေဆိပ်မှာ သွားကြိုပေးဖို့လည်းရှိနေသေးလို့ "

" အေးပါကွယ်။ ကားကို ဂရုစိုက်မောင်းဦးနော် "

" ဟုတ်ကဲ့ပါ မမ "

မသွားခင် ဂရုစိုက်ဖို့ မှာတမ်းခြွေနေတဲ့ သူမကို သက်လွှာမျက်မှောင်ကြုတ်ပြီး တစ်ချက်ငုံ့၍ စိုက်ကြည့်မိပြန်သည်။ သူမဟာလေ ဘယ်သူ့အပေါ်မှာမဆို နွေးထွေးပြနေတော့တာပါပဲ။ တစ်ခါတလေကျရင် သူတစ်ပါးအပေါ်သိပ်ကောင်းလွန်းပေးနေတဲ့ သူမကြောင့် သက်လွှာမှာ ကြားထဲကနေ မနာလိုဝန်တိုစိတ်တွေဖြစ်ပြီး ငရဲတွေလည်း ကြီးရပေလိမ့်ဦးမည်။

" သက်လွှာ ... "

အခုမှသူ့လက်ကို လက်ဖဝါးနှစ်ဖက်လုံးနဲ့ အုပ်၍ဆုပ်ကိုင်ထားပြီး မျက်နှာရိပ်မျက်နှာကဲကို လာဖတ်နေသည့် သူမ။

" တီလေး တောင်းပန်ပါတယ်နော်။ နေရခက်သွားတယ် မဟုတ်လားဟင် "

" ဘာလို့လဲ .. ဘာလို့ တူမလို့ ပြောလိုက်ရတာလဲ။ သက်လွှာက တီလေးရဲ့ တူမမှမဟုတ်ပဲ "

လေသံပျော့ပျော့လေးနဲ့ တောင်းပန်စကားဆိုနေတဲ့သူမကို သက်လွှာ စိတ်မကြည်သည့်လေသံဖြင့် တန်းပြီးပြောချလိုက်တော့ သူမက ပျာပျာသလဲပင် ထပ်ပြီးတောင်းပန်နေပြန်သည်။

" တီလေးတောင်းပန်ပါတယ်။ တီလေးကဒီအတိုင်းပဲ ပြောလိုက်မိတာပါ။ ဟိုလို ပိုင်စိုးပိုင်နင်း အဓိပ္ပာယ်မျိုးနဲ့ ပြောလိုက်မိတာ မဟုတ်ရပါဘူးကွယ်။ သက်လွှာမကြိုက်ဘူးဆိုရင် နောက်ဘယ်တော့မှ .. "

" တီလေးရဲ့စိတ်ထဲမှာ သက်လွှာက တကယ်ပဲ တီလေးရဲ့ တူမတစ်ယောက်အနေနဲ့ တည်ရှိနေတာလား "

သူမစကားပြောလို့ ပြီးဆုံးတာကိုတောင် စောင့်မနေနိုင်တော့။ စိတ်ထဲသိချင်နေသည့်အတိုင်း မေးချပစ်လိုက်မိသည်။ ထိုအခါ နှင်းဆီဖူးလေးနဲ့တူတဲ့ သူမရဲ့ နှုတ်ခမ်းလွှာလေးနှစ်ချပ်က အနည်းငယ်လေးပွင့်ဟလို့သွားသည်။ ဘာမျှပြန်မပြောသေးပဲ အတော်ကြာတဲ့အထိ ဝိုင်းစက်စက်မျက်ဝန်းညိုတစ်စုံနဲ့ မော့ကြည့်လို့နေသည်။

" ဒါ .. ဒါပေါ့ .. သက်လွှာက တီလေးရဲ့ တူမလေးပဲလေ .. "

တိုးဖျော့ပြီး မဝံ့မရဲ လေသံလေးနဲ့ သိမ်မွေ့ထည် ပြန်ဖြေမိလိုက်သည်။ တကယ်တော့ သိမ်မွေ့ထည်ရဲ့ အတွေးက သက်လွှာလည်း ထိုကဲ့သို့သော အဖြေမျိုး ပြန်လည်ကြားချင်လိမ့်မည်အထင်ဖြင့် ဖြေလိုက်မိခြင်းသာ။ သိမ်မွေ့ထည်ရဲ့စိတ်ထဲမှာ သက်လွှာက သူ့ရဲ့အဖိုးတန်လှတဲ့ မိသားစုဝင်လေးတစ်ဦးဖြစ်နေပြီဆိုတာကို ဖွင့်ဟပြလိုခြင်းဖြစ်၏။

တကယ်တော့ သက်လွှာ မေးချလိုက်တဲ့ မေးခွန်းရဲ့ အဓိပ္ပာယ်က တစ်မျိုး။ ဒါကို သေသေချာချာ နားမလည်ပဲ ဖြေချလိုက်တဲ့ သိမ်မွေ့ထည်ရဲ့ စကားကလည်း သူ့အဓိပ္ပာယ်နှင့်သူ။ ကြားထဲမှာ နားလည်မှုတွေ လွဲကုန်ကြလေပြီ။

" ဒါပေါ့ ... ဟုတ်တာပေါ့လေ။ သက်လွှာက တီလေးရဲ့ တူမပဲပေါ့ .. "

သက်လွှာ ခါးသက်စွာဖြင့် တစ်ချက်လေးပြုံးပြပြီး အရွဲ့တိုက်သလို ပုံစံမျိုးဖြင့် ပြန်ပြောကာ လှည့်ထွက်ဖို့ဟန်ပြင်တော့ သိမ်မွေ့ထည်က စိုးရိမ်တကြီးနဲ့ လက်ကိုဖမ်းဆွဲကိုင်ထားပြန်သည်။ ထိုအခါ သက်လွှာက

" တီလေး မသိဘူး။ ဘယ်တော့မှလည်း တီလေး သိမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး လွှတ်ပါတော့ "

သက်လွှာ လက်ကိုရုန်းလိုက်သော်လည်း သိမ်မွေ့ထည်ကတော့ မလွှတ်ပေးနိုင်သေး။ သူဖြေလိုက်တဲ့ အဖြေကို သက်လွှာ သဘောမကျဘူးဆိုတာကိုပဲ ရိပ်မိပြီး၊ သူဘာအမှားထပ်လုပ်မိလိုက်တယ်ဆိုတာကိုတော့ သိမ်မွေ့ထည် ဘယ်လိုမှကို စဉ်းစားလို့မရသေး။ သက်လွှာ တော်တော်လေးစိတ်ဆိုးနေပြီထင်ပြီး သိမ်မွေ့ထည် တစ်ယောက် ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်းမသိ ဖြစ်နေ၏။

" တီလေး တောင်းပန်ပါတယ်။ တီလေးရဲ့စကားမှာ အမှားထပ်ပါသွားတယ်ဆိုရင် ထပ်ပြီးတော့ တောင်းပန်ပါတယ်။ သက်လွှာကို တီလေးတကယ်တန်ဖိုးထားတာပါ။ တီလေးအတွက်တော့ သက်လွှာက အရာရာအားလုံးထက် ပိုအရေးပါတယ်။ သွေးသားမတော်စပ်ပေမဲ့လို့ ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်လို .. ကိုယ့်ရဲ့ညီမလေး၊ ကိုယ့်ရဲ့ တူမအရင်းလေးတစ်ယောက်လိုကို တန်ဖိုးရှိတာပါကွယ်။ တီလေး အဲ့လိုအဓိပ္ပာယ်မျိုးနဲ့ ပြောတာပါ။ တစ်မျိုးမထင်ပါနဲ့ကွယ် .. တီလေးတကယ့်ကို တောင်းပန်ပါတယ် ကလေးလေးရယ် "

" တော်ပါတော့ .. တီလေးမှားနေတာ ဘာများရှိနေလို့ အခုလိုမျိုးထပ်ခါတလဲလဲ တောင်းပန်နေရတာလဲ။ ကျေးဇူးပြုပြီး တော်ပါတော့ "

လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကိုင်ထားတဲ့ သိမ်မွေ့ထည်ရဲ့လက်ချောင်းသွယ်သွယ်တွေအောက်ကနေ သက်လွှာ အတင်းရုန်းထွက်လိုက်လေသည်။

" အဲ့ဒါဆို တစ်ခုခုတော့ တီလေးကို ပြောပြပေးပါဦး "

" ဘာကိုပြောရမှာလဲ "

သိမ်မွေ့ထည်က တိုးဖျော့တဲ့လေသံနဲ့ ပြောနေပေမဲ့လို့ သက်လွှာဘက်မှ အသံကတော့ အနည်းငယ်ကျယ်သွားခဲ့သည်။ ထို့ကြောင့် သိမ်မွေ့ထည် ရင်ထဲဆစ်ခနဲ နာကျင်သွား၏။ အတော်လေးလည်း စိတ်ထိခိုက်သွားရရှာသည်။

" သက်လွှာရဲ့ မေးခွန်းအတွက် တီလေးပြန်ဖြေပေးခဲ့တဲ့ အဖြေက ... သက်လွှာကို ပိုပြီးစိတ်ဆိုးအောင် လုပ်မိခဲ့တယ်ဆိုတာကိုပဲ တီလေးခန့်မှန်းကြည့်လို့ရတယ်။ ဘယ်လိုအဖြေမျိုးက သက်လွှာကို စိတ်မဆင်းရဲရအောင်၊ စိတ်ကျေနပ်အောင် ဖန်တီးပေးနိုင်မလဲဆိုတာကို တီလေးတကယ် မသိတော့လို့ပါ။ အဲ့ဒါကြောင့် တီလေးကို ပြောပြပေးသွားပါဦး ကလေးလေးရယ် "

" ဟူး ... "

မျက်ရည်ကြည်တွေ ဝဲတက်နေပြီး အနည်းငယ်တုန်ယင်သလိုဖြစ်နေတဲ့ နှုတ်ခမ်းဖျားတစ်စုံနဲ့ ပြန်ပြောနေတဲ့ သိမ်မွေ့ထည်ကို စိုက်ကြည့်ရင်း သက်လွှာပိုပြီး မွန်းကြပ်လာသည်။ ဒါ့ကြောင့် သက်ပြင်းရှည်တစ်ချက်ကို ချရင်း သက်လွှာခေါင်းက ဆံပင်တွေကို လက်နဲ့ ထိုးသပ် လှန်တင်လိုက်မိသည်။

" တီလေးကို သက်လွှာ စိတ်ဆိုးနေတာ မဟုတ်ဘူး။ ဒီတိုင်း .. သက်လွှာ တီလေးကို ... တီလေးကို .. ဟင်း "

သက်လွှာ ဖွင့်ဟပြောဆိုဖို့ ဟန်ပြင်လိုက်သော်လည်း တကယ်တမ်းကျ နှုတ်မှပြောမထွက်ခဲ့။ သူ့ရဲ့မျက်နှာကို မော့ကြည့်ပြီး သူ့စိတ်ကို ခန့်မှန်းနေတဲ့ သိမ်မွေ့ထည်ရဲ့ မျက်နှာလေးကိုသာ သက်လွှာ မမှိန်မသုန်လေး ပြန်ငုံ့ကြည့်နေမိသည်။

" တီလေးဘာမှ မမှားသလို .. သက်လွှာလည်း တီလေးကို စိတ်ဆိုးနေတာ လုံးဝမဟုတ်ဘူးရယ်။ ဒီတိုင်း ဒီတိုင်း .. ကျွတ်စ် "

အဆုံးသတ်မှာ စုပ်တစ်ချက်သပ်ပြီး မိမိကိုယ်ကို စိတ်ပျက်စွာဖြင့် သက်လွှာ ထိုနေရာမှ လှည့်ထွက်လာခဲ့တော့သည်။ သိမ်မွေ့ထည်ကတော့ သူ့ကိုကျောခိုင်းထွက်ခွာသွားတဲ့ သက်လွှာကို မျက်ရည်တွေဝဲနေတဲ့ အကြည့်တွေနဲ့ ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

'ချစ်တယ်´ ဆိုတဲ့စကားဟာ စကားလုံးလေး နှစ်လုံးတည်းရှိတာပါ။ ဒါပေမဲ့ တချို့တချို့တွေအတွက်တော့ ဒီစကားလုံးလေး နှစ်လုံးလောက်ကို ပါးစပ်ကနေပြောထွက်ဖို့အရေးက သေလောက်အောင်ကို ခက်ခဲလွန်းနေသည်။

'မိန်းမသားချင်းမို့လို့ မဖြစ်နိုင်ဘူးဆိုတာထက် .. သက်လွှာတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံမှုက သိပ်ကိုအကျည်းတန်လွန်းခဲ့တာကြောင့် တီလေးကို ချစ်တယ်ဆိုတဲ့စကား ပြောဖို့အတွက်က .. သက်လွှာအတွက် .. အရမ်းကိုပဲ ... ခက်ခဲလွန်းနေတယ် တီလေးရယ် ´

'အဆုံးသတ်မှာ ဘယ်လိုမှ မဖြစ်သင့်ဘူးဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ ပြီးဆုံးသွားမယ်ဆိုတာကိုလည်း သက်လွှာ ကြိုပြီးသိနေတယ် .. ´

'အခုလက်ရှိအခြေအနေလေး ပျက်စီးသွားမှာကို သိပ်ကြောက်နေမိလို့ ဘယ်လိုမှ ပြောမထွက်ခဲ့တာ။ ဒါကို တီလေးကတော့ နည်းနည်းလေးတောင်မှ ရိပ်မိမှာ မဟုတ်ဘူး .. ´

X     X     X     X    X

Continue Reading

You'll Also Like

119K 8.1K 27
[Zawgyi] အချစ်ဆိုတာအရမ်းကိုဆန်းကြယ်လွန်းတယ်..ထိန်းချုပ်ဖို့လည်းခက်တယ်..လူတစ်ယောက်ကိုချစ်မိလာပြီဆိုရင်ချစ်တတ်တဲ့နှလုံးသားကအသိပေးပါလိမ့်မယ်..ဒါပေမယ့်တစ...
116K 4.5K 32
"မောင်ဘာဆုတောင်းလည်း" "ဘဝဆက်တိုင်းကိုကိုနဲ့ပေါင်းဖက်ရပါစေလို့လေ" "ဘဝဆက်တိုင်းတွေ့ဆုံရပါစေမဟုတ်ဘူးလားမောင်?" "မောင်ကအတ္တကြီးတယ်လေ တွေ့ဆုံရုံနဲ့မကျေနပ်...
312K 20.6K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
804K 26K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...