Elegant

By JE_Rain

215K 21.4K 2.3K

လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) More

1 (Unicode)
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Unicode)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
12 (Zawgyi)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
19 (Zawgyi)
20 (Unicode)
20 (Zawgyi)
21 (Unicode)
21 (Zawgyi)
22 (Unicode)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
28 (Zawgyi)
29 (Unicode)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)
40 Final (Unicode)
40 Final (Zawgyi)

8 (Zawgyi)

1K 30 1
By JE_Rain

တဆစ်ဆစ်နာကျင်နေသည်။ ညာဘက်လက်မှ စီးကရက်မီးစကြောင့်ရရှိခဲ့တဲ့ ဒဏ်ရာကကော၊ သူမရဲ့နှလုံးသားနေရာကနေပါ။

" ဒီကလေးနဲ့ ပတ်သတ်ရင် ငါဘာ့ကြောင့်များ စိတ်ခံစားချက်တွေ ပြင်းထန်နေရတာလဲ "

တကယ်လည်းဟုတ်သည်။ သက်လွှာနဲ့ပတ်သတ်လျှင် သူရဲ့စိတ်က အထိအခိုက်မခံနိုင်အောင်ကို ဖြစ်နေသည်လေ။

" တကယ်တော့ ငါ့ကြောင့်ပဲ။ ငါ့ကြောင့်သက်လွှာ အတုယူမှားတာ။ နောက်အဲ့လိုမဖြစ်ရအောင် ငါစီးကရက်ဖြတ်မှပဲ ဖြစ်တော့မယ် "

သိမ်မွေ့ထည်သည် သူမရဲ့ဘဝအတွက် တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ စီးကရက်ကို သက်လွှာအား လမ်းမှားမရောက်စေလိုသော ရည်ရွယ်ချက်တစ်ခုတည်းအတွက်ကြောင့်နဲ့ အပြီးတိုင်စွန့်ပစ်ခဲ့လေတော့သည်။ ထိုညက ရရှိခဲ့သည့် လက်ဖဝါးနုနုမှ အပူလောင်ထားတဲ့ဒဏ်ရာကိုလည်း ဆေးမထည့်ပဲ ဒီအတိုင်းသာထားခဲ့၏။

နောက်တစ်နေ့မနက်ရောက်တော့ မနက်စာ စားပွဲဝိုင်း၌ သိမ်မွေ့ထည်တစ်ယောက် ညာဘက်လက်ကို အသုံးမပြုနိုင်တော့ပေ။ လက်နှစ်ဖက်ဖြင့် ဇွန်းနဲ့ခက်ရင်းကို ကိုင်စားရမည်ဖြစ်သော်လည်း ဘယ်လက်ကိုသာ အသုံးပြု၍ ဇွန်းတစ်ချောင်းတည်းဖြင့် မနက်စာစား၏။

" သမီး .. ညာဘက်လက်က ဘာဖြစ်ထားလို့လဲ ? "

" ဘာမှမဖြစ်ပါဘူး ဒေါ်ဒေါ်မြ "

ဘေးကနေပြီး ဒေါ်ဒေါ်မြက မေးတော့ သိမ်မွေ့ထည် ဘာမှမဖြစ်ဘူးဟုသာ ပြန်ဖြေလိုက်သည်။ သို့သော်လည်း မနက်စာထမင်းဝိုင်မှာ အတူရှိနေတဲ့ သက်လွှာကတော့ အခြေအနေအမှန်ကို သိနေ၏။ ခါတိုင်းနေ့မနက်ခင်းတွေဆိုလျှင် သက်လွှာရဲ့ ပန်းကန်ထဲကို ဟိုမုန့်ထည့်ပေးလိုက် ဒီမုန့်ထည့်ပေးလိုက် အမြဲလုပ်ပေးတတ်သည့် သိမ်မွေ့ထည်ဟာ ယနေ့တော့ မျက်နှာထားတည်တည်ဖြင့်သာ ငြိမ်သက်လို့နေသည်။

ယခုလိုကျပြန်တော့လည်း သက်လွှာရဲ့စိတ်ထဲမှာ နေရတာ တစ်မျိုးကြီးဖြစ်နေသည်။ သူ့ကို ဟိုက စိတ်ဆိုးနေသေးတယ်လို့ထင်ပြီး မနက်စာကို ခပ်မြန်မြန်သာစား၍ ထရပ်လိုက်၏။

" သွားတော့မလို့လားသမီး "

ဒေါ်ဒေါ်မြကမေးတော့ သက်လွှာ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။ ထိုအခါ ဒေါ်ဒေါ်မြက ထမင်းဘူးလေး လှမ်းပေး၏။

" ကျေးဇူးပါ ကြီးကြီး။ သမီးသွားလိုက်ဦးမယ် "

" အေးအေး သမီးလေး "

ခါတိုင်းမနက်ခင်းတွေကဲ့သို့ပင်၊ သက်လွှာသည် ဒေါ်ဒေါ်မြကိုသာ နှုတ်ဆက်၍ သိမ်မွေ့ထည် ထိုင်နေသည့်ဘက်ကိုတော့ တစ်ချက်လေး လှည့်မကြည့်ဖြစ်။

" သက်လွှာ .. "

ထမင်းစားခန်းရဲ့အပေါက်ဝကို ရောက်ခါနီးတဲ့အချိန်ကျမှ သိမ်မွေ့ထည်ရဲ့ ခေါ်သံက ပြတ်သားစွာထွက်ပေါ်လို့လာသည်။ သက်လွှာ အနောက်ဘက်သို့ ပြန်လှည့်ကြည့်မိလိုက်သည့် အချိန်၌

" ကျောင်းမှာ မင်းကို စိတ်အနှောက်အယှက်ပေးပြီး အနိုင်ကျင့်နေတဲ့လူရှိရင် တီလေးကိုပြောပါ။ တီလေးကိုယ်တိုင် ဖြေရှင်းပေးမယ် "

လေသံက ခါတိုင်းကဲ့သို့ နူးညံ့မနေခဲ့ပါ။ မသိလျှင် အမိန့်တစ်ခုပေးနေသည့်ဟန်ဖြင့် ပြောလိုက်ခြင်းသာ။ သက်လွှာကလည်း 'ဟုတ်´ဟု တစ်ခွန်းပြန်မဖြေ။ ဘာဆိုဘာမှပြန်မပြောပဲ သိမ်မွေ့ထည်ကို ကျောခိုင်းကာ ထွက်ခွာသွားခဲ့လေသည်။

ညရောက်တော့ ညစာထမင်းစားဝိုင်းမှာ သိမ်မွေ့ထည်ကို သက်လွှာ မမြင်တွေ့ခဲ့ရ။ ထိုင်နေကျနေရာမှာ လစ်ဟာနေသည့် နေရာလွတ်တစ်ခုကိုသာ မြင်တွေ့ခဲ့ရလေသည်။

" သမီးရဲ့ တီတီသိမ်မွေ့က ဒီညတော်တော်လေးနေမကောင်းဖြစ်နေတယ်ကွဲ့ "

မျက်နှာချင်းဆိုင်ကခုံမှာရှိနေတဲ့ ဒေါ်ဒေါ်မြက သက်လွှာရဲ့ အရိပ်အခြေကို အစဉ်မပြတ်လိုက်ကြည့်နေသည့်သူမို့ ရိပ်မိနေပုံရသည်။ သက်လွှာ နှုတ်မှ အသံထွက်ပြီး မမေးလိုတဲ့မေးခွန်းတစ်ခုအတွက် ဖြေပေးခြင်းပင်။

ထမင်းစားပြီး အပေါ်ထပ်က အခန်းထဲသို့ပြန်ရောက်လာပြီးသည့် နောက်မှာတော့ သိမ်မွေ့ထည်၏အခန်းဘက်သို့ ကူးတဲ့ တံခါးချပ်အဖြူရောင်လေးအား သက်လွှာ စိုက်ကြည့်နေမိသည်။ စိတ်ထဲမှာ ဒွိဟဖြစ်နေ၏။ ဒေါ်ဒေါ်မြ ပြောလိုက်တဲ့ 'တော်တော်လေး နေမကောင်းဖြစ်နေတယ်´ ဆိုတဲ့စကားက သက်လွှာရဲ့နားထဲမှာ ပဲ့တင်ကျန်ရစ်လို့နေသည်။

သက်လွှာရဲ့ မသိစိတ်ထဲ၌ သိမ်မွေ့ထည်အပေါ်တွင် အနည်းငယ်စိုးရိမ်သည့်စိတ်က ခိုအောင်းလျက်ရှိနေသည်။ ဒါကို ကာဃကံရှင်က ကိုယ်တိုင်မသိသေး။

" ငါ့ကြောင့်များဖြစ်သွားတာလား။ မနေ့က စီးကရက်မီးစလောင်သွားတဲ့ ဒဏ်ရာကြောင့်များလား။ အနာရှိန်ကြောင့် ဖျားသွားတာများလား .. "

တံခါးချပ်ရဲ့ ရှေ့တည့်တည့်၌ ရပ်နေရင်း သက်လွှာ ခပ်တိုးတိုးလေး ရေရွတ်နေမိသည်။ စိတ်ထဲမှာ တစ်ဖက်အခန်းထဲသို့ ကူးသွားချင်နေမိ၏။ ဒါပေမဲ့လည်း သူ့ရဲ့မာန်မာနက သိမ်မွေ့ထည်ရဲ့အခန်းထဲကို ကူးသွားဖို့အတွက် ခွင့်မပြုသေး။

အချိန်အတော်ကြာသည်အထိ တံခါးရှေ့မှာ ရပ်နေပြီးမှ စာကြည့်စားပွဲမှာ သွားထိုင်ပြန်လေသည်။ ပြီးတော့ ဟိုစာအုပ်လှန် ဒီစာအုပ်လှန်ဖြင့် အချိန်ဖြုန်းနေ၏။ သို့သော်လည်း သိမ်မွေ့ထည် ဘယ်လို အခြေအနေရှိတယ်ဆိုတာကို သိချင်နေတဲ့စိတ်က ထိန်းချုပ်၍မရနိုင်အောင် ပိုမိုလွန်ကဲလို့လာသည်။ နောက်ဆုံးမှာတော့ တံခါးနားသို့ ရောက်ရှိသွားခဲ့သည်။ တံခါးကို ခေါက်ဖို့ဟန်ပြင်ပြီးခါမှ တဖန် တုံ့ဆိုင်းနေမိပြန်သည်။

အတော်လေးကြာမှသာ တံခါးကို သူ ၃ ချက်တိတိ ခေါက်လိုက်၏။ သို့သော်လည်း အခန်းတစ်ဖက်မှ တုံ့ပြန်သည့်အသံ တစ်သံလေးတောင်မှ ထွက်ပေါ်မလာခဲ့ပါ။

" အိပ်ပျော်နေလို့လား။ ဒါမှ မဟုတ် .. တော်တော်ကြီးကို နေမကောင်းဖြစ်နေလို့များလား "

အမှန်အတိုင်းပြောရပါလျှင် သူထိုညက ဒေါ်သိမ်မွေ့ထည်အပေါ်၌ စိုးရိမ်စိတ်လေး စတင်ဖြစ်ပေါ်ခဲ့မိပါသည်။ ထို့ကြောင့် တံခါးလက်ကိုင်လေးကို အသာလှည့်ဖွင့်လိုက်တော့ တံခါးက ဟစိလေးဖြစ်သွား၏။ ထိုညက သူသိခွင့်ရခဲ့သည်မှာ 'သူ့ဘက်ကသာ တံခါးကိုအမြဲတမ်း lock ချထားခဲ့ပါသော်လည်း ဒေါ်သိမ်မွေ့ထည် ဘက်ကနေတော့ ဘယ်တော့မှ အခန်းတံခါး lock မချထားခဲ့ပါလား´ဆိုတာကိုပင်။

ဟစိလေးဖြစ်နေတဲ့ တံခါးဝလေးကနေပြီး အခန်းထဲကို သက်လွှာ ခေါင်းလေးထိုးသွင်း၍ ပြူတစ်ပြူတစ်ဖြင့် လှမ်းချောင်းကြည့်နေမိ၏။ အခန်းက သူ့နေနေသည့် စာဖတ်ခန်းထက် ပိုကျယ်ပြီး မို၍ ခမ်းနားထည်ဝါလွန်းနေသည်။ အဖြူရောင်တို့ဖြင့် ဖွေးဖွေးလွင်နေသည့် ထိုအခန်းကျယ်ကြီးအား သက်လွှာ မျက်စိတစ်ဆုံး ငေးကြည့်လိုက်တော့မှ ခုတင်တစ်လုံးကို မြင်တွေ့ခဲ့ရလေသည်။ ဒေါ်သိမ်မွေ့ထည် ထိုခုတင်ပေါ်မှာ အိပ်များပျော်နေသလားဆိုတာကို သိချင်နေတာမို့ အခန်းထဲသို့ ခြေကိုဖော့နင်း၍ တိုးတိုးလေး ဝင်လာခဲ့မိသည်။ အခန်းက အတော်ကြီးကျယ်တာကြောင့် တံခါးဝကနေ ခုတင်နားသို့ရောက်တဲ့အထိ သူတော်တော်လေး လျှောက်လှမ်းခဲ့ရသည်။ အနားရောက်မှသာ တိကျရှင်းလင်းတဲ့ မြင်ကွင်းတစ်ခုကို သက်လွှာ မြင်တွေ့ခွင့်ရခဲ့လေသည်။ လှပလွန်းသည့် အဖြူရောင်ပိုးသားမွေ့ယာပေါ်၌ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ဒေါ်သိမ်မွေ့ထည်။ နီညိုရောင် ဂါဝတ်ရှည်ကို ဝတ်ဆင်ထားပြီး အပေါ်မှ Cardigan အဖြူရောင်လေးကို ထပ်ထားသည့် သူမဟာ လှလှပပလေးပင် အိပ်မောကျလျက်ရှိ၏။
သူမရဲ့မျက်နှာသည် ခါတိုင်းကဲ့သို့မဟုတ်။ အတော်လေးကို ဖြူဖျော့လို့နေပါသည်။ အမြဲလိုလို နီထွေထွေဖြစ်နေသည့် နှုတ်ခမ်းဖျားတွေက ယနေ့ညမှာတော့ သိသိသာသာကို ဖြူခြောက်နေ၏။ ဒါ့အပြင် ခြေဖဝါးတွေကလည်း အသားရောင်ပင် သိပ်မရှိသလိုမျိုး ခပ်ပြာပြာဖြင့် ဖွေးဆုတ်ဆုတ်ဖြစ်နေသည်။

သူမကို သက်လွှာ ရပ်ကြည့်နေသည့် အချိန်တိုအတွင်းမှာပဲ သူမရဲ့မျက်ခုံးနှစ်ဖက်က အပေါ်သို့ တွန့်ကွေးတက်သွားပြီး နှုတ်ခမ်းဖျားမှလည်း ညည်းသံသဲ့သဲ့လေးတွေ ပေါ်ထွက်လို့နေပါသည်။ အနားကို အနီးကပ်ပြီး သေချာကြည့်မိတော့မှ သူမရဲ့နဖူးစပ်နှင့် လည်တိုင်တို့၌ ဆို့တက်နေတဲ့ ချွေးစလေးတွေကို မြင်တွေ့လိုက်ရ၏။ ဒါ့အပြင် ဘေးကိုပက်လက်အနေအထားဖြင့်ချထားတဲ့ ညာဘက်လက်ဖဝါးကိုလည်း သက်လွှာ ထင်းလင်းမြင်သာစွာ မြင်တွေ့လိုက်ရသည်။

ဖြူဖွေးနုနေနေသည့် သူမ၏ လက်ဖဝါးအလယ်တည့်တည့်၌ အနီရောင် အရည်ကြည်ဖုကြီးက အကျည်းတန်စွာ တည်ရှိလို့နေပါသည်။ မနေ့ညက စီးကရက်မီးစထိမိလို့ ရရှိခဲ့သည့် အပူလောင်ဒဏ်ရာကနေပြီး  အရည်ကြည်ဖုအကြီးကြီး ဖြစ်သွားခဲ့တယ်ဆိုတာကို သက်လွှာ နားလည်သဘောပေါက်လိုက်၏။

'ရှင်တကယ့်ကို အရူးပဲ ဒေါ်သိမ်မွေ့ထည်´

စိတ်ထဲမှ စကားတစ်ခွန်းရေရွတ်ရင်း သက်လွှာခေါင်းကို ခါယမ်းနေမိသည်။ အရည်ကြည်ဖုကိုမြင်မိတော့ အပူလောင်ခဲ့သည့်အချိန်မှာ သူမဘယ်လောက်အထိ ပူလောင်ပြီး နာကျင်ခဲ့လိမ့်မလဲဆိုတာကို သက်လွှာ ခန့်မှန်းကြည့်လို့ရသည်။

ထို့ကြောင့် သူ့အခန်းထဲသို့ ပြန်သွား၍ ဒေါ်သိမ်မွေ့ထည်ကိုယ်တိုင် တစ်ချိန်ကသူ့ကို လိမ်းပေးခဲ့သော လိမ်းဆေးတောင့်လေးကို ယူ၍ ပြန်လာခဲ့လိုက်သည်။ ပြီးတော့ သူကိုယ်တိုင်ပင် ဒေါ်သိမ်မွေ့ထည်၏လက်မှ ဒဏ်ရာကို ဖြည်းညှင်းညင်သာစွာဖြင့် ဆေးထည့်ပေးခဲ့၏။

" ဟင်း ... "

" ဘာလို့လဲ .. ဘာလို့ အဲ့လောက်မုန်းနေရတာလဲ ... "

" ငါမကောင်းတာ .. ငါ့ကြောင့်ဖြစ်ခဲ့ရတာ .. "

တုန်ယင်နေတဲ့ သူမရဲ့ နှုတ်ခမ်းဖျားလေးမှ ထွက်ပေါ်လာတဲ့ ညည်းညူသံနှင့်အတူ ယောင်ယမ်းရေရွတ်နေသော စကားလုံးတချို့ပါ ထွက်ကျလို့လာသည်။ ရုတ်တရက် သူမရဲ့ မျက်ခွံလေးက ပွင့်တယ်ဆိုရုံမျှလေး ပွင့်ဟလာ၏။ သူမရဲ့ မျက်နှာကို သက်လွှာ ဝိုင်းစက်နေတဲ့ မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေမိသည့် အချိန်မှာပဲ .. ။

" တောင်းပန်ပါတယ် ... သက်လွှာ ... တီလေးအပြစ်တွေပါ "

တိုးဖွဖွလေးယောင်ယမ်းရေရွတ်ပြီးသည်နှင့် ခပ်မှေးမှေးလေး ပွင့်ဟနေတဲ့ သူမရဲ့ မျက်ခွံတစ်စုံက ပြန်လည်ပိတ်သွားခဲ့သည်။ ဒေါ်သိမ်မွေ့ထည်ဆီမှ ဤစကားလုံးတွေကို ကြားမိပြီးသည့်နောက်မှာတော့ ... ။

'သူလည်း သူ့ကိုယ်သူ အပြစ်တင်နေမိတဲ့စိတ်တွေနဲ့ ဆက်ပြီးရှင်သန်နေရတာပါလား´

သူမအပေါ် ရန်လိုစွာဖြင့် ပြုမှုမိခဲ့တဲ့ မိမိရဲ့အပြုအမူတွေအားလုံးအတွက် အနည်းငယ်မျှတော့ အားတုံ့အားနာဖြစ်သွားမိ၏။ အခန်းထဲမှ ပြန်မထွက်ခင် အချိန်လေးမှာ အေးဆက်ဖြူဖျော့နေသည့် သူမရဲ့ ခြေဖဝါးလေးပေါ်သို့ စောင်လေးခြုံပေးခဲ့မိသေးသည်။

ထို့နောက် လေးပင်သည့်ခြေလှမ်းတို့ဖြင့် သိမ်မွေ့ထည်ရဲ့ အခန်းထဲမှ သက်လွှာ ပြန်လည်ထွက်ခွာလာခဲ့လေသည်။

X     X     X     X    X

မသဲကွဲသည့် အိမ်မက်ရှည်တစ်ခုကို သိမ်မွေ့ထည် မြင်မက်နေခဲ့သည်။ အိမ်မက်ထဲမှာ သက်လွှာက သူ့နံဘေးကို ရောက်ရှိနေသည်။ သူ့ကို စူးရှရှမျက်ဝန်းတွေနဲ့ စိုက်ကြည့်လို့နေ၏။

'မဖြစ်နိုင်တာ။ သက်လွှာက ငါ့အခန်းထဲကို ဘာလို့လာမှာတဲ့လဲ။ ဒါဟာ အိမ်မက်တစ်ခုပဲ´

လေးလံလွန်းလှတဲ့ မျက်ခွံကို အတင်းကြိုးစားတွန်းကန်ပြီးဖွင့်လိုက်တော့ အောင်မြင်မှုရရှိသွား၏။ သူနိုးလာတဲ့အချိန်မှာတော့ သူ့နံဘေးမှာ မည်သူမှ ရှိမနေခဲ့ပါ။ အထီးကျန်ဆန်မှုကသာ ဖုံးအုပ်လို့နေသည်။

အာခေါင်တွေတအားခြောက်သွေ့နေတာကြောင့် ရေသောက်ဖို့အတွက် သူလက်ထောက်ထဖို့ ဟန်ပြင်လိုက်မိသည်။ ဤတွင် အနည်းငယ်စိုစိစိဖြစ်နေတဲ့ ခံစားချက်ဖြစ်ပေါ်နေတာမို့ သိမ်မွေ့ထည် သူ့ရဲ့ ညာဘက်လက်ဖဝါးကို ငုံ့ကြည့်လိုက်မိသည်။

" ဟင် "

လက်က အရည်ကြည်ဖုလေးပေါ်မှာ ရှိနေတဲ့ jelly cream လိုမျိုး ပျစ်ချွဲချွဲဆေးများ။ သိမ်မွေ့ထည် ခွဲခြားနိုင်ခဲ့လေပြီ။ သူအိမ်မက်မက်ခဲ့တာ မဟုတ်ဘူး ဆိုတာကိုပေါ့။ သူ့အခန်းထဲကို သက်လွှာ အမှန်တကယ်ရောက်ရှိလာခဲ့တယ်တဲ့လေ။

အဖျားရှိန်ကြောင့် နွမ်းလျနေတဲ့ သူ့ရဲ့မျက်နှာလေးက ချက်ချင်းပင် လန်းဆန်းကြည်လင်သွားသည်။ အလှပဆုံး အပြုံးရိပ်လေးတစ်ခုက သူ့မျက်နှာပေါ်မှာ ရှပ်ပြေးသွား၏။ ချက်ချင်းပဲ ခြေထောက်ကို ခုတင်ဘေးသို့ ဆွဲချဖို့ လက်ဟန်ပြင်လိုက်မိသည်။ ဤတွင် ခြေဖျားပေါ်၌ ဖုံးအုပ်နေတဲ့ ဂွမ်းစောင်အပါးလေးကို မြင်တွေ့လိုက်ရတော့ ပို၍ဝမ်းသာသွားရသည်။ ဒါလည်း သက်လွှာ လုပ်ပေးခဲ့တယ်ဆိုတာကို သူသိနေသည်။

" သက်လွှာရယ် ... "

နှုတ်ခမ်းထောင့်လေးက အပေါ်သို့ ကော့ညွှတ်ကွေးတက်သွား၏။ ရင်ထဲ နွေးခနဲဖြစ်သွားသည့် ခံစားချက်နှင့်အတူ ၀မ်းသာခြင်း၊ ကြည်နူးခြင်းနှင့် ပီတိဖြာခြင်းဆိုတဲ့ ခံစားချက်တို့က သူ့ရင်မှာ စုပြုံနေခဲ့သည်။ သူအစကတည်းကသိပါသည်။ ချစ်သက်လွှာ ဆိုတဲ့ကလေးလေးမှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်ဆိုတာကို သိမ်မွေ့ထည် သိနေသည်လေ .. ။

X    X     X     X    X

" ဒေါက် ... ဒေါက် "

ကျောင်းစာအုပ်ကို ကြည့်နေပါသော်လည်း စိတ်ကတော့ အတွေးပေါင်းမြောက်များစွာဖြင့် ချာချာလည်နေသည့် သက်လွှာသည် တံခါးခေါက်သံကြောင့် နောက်သို့လှည့်ကြည့်လိုက်မိသည်။

" သက်လွှာ .. "

လေသံတိုးဖျော့ဖျော့လေးတစ်ချက်ကို ကြားလိုက်ရတော့ သက်လွှာရဲ့ မျက်ဝန်းလေးတွေက ကြည်တောက်သွားခဲ့သည်။ ချက်ချင်းအလျင်အမြန်ထပြီး တံခါးကိုဖွင့်ဖို့ ဟန်ပြင်ပြီးခါမှ အရှိန်ကိုသတ်လိုက်လေသည်။

" အဟမ်း .. တံခါးက lock မချထားဘူး "

တံခါးနားကနေ ခြေတစ်လှမ်းပြန်ဆုတ်လိုက်ပြီး သက်လွှာ ပြောလိုက်လေသည်။ တကယ်တော့ သူ့ဘက်ကနေ lock မချထားဘူးဆိုတာကို သိမ်မွေ့ထည်အား သိစေချင်တာကြောင့်ဖြစ်၏။

တံခါးဟာ သက်လွှာရဲ့ဘက်သို့ ဖြည်းဖြည်းလေးပဲ ရွေ့လျားလို့လာသည်။ ဝှီးချဲပေါ်မှာရှိနေတဲ့ သိမ်မွေ့ထည်ရဲ့မျက်နှာဟာ ဖျားနေသည့်အရှိန်ကြောင့် ဖြူဖျော့နေတယ်ဆိုပေမဲ့လို့ အပြုံးရိပ်လေးကတော့ ပေါ်လွင်လွန်းနေသည်လေ။ ဖြူဖြူဖျော့ဖျော့လေးဖြင့်ပင် နူးညံ့စွာလှပနေတဲ့ သိမ်မွေ့ထည်ရဲ့အပြုံးမျက်နှာကို သက်လွှာ တစ်ချက်လေး ငေးကြည့်မိခဲ့သည်။ သို့ပေမဲ့ ချက်ချင်းပင် အကြည့်ကိုလွှဲချလိုက်၏။

" စာလုပ်နေတာလား သက်လွှာ "

" ဟုတ် "

ခါတိုင်းလို 'အင်း´ဟုမပြောမိပဲ 'ဟုတ်´ဆိုပြီး ပြောထွက်သွားသည့် သက်လွှာကို သိမ်မွေ့ထည်လည်း ကြည်လင်နေတဲ့ မျက်ဝန်းလေးတွေနဲ့ တအံ့တသြ စိုက်ကြည့်နေလေသည်။

" Sorry နော်။ သက်လွှာစာကြည့်နေတာကို တီလေး နှောက်ယှက်သလိုဖြစ်သွားပြီ "

" ရပါတယ်။ ဒါနဲ့ .. "

" အင်း .. ပြောလေ သက်လွှာ "

စကားကို ဆက်မပြောသေးပဲ သူ့မျက်နှာကို မျက်ဝန်းဝိုင်းစက်စက်ဖြင့် လှမ်းကြည့်နေတဲ့ သက်လွှာကို သိမ်မွေ့ထည် ပြောလိုက်တော့

" ဟို .. ဘယ်လိုနေသေးလဲလို့။ ကြီးကြီးမြကပြောတယ် .. ရှင် နေမကောင်းဘူးဆိုလို့လေ "

အကြည့်လွှဲပြီး သူ့ကိုလှမ်းမေးတဲ့ သက်လွှာရဲ့မျက်နှာကို သိမ်မွေ့ထည် တွေတွေလေးငေးကြည့်ရင်း မျက်ရည်ကြည်များ ဝေ့တက်လို့လာသည်။ ဒီတစ်ခေါက် ဝေ့တက်လာသည့် မျက်ရည်ကြည်များဟာ ဝမ်းသာကြည်နူးရလွန်းလို့ ဖြစ်တည်လာကြသည့် မျက်ရည်စများပင်။

" ကျေးဇူးတင်ပါတယ် သက်လွှာ "

သက်လွှာမေးတာကို သိမ်မွေ့ထည်အရင်မဖြေသေးပဲ စိုအိရွှန်းလဲ့နေသည့် မျက်ဝန်းတို့ဖြင့် လှလှပပလေးပြုံးထားရင်း ကျေးဇူးတင်စကားကို အရင်ဆိုလိုက်သည်။

" တီလေး အခုတော်တော်လေးသက်သာနေပါပြီ။ နေ့လည်က ဆေးရုံမှာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခဲ့မိလို့ တစ်ကိုယ်လုံးကိုက်ခဲပြီး ဖျားသွားတာ။ အခုတော့ ကိုယ်အပူရှိန်ကျသွားပါပြီ "

သေချာလေးပြန်ရှင်းပြနေတဲ့ သိမ်မွေ့ထည်ရဲ့မျက်နှာကို သက်လွှာ ပြန်ကြည့်လိုက်မိသည်။ သိမ်မွေ့ထည်ရဲ့အပြုံးရိပ်ချိုချိုလေးက သက်လွှာကို ကြာကြာအကြည့်မလွှဲနိုင်အောင်လို့ ပြုစားနေသလိုပင်။ ငေးသာကြည့်နေသော်လည်း သက်လွှာ ဘာစကားမျှ ပြန်မပြော။

" သက်လွှာစာလုပ်နေတယ်ဆိုတော့ တီလေးမနှောက်ယှက်တော့ဘူးနော်။ ညကျရင် နွေးနွေးထွေးထွေးအိပ်ဦးနော်။ Good night "

သိမ်မွေ့ထည်ရဲ့စကားကို နားထောင်ပြီးနောက် သက်လွှာ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။ ဝှီးချဲဘီးကို အနောက်သို့ ဆုတ်၍ လှည့်ဖို့ဟန်ပြင်ပြီးခါမှ သိမ်မွေ့ထည် ခါးလေးကို စောင်းငဲ့လိုက်ပြီး

" သက်လွှာ "

သူ့ကိုစိုက်ကြည့်နေသေးသည့် သက်လွှာဟာ မျက်ခုံးလေးကို အနည်းငယ်ပင့်ပြသည်။

" ကျေးဇူးတင်ပါတယ်ကွယ် "

ထိုညရဲ့ နူးညံ့ညင်သာတဲ့အပြုံးရိပ်လေးနှင့်အတူ မျက်ရည်တွေတွဲလွဲခိုနေသည့် သိမ်မွေ့ထည်၏ မျက်ဝန်းညိုတစ်စုံကို သက်လွှာ ဘယ်တော့မှ မေ့ဖျောက်နိုင်မည်မဟုတ်ချေ။

X    X    X    X    X

" မမလေး အတွက် နွားနို့ပူပူလေး "

ချိုမာက နွားနို့ခွက်လေးကို သူ့ရှေ့က စားပွဲပေါ်မှာတင်ပေးပြီးသည့်နောက်တွင်

" မမလေး ... "

" ပြောလေ ချိုမာ။ တစ်ခုခုပြောစရာ ရှိနေတယ် မဟုတ်လား "

တပ်ထားတဲ့ စာကြည့်မျက်မှန်လေးကို ချွတ်လိုက်ပြီး စားပွဲပေါ်သို့ လှမ်းတင်လိုက်သလို၊ လက်တစ်ဖက်မှာကိုင်ထားသည့် စာအုပ်ကိုလည်း လက်ညှိုးလေးခံထား၍ အဖုံးပိတ်လိုက်၏။

" ဟို .. လွန်ခဲ့တဲ့ ၃ ရက်က မေမေ ခြံထဲမှာရေထွက်ချိုးရင်းနဲ့ ချော်လဲလို့ ပေါင်ဆစ်ရိုးကျိုးသွားတယ်မမလေး "

" ဟယ် .. ဖြစ်မှဖြစ်ရလေ "

စိတ်မကောင်းဖြစ်သွားသည့်လေသံဖြင့် သိမ်မွေ့ထည် နှုတ်မှရေရွတ်လိုက်မိသည်။

" အခုကော .. ဘယ်မှာလဲ။ အမေက ဆေးရုံမှာလား အိမ်မှာလား ချိုမာ "

" အခုက ပုသိမ်ဆေးရုံပေါ်မှာပါမမလေး။ သန်ဘက်ခါကျမှ ခွဲစိတ်ခန်းဝင်ရမှာ။ အဲ့ရက်တွေက မမလေးလည်း တော်တော်လေးနေမကောင်းဖြစ်နေတာမို့ ချိုမာလည်း ပြောမထွက်ခဲ့တာပါ "

မျက်နှာမကောင်းစွာဖြင့် ပြောနေသည့် ချိုမာကို သိမ်မွေ့ထည် စိတ်မကောင်းစွာဖြင့် ကြည့်နေမိသည်။

" မမ အားနာလိုက်တာ ချိုမာရယ်။ မိခင်ထက်အရေးကြီးတဲ့အရာက ဒီလောကမှာ ဘာမှမရှိဘူး ချိုမာရဲ့။ မနက်ဖြန်မနက်ကျရင် ပုသိမ်ဆေးရုံကို လိုက်သွားလိုက်နော်။ ဦးလေးသောင်းကို မမလိုက်ပို့ပေးခိုင်းမယ် .. နောက်ပြီးတော့ .. "

သူစကားကို ရပ်တံ့လိုက်ရင်း အလုပ်စားပွဲနားက မီးခံသေတ္တာထားသည့်နေရာနားသို့ ဝှီးချဲဘီးကို ခပ်သွက်သွက်လေးတွန်းလိုက်သည်။ ထို့နောက် မီးခံသေတ္တာထဲမှ ငွေ ၁၀ သိန်းပါသည့် ပိုက်ဆံအုပ် တစ်အုပ်ကိုယူ၍ ချိုမာ ရပ်နေတဲ့နေရာနားသို့ ဝှီးချဲကို ပြန်တွန်းလာလေသည်။

" ရော့ ချိုမာ။ ခွဲစိတ်တာဆိုတော့ ငွေကလိုမှာသေချာတယ်။ ကြည့်ရတာ စတီးလ်ရိုးထည့်ရမယ်ထင်ပါရဲ့။ အဲ့ဒါကြောင့် လိုလိုမယ်မယ်ယူသွားနော်။ ဒါ ချိုမာ့ရဲ့ လစာနဲ့မသက်ဆိုင်သလို၊ မမကို ပြန်ပေးဖို့လည်း မလိုဘူး။ အန်တီ့ရဲ့ ဆေးကုသစရိတ်အတွက် မမသီးသန့်ပေးတာပါ။ တကယ်လို့များ ထပ်ပြီးလိုအပ်သေးတယ်ဆိုရင် မမဆီဖုန်းဆက်လိုက်။ ဦးလေးသောင်းကိုလွှတ်ပြီး ထပ်ပို့ခိုင်းလိုက်မယ် "

" မမရယ် ကျေးဇူးတင်လွန်းလို့ ချိုမာ ဘာပြောရမှန်းကို မသိတော့ပါဘူး "

သူကမ်းပေးနေတဲ့ ငွေထုပ်ကိုမယူသေးပဲ ချိုမာက သူ့ကိုလက်အုပ်လေးချီ၍ မျက်ရည်များဖြင့် ထိုင်ရှိခိုးလေသည်။

" တကယ်တော့ ချိုမာလည်း မတတ်သာလို့သာသွားရမှာ။ မမလေးကိုလည်း စိတ်မချဘူး။ ဒီရက်ပိုင်းမှာ မမလေးလည်း သေချာနေကောင်းသေးတာ မဟုတ်ဘူးလေ .. "

မျက်ရည်ကြည်တွေ ဝေ့စွာဖြင့် ချိုမာကပြောတော့ သူပြုံးလိုက်သည်။

" မမအတွက် မစိုးရိမ်ပါနဲ့ ချိုမာရယ်။ ဒေါ်ဒေါ်မြလည်း ရှိနေတာပဲကွယ်။ ပြီးတော့ တကယ်တမ်း ကျေးဇူးတင်ရမဲ့လူက မမပါကွယ်။ မမအပေါ်မှာ ချိုမာ့ရဲ့ ကျေးဇူးတွေလည်း အများကြီးရှိခဲ့တာပဲလေ။ အပြန်အလှန်ကူညီဖေးမကြတာပေါ့ ဟုတ်ပလား။ ကဲ ရော .. "

သူ့ရှေ့မှာကျုံ့ကျုံ့လေးထိုင်နေတဲ့ ချိုမာ့ရဲ့လက်ထဲကို အတင်းထည့်ပေးမှ ငွေထုပ်ကို ချိုမာက လက်ခံခဲ့သည်။

" မနက်ဖြန် စောစောသွားနော်။ အန်တီခွဲစိတ်ပြီး အတော်သက်သာလာပြီဆိုမှသာ ပြန်လာခဲ့နော် "

" ဟုတ်ကဲ့ပါ မမလေး။ အစ်ကိုနဲ့ ယောင်းမလည်းရှိနေတာမို့ ချိုမာ ရက်ကြာကြာတော့ မနေပါဘူးမမလေး။ မေမေဆေးရုံက ဆင်းရပြီဆိုတာနဲ့ ချိုမာ ပြန်လာခဲ့ပါ့မယ် "

" အေးပါကွယ်။ မမအတွက် နောက်စံတင်းမနေနဲ့။ စိတ်ဖြောင့်ဖြောင့်နဲ့သာ သွားချေ "

" ကျေးဇူးအများကြီးတင်ပါတယ် မမလေးရယ် .. ချိုမာတော့လေ မမလေးလို အလုပ်ရှင်မျိုးနဲ့ ကြုံဆုံခွင့်ရခဲ့တာက ဘဝမှာ ကံအကောင်းဆုံးပါပဲ "

ချိုမာပြောတာလည်း မှန်ပေသည်။ ယခုလိုခေတ်အချိန်အခါမှာ သိမ်မွေ့ထည်လိုမျိုး ကိုယ်ချင်းစာနာစိတ်အပြည့်ရှိပြီး၊ နှလုံးရည်ပြည့်ဝလွန်းသည့် အလုပ်ရှင်မျိုးက အင်မတန်မှကို ရှားပါလှပေမည်။

X    X    X    X    X

တနင်္ဂနွေနေ့ဖြစ်တာကြောင့် သက်လွှာ ကျောင်းပိတ်သည်လေ။ သို့သော်လည်း သက်လွှာ နေမြင့်တဲ့အထိ မအိပ်ဖြစ်။ တန်းဆွမ်းလောင်းဖို့အတွက် ချက်ပြုတ်ပြင်ဆင်နေတဲ့ ဒေါ်ဒေါ်မြကို ကူညီပေးချင်တာကြောင့် သက်လွှာ အစောကြီးထဖြစ်ခဲ့သည်။ အစ်မချိုမာ ပြန်သွားခဲ့သည်မှာ ၄ ရက်မြောက်ရှိပြီဖြစ်၏။

" သမီးလည်း ကူသယ်ပေးမယ်လေ ကြီးကြီး "

" ရတယ် သမီးလေး။ ကြီးကြီး တစ်ယောက်တည်းနိုင်ပါတယ်။ အိမ်ရှေ့မှာ ကိုအေးရွှေလည်းရှိတယ်။ သူဝိုင်းကူသယ်ပေးလိမ့်မယ်။ သမီးလေးက ဒီမှာပဲနေခဲ့ပေးနော်။ တော်တော်ကြာ မမလေး အစောကြီးနိုးလာပြီး ဘဲလ်တီးခေါ်တဲ့အခါကျ ဘယ်သူမှ ရှိမနေမှာစိုးလို့။ သမီးရဲ့တီလေးက သမီးသိတဲ့အတိုင်းပဲ အခုထိ ကျန်းမာရေး သိပ်ကောင်းသေးတာမဟုတ်တော့လေ ... အိမ်ထဲမှာ တစ်ယောက်ကျန်ခဲ့မှကို ဖြစ်မှာ "

" ဟုတ်ကဲ့ပါ ကြီးကြီး "

ခြံဂိတ်ဝက အဆောက်အအုံငယ်လေးမှာနေသည့် အဘဦးအေးရွှေက ဆွမ်းလောင်းမည့် ထမင်းအုပ်နှင့် ဆွမ်းဟင်းချိုင့်ကို လာကူသယ်ပေးသောကြောင့်သာ ဒေါ်ဒေါ်မြ သက်သာရာ ရသွားခဲ့ခြင်းဖြစ်ပေသည်။ နို့မို့ဆိုလျှင် ဟိုးခြံပေါက်ဝအထိ တစ်ယောက်တည်းသွားဖို့က လွယ်ကူမည် မဟုတ်ချေ။

X    X    X    X    X

မနက် ၆ နာရီသာရှိသေးသော်လည်း အပေါ့သွားချင်လာသဖြင့် သိမ်မွေ့ထည် အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ ခုတင်ဘေးမှာရှိနေသည့် လူခေါ်ဘဲလ်ခလုပ်ကို နှိပ်ဖို့လုပ်ပြီးခါမှ ချိုမာမရှိတာကို သတိရသွားသည်။ ချိုမာ ပြန်သွားတာ ယနေ့နဲ့ဆိုမှ ၄ ရက်မြောက်ပဲရှိသေးသည်။ ခါတိုင်းဆိုလျှင် ဆီးဝမ်းသွားချင်လာသည့် မနက်ခင်းအစောပိုင်းမျိုး၌ သူချိုမာ့ကိုပဲ အားကိုးရသည်။ ယခုတော့ ကိုယ့်အားပဲ ကိုယ်ကိုးရတော့မည်။ ဒေါ်ဒေါ်မြကို ဘဲလ်တီးလ်ပြီး ခေါ်လို့ရတယ်ဆိုပေမဲ့လို့ ခေါ်ရမှာကို သူအားနာနေမိသည်။ ကိုယ့်ထက် အသက်ကြီးသည့်သူမို့ ဆီးဝမ်းကိစ္စတွေကို မလုပ်ခိုင်းချင်။ ဒါ့ကြောင့် ညရေးညတာအတွက် ထားထားတဲ့ ခုတင်ခြေရင်းနားမှာပဲရှိနေသည့်  ဆီးဝမ်းအလွယ်တကူသွားလို့ရသော ထိုင်ခုံပေါ်သို့ သူ့အားသူကိုးပြီး ရောက်အောင် ကူးတက်ရတော့မည်။ ထိုင်ခုံက လက်တစ်ကမ်းအကွာတွင်သာ ရှိသည်။ ကြည့်လိုက်ရင်တော့ အနီးသားမို့ လွယ်ကူသည်ဟု ထင်ရသည်။ တကယ်တမ်းကျ ဘေးမှ ကူညီမဲ့သူတစ်ယောက် မရှိပဲ ထိုခုံပေါ်သို့ ပြောင်းရွှေ့နိုင်ဖို့က မလွယ်ကူလှပေ။

သိမ်မွေ့ထည် လက်နှစ်ဖက်ကို အားပြု၍ ခြေနှစ်ချောင်းကို ခုတင်အောက်သို့ မ၍ချလိုက်သည်။ ထို့နောက် လက်ဖြင့်ထောက်ထားပြီး တစ်ဖက်ခုံပေါ်သို့ ရွှေ့ပြောင်းနိုင်ဖို့အတွက် အမျိုးမျိုးကြိုးစားနေရှာသည်။ သို့သော်လည်း မအောင်မြင်ခဲ့ချေ။

" ဝုန်း ... "
" အ .. "
" ကျွတ်ကျွတ် .. "

ခုတင်အောက်သို့ တစ်ကိုယ်လုံးပစ်လဲကျသွားခဲ့သည်။ ကျသည့်အရှိန်ကြောင့် ဘယ်ဘက်လက်ပြင်တစ်ခုလုံး နာကျင်သွားရသလို ကျောပြင်တစ်လျှောက်လုံးလည်း အောင့်သွားခဲ့သည်။ တစ်ချက်လေးညည်းညူမိရင်း သူခုံပေါ်ကို ပြန်တက်နိုင်ဖို့အတွက် ကြိုးစားနေမိပြန်သည်။ သို့သော်လည်း ခုံပေါ်သို့မတက်နိုင်သေးသည့် အချိန်စပ်ကြားလေး၌ .. ။

" ဟာ .. "

ဖြစ်ပျက်သွားတဲ့ အခြေအနေတစ်ရပ်ကြောင့် သိမ်မွေ့ထည် အတော်လေးကို တုန်လှုပ်သွားခဲ့သည်။ သူ့ဘဝမှာ တစ်သက်နဲ့တစ်ကိုယ် ဆီးမနိုင်လို့ ထွက်ကျခဲ့တယ်ဆိုတာက ဘယ်သောအခါမှ မဖြစ်ပွားခဲ့ဖူးသည့် ဖြစ်ရပ်တစ်ခုပင်။ စက္ကန့်ပိုင်းလေးမှာတင် ခြေမျက်စိနားအထိ ဖုံးလွှမ်းလျက်ရှိသော ပိုးသားဂါဝန်အဖြူရောင်လေးဟာ အောက်ပိုင်းတစ်ခုလုံး ရွှဲနင့်လို့သွားသည်။ ပါကေးကြမ်းခင်းပေါ်သို့ ထောက်ထားတဲ့ သူ့လက်ဖဝါးနှစ်ဖက်ပင် ပေကျံနေချေပြီ။

သိမ်မွေ့ထည် အတော်လေးကို ခေါင်းနပမ်းကြီးသွားပြီး ရင်တွေတဒိတ်ဒိတ်တုန်လာသည်။ တစ်ကိုယ်လုံးလည်း တုန်ယင်အေးစက်လာ၏။ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းတော့တဲ့ ဒုက္ခိတတစ်ယောက်ရဲ့ ဘဝဟာ ဤမျှလောက်အထိကို စိတ်ပျက်စရာကောင်းတာပါလားဟု သူစိတ်ထဲကနေ အကြိမ်ကြိမ်ရေရွတ်နေမိသည်။ ယခင်က ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး မည်သူ့အကူအညီကိုမျှ မယူဖူးခဲ့သည့် မိမိရဲ့ဘဝက ယခုနောက်ပိုင်း၌ ထသွား၊ ထလာ၊ သွားလာလှုပ်ရှားနိုင်ဖို့အတွက် သူတစ်ပါးရဲ့အကူအညီကို မယူမဖြစ် ယူခဲ့ရသည်။ ဒါတင်မကသေး .. ယခုလိုမျိုး အပေါ့အပါး ထသွားနိုင်ဖို့အတွက်ကိုပင် သူတစ်ပါးရဲ့ အကူအညီကို မဖြစ်မနေကြီး ယူရတော့မယ်တဲ့လား။ သိမ်မွေ့ထည်လို အရှက်တရားသိပ်ကို ကြီးမားလွန်းတဲ့ အမျိုးသမီးတစ်ဦးအတွက်တော့ ယခုဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်က အဆိုးဝါးဆုံးနှင့် အကျည်တန်ဖွယ်ရာ အကောင်းဆုံးအခြေအနေတစ်ရပ် ဖြစ်နေပါတော့သည်။ ဖြစ်နိုင်လျှင် ဒီလောကထဲကနေပြီး ချက်ချင်းပဲ ထွက်ခွာသွားချင်မိတဲ့အထိ စိတ်ဓာတ်များ ယိုင်နဲ့လဲပြိုကျသွားခဲ့ရသည်။

ယခုလိုပုံစံမျိုးကို သူမ, မည်သူ့ကိုမှ မပြလို။ သို့ပေမဲ့လည်း အခြေအနေက ဒေါ်ဒေါ်မြကို အကူအညီမတောင်းလို့ မရတော့သည့် အခြေအနေဖြစ်နေပြီမို့ ခုတင်ခေါင်းရင်းပိုင်းသို့ ဒရွတ်တိုက်ဆွဲသွားပြီး ဘဲလ်ခလုပ်ကို သွားနှိပ်ရတော့သည်။

ဤအခိုက်တံ့၌ သိမ်မွေ့ထည်သည် မိမိကိုယ်ကို ရှက်ရွံ့သိမ်ငယ်နေမိသလို ဒေါသစိတ်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။

X    X    X    X     X

" တီးတောင်လ် .. တီးတောင်လ် "

လူခေါ်ဘဲလ်မြည်သံက  အဆက်မပြတ်ထွက်ပေါ်လို့နေသည်။ အစကတော့ ခြံထဲသို့ဆင်းသွားသည့် ဒေါ်ဒေါ်မြကို သက်လွှာ သွားခေါ်ဦးမလို့ပါပဲ။ ဒါပေမဲ့လည်း ဘဲလ်သံက မရပ်မနားပဲ ဆက်တိုက်ကို ထွက်ပေါ်နေတာကြောင့် သိမ်မွေ့ထည် တစ်ခုခုဖြစ်နေတယ်အထင်ဖြင့် သက်လွှာ အပေါ်ထပ်သို့ အပြေးတက်ခဲ့မိသည်။ အခန်းရှေ့ရောက်တော့ အခန်းတံခါးတောင် မခေါက်မိပဲ တံခါးကို ဝုန်းခနဲ ဆွဲဖွင့်မိလိုက်၏။

" ဟင် "

ခုတင်နားမှာ ပုံ့ပုံ့လေးလဲကျနေတဲ့ သိမ်မွေ့ထည်ကိုမြင်လိုက်ရတော့ သက်လွှာ အနည်းငယ်ထိတ်လန့်သွားသည်။ ထို့အတူပင် .. အခန်းထဲမှာရှိနေတဲ့ သိမ်မွေ့ထည်သည်လည်း အပေါက်ဝမှာရပ်နေသည့် သက်လွှာကိုမြင်ပြီး မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားခဲ့၏။

အခန်းဝမှ လှမ်းမြင်နေရသည်ဆိုပေမဲ့လို့ မြင်ကွင်းက အထင်းသားဖြစ်နေသည်။ သိမ်မွေ့ထည် ဝတ်ဆင်ထားသော အဖြူရောင်ပိုးသားဂါဝန်၏ အောက်ပိုင်းတစ်ခုလုံး ရွှဲနင့်နေပြီး သူမလဲကျနေသည့် ပါကေးကြမ်းခင်းပေါ်၌ ရေကွက်များက အထင်းသား။

အခန်းဟာ အလုံပိတ် air con အခန်းဖြစ်တာကြောင့် တံခါးဆွဲဖွင့်လိုက်သည့်အချိန်မှာ သက်လွှာ၏ နှာသီးဖျားထိပ်သို့ တိုးဝှေ့ဝင်ရောက်လာသည့် အနံ့အသက်တစ်ခု။ ဂါဝန်ဟာ အပေါ်ပိုင်း ကြိုးတစ်ချောင်း လက်ပြတ်လေးဖြစ်တာမို့ ခါတိုင်းလိုမဟုတ်ပဲ နီမြန်းနေသည့် သိမ်မွေ့ထည်၏ လက်မောင်းသားတွေကို လှမ်းမြင်နေရသည်။ တစ်ကိုယ်လုံးကလည်း တဆတ်ဆတ်တုန်ယင်နေပြီး မျက်နှာတစ်ပြင်လုံးက နီဆတ်ဆတ်ဖြစ်နေသည်မို့ အခြေအနေကို သက်လွှာ သဘောပေါက်နားလည်ခဲ့သည်။

သက်လွှာ အထဲသို့ ခပ်မြန်မြန်ဝင်ဖို့ ခြေတစ်လှမ်း စလှမ်းမိလိုက်အချိန်၌ .. ။

" မလာနဲ့ သက်လွှာ .. "

အလန့်တကြားဖြင့် ဟန့်တားလိုက်သည့် သိမ်မွေ့ထည်၏ ကတုန်ကယင်လေသံကြောင့် သက်လွှာ ခြေလှမ်းကို ခေတ္တမျှ ရပ်တံ့လိုက်မိသည်။

" ဒေါ် .. ဒေါ်ဒေါ်မြကိုပဲ .. ခေါ်ပေးပါ "

မျက်စိမျက်နှာပျက်ယွင်းစွာဖြင့် လှမ်းပြောနေသည့် သူမကို သက်လွှာ စူးစိုက်ကြည့်နေမိသည်။ သူမကတော့ သက်လွှာရဲ့မျက်နှာကို တစ်ချက်လေးသာ လှမ်းကြည့်ပြီး ခေါင်းကို အောက်သို့ငုံ့ထား၏။ သူမရဲ့ ဆံနွယ်ရှည်တွေက ခါးစောင်းကိုကျော်၍ ပါကေးကြမ်းပြင်ပေါ်သို့ ပွတ်တိုက်နေချေပြီ။ အခြေအနေ မဟန်မှန်းကို သက်လွှာသိနေပြီမို့ သိမ်မွေ့ထည် တားနေသည့်ကြားမှ ခုတင်နားသို့ ခပ်သုတ်သုတ်လျှောက်သွားမိသည်။

" မလာနဲ့ .. မလာပါနဲ့ သက်လွှာ။ ဒေါ်ဒေါ် .. ဒေါ်ဒေါ်မြကိုပဲ ခေါ်ပေးပါ .. "

အက်ကွဲကွဲလေသံဖြင့် သိမ်မွေ့ထည် ထပ်မံတောင်းဆိုနေပြန်သည်။ လက်ကိုလည်း ကာပြနေပြီး မလာဖို့ အတင်းတားမြစ်နေသော်လည်း သက်လွှာက သူမရဲ့အနားသို့ ရောက်ရှိနေချေပြီ။

" ဒေါ်ဒေါ်မြက ဟိုးခြံအပြင်ဘက်မှာ ဘုန်းကြီးတန်းဆွမ်းထွက်လောင်းနေတယ် "

သိမ်မွေ့ထည်ရဲ့ ရှေ့တည့်တည့်မှာ ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချရင်း ပြောလိုက်သည်။ ဤအချိန်၌ သိမ်မွေ့ထည်သည် မျက်နှာကိုတစ်ဖက်သို့လွှဲထားပါသော်လည်း သူမရဲ့ မျက်ဝန်းအိမ်ထဲမှာ စိုအိအိဖြစ်နေတဲ့ မျက်ရည်စတွေကို သက်လွှာ အတိုင်းသားမြင်တွေ့နေရသည်။ မျက်ခမ်းစပ်တွေက နီရဲနေပြီး မကြာခင်မှာပင် မျက်ရည်များ ပြိုဆင်းကျလာတော့မည့် အရိပ်အယောင်တွေ အထင်းသားပေါ်လွင်လို့နေ၏။

" မလုပ်နဲ့ သက်လွှာ။ မင်း .. မင်းကို ပေကုန်လိမ့်မယ်။ ဒီလိုနိမ့်ကျတဲ့အရာတွေနဲ့ မင်းကို မထိတွေ့စေချင်လို့ပါ သက်လွှာရယ် "

တဆတ်ဆတ်တုန်ယင်နေတဲ့ နှုတ်ခမ်းဖျားကနေ ထွက်ကျလာတဲ့ သူမရဲ့စကားတွေကို သက်လွှာ ဥပေက္ခာပြုလိုက်သည်။ ထို့နောက် အနားတစ်ဝိုက်မှာရှိနေတဲ့ ဝှီးချဲကို အနီးနားသို့ ဆွဲယူလိုက်၏။

" ကျွန်မဆွဲထူပေးရမလား။ ဒါမှမဟုတ် ကျွန်မရဲ့ ပခုံးကိုကိုင်ပြီး အနောက်က ဝှီးချဲပေါ်ကို ကိုယ်တိုင် တက်ချင်လား "

သက်လွှာမေးတော့ သိမ်မွေ့ထည် မျက်ခွံကို ပိတ်ချပြီး ခေါင်းကို ခါယမ်းပြနေသည်။ သူမရဲ့ ပါးပြင်ပေါ်သို့ စီးကျလာပြီဖြစ်တဲ့ မျက်ရည်စက်တွေက ဘေးသို့လွှင့်စင်ကုန်သည်။

" ဒေါ်ဒေါ်မြကိုပဲ ခေါ်ပေးပါ။ please "

ရှိုက်မိလိုက်သော်လည်း ငိုသံမပါအောင် ထိန်းပြီးပြောနေသည့် သိမ်မွေ့ထည်ရဲ့စကားကြောင့် သက်လွှာ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးလိုက်မိလေသည်။

" ဒေါ်သိမ်မွေ့ထည် ဘာ့ကြောင့်ခေါင်းမာနေရတာလဲ။ ဒေါ်ဒေါ်မြက ဟိုးခြံပြင်ရောက်နေပါပြီဆို။ သူ့ကိုစောင့်နေရင် ရှင်အအေးမိပြီး ဒုက္ခရောက်သွားလိမ့်မယ် သိရဲ့လား။ အခုတောင် ရှင့်တစ်ကိုယ်လုံး တုန်ယင်နေပြီလေ "

အော်ပြောနေမိခြင်းမဟုတ်သော်လည်း သက်လွှာရဲ့လေသံမှာ အနည်းငယ် တင်းမာနေသည်။ ဒါပေမဲ့ ဒီတစ်ခေါက်ပြောဆိုလိုက်တဲ့ လေသံမာမာက သိမ်မွေ့ထည်အတွက်ပင်။ နေမကောင်းဖြစ်တာဖြင့် ဘာမှမကြာသေး။ ယခုမှ သက်သာခါစရှိသေးတဲ့ သိမ်မွေ့ထည်ထပ်ပြီးဖျားမှာကို သက်လွှာ အမှန်တကယ်ပင် မလိုလားချေ။ ဒါ့ကြောင့် ကရုဏာဒေါသောဖြင့် ပြောဆိုမိခဲ့ခြင်းဖြစ်၏။

သိမ်မွေ့ထည်လည်း ဒါကိုနားလည်ပေမဲ့လို့ သူ့ဘဝရဲ့အဆိုးဝါးဆုံး၊ အနိမ့်ကျဆုံးနဲ့ အားအင် အချိနဲ့ဆုံး ပုံစံမျိုးကို သက်လွှာအားဆက်ပြီး မမြင်တွေ့စေလို။ သူအင်မတန်မှကို ရှက်ရွံ့သိမ်ငယ်နေမိသည်။ ထို့အပြင် သူ့ရဲ့ အညစ်အကြေးတွေကို သက်လွှာရဲ့ ခန္ဓာ၌ မစွန်းထင်းစေလို။ အမှန်အတိုင်းပြောရလျှင် ချိုမာကလွဲ၍ ဒေါ်ဒေါ်မြလို ပုဂ္ဂိုလ်မျိုးကိုတောင်မှ ဤကဲ့သို့သော ပုံစံမျိုးဖြင့် အကူညီ မတောင်းလို။ ချိုမာ့ရှေ့မှာပင် ယခုလိုပုံစံမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့။ အခုတော့ သူ့ဘဝရဲ့ အခက်ခဲဆုံးနဲ့ အသိမ်ငယ်ရဆုံးပုံစံမျိုးကို ထိုကလေးက မြင်တွေ့သွားခဲ့လေပြီ။ ရှက်သည်။ သိမ်ငယ်စိတ်ဝင်သည်။ ပြီးတော့ မိမိကိုယ်ကိုလည်း ဒေါသဖြစ်နေမိသည်။

" ရတယ် သက်လွှာ။ ကျေးဇူးပြုပြီး ဒေါ်ဒေါ်မြကိုပဲ သွားခေါ်လာခဲ့ပေးပါ "

မျက်ရည်စက်တွေ စီးကျနေရင်း သိမ်မွေ့ထည် ထပ်မံတောင်းဆိုမိပြန်သည်။ သို့သော် သက်လွှာက သိမ်မွေ့ထည်ရဲ့လက်နှစ်ဖက်ကို ကိုင်ဆွဲပြီး သူ့ပခုံးပေါ်သို့ ဖိကိုင်ခိုင်းစေသည်။ ရအောင်ထကြည့်ပါဆိုသည့် အဓိပ္ပာယ်မျိုးဖြင့် သိမ်မွေ့ထည်မျက်နှာကို စူးစိုက်ကြည့်နေ၏။

သိမ်မွေ့ထည်လည်း သူ့အတွက် အင်မတန်မှကို ရှက်စရာကောင်းလွန်းလှတဲ့ ဤအခြေအနေကို အမြန်ကျော်ဖြတ်ချင်လှပြီ။ သူမအနေနဲ့ ဘယ်လောက်ပဲ တောင်းဆိုနေပါစေ သက်လွှာက သူ့အနားကနေပြီး ဘယ်မှ ထွက်သွားမှာ မဟုတ်ဘူးဆိုတာကို သိမ်မွေ့ထည် သိလိုက်၏။ ထို့ကြောင့် သက်လွှာရဲ့ ပခုံးသေးသေးလေးနှစ်ခုကို အားပြုပြီး အနောက်က ဝှီးချဲပေါ်တက်နိုင်ဖို့အတွက် သိမ်မွေ့ထည် ကြိုးစားနေမိသည်။ သို့ပေမဲ့ အောက်ပိုင်းက နည်းနည်းလေးမှကို လှုပ်ရှားလို့ မရခဲ့တာကြောင့် အပေါ်သို့တက်နိုင်ဖို့က အခက်တွေ့နေသည်။ သက်လွှာ ရဲ့ပခုံးကိုလည်း သူအားကုန်မဖိချရက်ပေ။ သူနှင့်အတူ သက်လွှာ လဲပြိုကျသွားမှာကို သိမ်မွေ့ထည် အလွန်အမင်းစိုးရိမ်နေသည်။ အောက်က ပါကေးကြမ်းခင်းပေါ်မှာလည်း အညစ်အကြေးတွေက စိုရွှဲနေဆဲလေ။ ယခုတောင်မှ သက်လွှာရဲ့ ခြေထောက်နဲ့ ဘောင်းဘီကို စွန်းထင်းနေပြီ မဟုတ်ပါလား။ ဒါကိုမြင်ရတော့ သိမ်မွေ့ထည် ပိုပြီးရင်နာ၍ အားတုံ့အားနာဖြစ်မိ၏။ အစိုးရိမ်ဆုံးကတော့ အနံ့အသက်။ မကောင်းတဲ့ အနံ့အသက်တွေ သက်လွှာရဲ့ကိုယ်မှာပါ စွဲထင်ကုန်မှာကို သိမ်မွေ့ထည် သိပ်ကိုကြောက်ရွံ့နေရှာသည်။

" မရဘူးလား ... ခဏလေး "

သွေးကြောမျှင်လေးတွေ ပေါ်နေသည့် သိမ်မွေ့ထည်ရဲ့ ဖြူဆွတ်ဝင်းမွတ်နေသော လက်မောင်းတစ်ဖက်ကို သက်လွှာ ဆုပ်ကိုင်လိုက်ပြီး သူ့ပခုံးပေါ်သို့ ဆွဲခိုဖက်ခိုင်းလိုက်သည်။ ညာဘက်ပခုံးပေါ်သို့ ရောက်ရှိလာတဲ့ အိစက်ညက်ညောလွန်းသည့် အတွေ့အထိကြောင့် သက်လွှာ ရုတ်တရက်ကြီး ခြေတုန်ချတုန်ဖြစ်သွားလေသည်။ ဘာ့ကြောင့်ရယ်ဆိုပြီး အမျိုးအမည်၊ အမျိုးအစားခွဲခြားလို့မရပါပဲ ရင်တွေတဒိတ်ဒိတ်ခုန်လာသည်။

" ဖြစ်ပါ့မလား သက်လွှာရယ် "

ထွက်ပေါ်လာတဲ့ သိမ်မွေ့ထည်ရဲ့အသံက အတော်လေးကို တုန်ယင်နေသည်။ သက်လွှာ ခေါင်းကို ဘေးဘက်ကို တစ်ချက်လေးလှည့်ကြည့်မိတော့ သိမ်မွေ့ထည်၏ လည်တိုင်နှင့် ပါးပြင်မှ သွေးကြောစိမ်းတို့ကို အနီးကပ် အတိုင်းသားကြီးမြင်တွေ့လိုက်ရသည်။ ဤတွင် သက်လွှာရဲ့ရင်ဘတ်ထဲ၌ သိမ့်ခနဲဖြစ်သွားရသည်။

" ဖြစ်တယ် "

ဖြစ်တယ်ဟုပြောလိုက်တဲ့ အသံက အနည်းငယ် တုန်ယင်ချင်နေလို။ ဒူးနှစ်ဖက်ကလည်း ထိုနည်းလည်ကောင်းပင်။ အစပိုင်းကလိုမဟုတ်ပဲ အနည်းငယ်ပျော့ခွေချင်နေသည်။ သို့သော်လည်း သက်လွှာ အားကုန်သုံးပြီး ထရပ်လိုက်၏။

သက်လွှာမှာ ပိန်သွယ်ပြီး ပါးလှစ်သောခန္ဓာဖြစ်ပါသော်လည်း သိမ်မွေ့ထည်ကတော့ ထိုသို့မဟုတ်။ အသက် ၃၅ နှစ်အရွယ်ဆိုသည့်အတိုင်း၊ အမျိုးသမီးတစ်ဦး၌ ရှိသင့်ရှိထိုက်သည့် ပြည့်အိကျစ်လစ်သော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်၏။ တင်နှင့် ရင်တို့မှာ ကျစ်ကျစ်လစ်လစ်နှင့် အနည်းငယ်ပြည့်ဖြိုးသဖြင့် သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်က သိပ်ပြီးတော့ မမျှတပေ။ ဒါ့ကြောင့် သက်လွှာခမျာ သိမ်မွေ့ထည် ဝှီးချဲပေါ်ကို ရောက်ရှိစေဖို့အတွက် အံကိုကြိတ်ပြီး  ကြိုးစားပမ်းစား ဆွဲမ တင်ပေးခဲ့ရရှာသည်။

" ရပြီ .. ရပြီသက်လွှာ "

သိမ်မွေ့ထည်၏အသံမှာ မောဟိုက်နေသလို၊ သက်လွှာမှာလည်း အသံထွက်၍ပင် မတုံ့ပြန်နိုင်သေး။ ခေါင်းသာတစ်ချက် ညိတ်ပြ၍ အသက်ကို ရှိုက်ရှုနေသည်။ ၁၀ စက္ကန့်လောက်ကြာပြီးမှ အနောက်သို့ ပြန်လှည့်၍

" ဒါ .. ရှက်ရွံ့စရာကိစ္စမဟုတ်ဘူး ဒေါ်သိမ်မွေ့ထည်။ ဒါကျန်းမာရေးကြောင့် ဖြစ်တာလေ။ ဘာများ ရှက်စရာရှိလဲ .. "

မောဟိုက်စွာပြန် ပြောနေသည့် သက်လွှာရဲ့မျက်နှာကို သိမ်မွေ့ထည် တွေတွေလေးငေးကြည့်နေခဲ့သည်။ သူမရဲ့ မျက်နှာတစ်ပြင်လုံးမှာလည်း မျက်ရည်စများဖြင့် စိုရွှဲနီမြန်းလို့နေ၏။ တုန်ယင်နေတဲ့ နှုတ်ခမ်းဖျားလေးတွေကို တင်းတင်းစေ့ထားရင်း သိမ်မွေ့ထည် ခေါင်းလေးနှစ်ချက် အသာညိတ်ပြခဲ့ပါသည်။

" ရေချိုးကန်ထဲမှာ ရေပူရေအေး သွားစပ်ပြီး ဖြည့်လိုက်ဦးမယ်။ ပြီးတော့မှ လာခေါ်ပေးမယ် .. ခဏလေးပဲစောင့်နော် "

ခြေတွေလက်တွေ တုန်ယင်နေပြီး ရင်တွေ တဒိတ်ဒိတ်ခုန်နေပေမဲ့လို့ သက်လွှာ ရေချိုးခန်းရှိရာဆီသို့ ခပ်မြန်မြန်လေး လျှောက်သွားခဲ့၏။ သက်လွှာ အနားမှထွက်သွားသည့် အခိုက်တံ့မှသာ သိမ်မွေ့ထည် တစ်ချက်လေး ရှိုက်ငိုလေတော့သည်။ ရှက်ရွံ့ပြီး သိမ်ငယ်နေခဲ့ရပေမဲ့လို့ ထိုကလေးရဲ့စကားလေးတစ်ခွန်းက သူ့ရင်ကို နွေးထွေးလုံခြုံသွားစေသည်လေ။ ရှိုက်သံနှင့်အတူ သိမ်မွေ့ထည် ယဲ့ယဲ့လေးပြုံးလိုက်ရင်း ရေချိုးခန်းအပေါက်ဝကိုသာ တွေတွေလေးစိုက်ကြည့်နေခဲ့မိသည်။

ခဏနေတော့ သက်လွှာ သူ့အနားသို့ပြန်ရောက်လာသည်။ ဝှီးချဲကို အနောက်ကနေ အသာတွန်းပေးပြီး ရေချိုးခန်းထဲအထိ လိုက်ပို့ပေးသည်။ အထဲရောက်တော့ နွေးထွေးပြီး ဘယ်ရီသီးနံ့နှင့်လီမွန်ရနံ့တို့ဖြင့် သင်းပျံ့လျက်ရှိသော ရေချိုးကန်လေးက သိမ်မွေ့ထည်ကို အသင့်စောင့်ကြိုလို့နေသည်။

" ဒီနားတွေ့သမျှ ဆပ်ပြာရည်နဲ့ အမွှေးဆီပုလင်းတွေတော့ အကုန်ကောက်ထည့်ထားတာပဲ။ အဆင်ပြေပါ့မလားတော့ မသိဘူး "

" ပြေပါတယ် သက်လွှာ "

" ဒါဆို .. ဘာ .. ဘာကူပေးရဦးမလဲ .. "

မဝံ့မရဲလေသံဖြင့် သိမ်မွေ့ထည်ကို အကြည့်လွှဲထားရင်း သက်လွှာမေးလိုက်တော့

" ရတယ် .. ကျန်တာတီလေးဘာသာ ဆက်လုပ်လို့ရပါပြီ .. ခဏ .. ခဏလေး သက်လွှာ "

" ဟုတ် .. "

သိမ်မွေ့ထည်သည် စကားကို ဆက်မပြောသေးပဲ သူမရဲ့နောက်ကျောဘက်က အင်္ကျီဇစ်ကို ဆွဲဖြုတ်နေသည်။ ဇစ်က ဖြုတ်လို့မရပဲ ညှပ်နေ၏။ 

" ဟိုလေ .. အင်္ကျီဇစ်လေး ဆွဲချပေးလို့ရမလား သက်လွှာ။ တီလေး ဆွဲချတာ မရဘူးဖြစ်နေတယ် "

ကြိုးတစ်လုံးဖြင့် အဖြူရောင်ပိုးသား ဂါဝန်၏အနောက်ဘက်မှ ဇစ်ကို အောက်သို့ဆွဲချပေးဖို့ သိမ်မွေ့ထည် တောင်းဆိုတော့ သက်လွှာရဲ့ မျက်လုံးလေးတွေက အနည်းငယ်ဝိုင်းစက်သွားလေသည်။

" ဟုတ် .. ဟုတ်ကဲ့ "

ဝှီးချဲရဲ့အရှေ့ဘက်ကို အနည်းငယ်ခါးကိုင်းပေးပြီး နောက်ကျောပြင်မှ ဆံပင်ရှည်တို့ကို အရှေ့ဘက်သို့သိမ်းယူရင်း ငြိမ်သက်နေတဲ့ သိမ်မွေ့ထည်ကို သက်လွှာ မလှုပ်မယှက် ငေးကြည့်နေမိသည်။ ဆံပင်ကိုရှေ့ဘက်သို့ သိမ်းယူလိုက်တာမို့ လည်တိုင်ကြော့ကြော့နှင့် နို့နှစ်ရောင်ပခုံးသားက တောက်ပစွာ ပေါ်လွင်လာသည်။

ငေးကြည့်နေမိသည့် ခေါင်းကို သက်လွှာ တစ်ချက်ခါယမ်းပစ်လိုက်ရင်း သူမရဲ့ခါးလည်လောက်က ဇစ်အဖြူရောင်လေးကို ခါးဆစ်ရိုးနေရာလောက်အထိ ဆွဲချပေးလိုက်လေသည်။ ဇစ်ကို ကိုင်ထားတဲ့ သက်လွှာရဲ့လက်တွေဟာ အနည်းငယ်တုန်ယင်နေတယ်ဆိုတာကို အရှေ့မှာရှိနေသည့် သိမ်မွေ့ထည်ကတော့ လုံးလုံးမျှမသိ။ အဝတ်စလေး လှပ်ဟသွားချိန်တွင် အဖြူရောင်ကြိုးပျောက် အတွင်းခံနှင့် ဝင်းမွတ်အိစက်နေတဲ့  ကျောပြင်က အထင်းသားပေါ်ထွက်လို့လာပြန်သည်။

" ရပြီ။ တခြားကော .. ရေချိုးကန်ထဲဆင်းဖို့ .. "

သက်လွှာ ရင်တွေ တဒိတ်ဒိတ်တုန်နေသည်။ ဒါပေမဲ့ ဘာ့ကြောင့်သူရင်တွေတုန်နေတယ်ဆိုတာကို ထိုအချိန်က သက်လွှာ မဝေခွဲ၊ မပိုင်းခြားနိုင်ခဲ့သေးပေ။

" ရပါပြီ သက်လွှာ။ ကျန်တာ တီလေးဘာသာ ဆက်လုပ်လို့ရပါပြီ။ ကျေးဇူးတင်ပါတယ်ကွယ် "

အသက်ရှုသံပြင်းပြင်းနှင့် လက်ကာပြပြီး ပြန်ဖြေနေသည့် သိမ်မွေ့ထည်ကြောင့် သက်လွှာ ခေါင်းအသာညိတ်ပြရင်း ရေချိုးခန်းထဲမှ ကပျာကယာ ပြန်ထွက်လာလိုက်သည်။

" ခုံပေါ်ကနေ ရေချိုးကန်ထဲကို ဆင်းဖို့ အဆင်ပြေပါ့မလား။ ပြေလောက်မှာပါနော် "

တစ်ယောက်ထဲရေရွတ်ရင်း ၁ မိနစ်လောက်ကြာတဲ့အထိ အခန်းတံခါးဝရှေ့နားလေးမှာရပ်၍ အထဲက အသံကို နားစွင့်နေမိသည်။ ကန်ထဲသို့အဆင်းမှာ ဘေးကိုလဲကျသွားမှာမျိုးကို စိတ်ပူမိတာကြောင့် ထိုနေရာနားကနေ သက်လွှာ ထွက်မသွားနိုင်သေး။

" ဒီလောက်ဆိုရင်တော့ စိတ်ချရလောက်ပါပြီ။ ငါကြီးကြီးမြကို အမြန်ပြေးခေါ်မှဖြစ်မယ်။ ပြန်လာမှပဲ အခန်းထဲကို သန့်ရှင်းရေးလုပ်ပေးတော့မယ် "

ထပ်မံရေရွတ်ရင်း သက်လွှာ အခန်းထဲမှာ အပြေးလေးထွက်လာခဲ့လိုက်တော့သည်။ ဘရန်စိုင်းဆိုသည့်လူကတော့ ယခုထိပင် အိပ်ယာနိုးသေးသည့်ပုံ မပေါ်ပေ။

X    X    X    X    X

Continue Reading

You'll Also Like

338K 35.3K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
41K 2.3K 19
ငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain
441K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
13.2K 687 5
မိန်းက​လေးနှစ်​​ယောက်​ကြားက အချစ်​အ​ကြောင်း ပုံ​ဖော်​ထားတာပါGirl×Girl ရုပ်​ရှင်​သရုပ်​​ဆောင်​ အဆို​တော်​"ပိုးကု​ဋေမမ" ဘဝမှာ မကြုံဖူးတဲ့အချစ်​ဆိုတာဟ...