" စိုင်း .. မင်းရဲ့ဖုန်းကို မမ sms ပို့ထားတယ်။ အဲ့ဒီမှာ ပြောထားတဲ့အတိုင်းလုပ်ပြီးပြီဆိုရင် မမဆီကို ဖုန်းပြန်ခေါ်ပေးပါ "
စိုင်းနဲ့ဖုန်းပြောလို့ ပြီးသွားတဲ့အချိန်တွင် သူ့ဘေးမှာထိုင်နေတဲ့ သက်လွှာဘက်သို့ သိမ်မွေ့ထည် ခေါင်းလေးစောင်းငဲ့၍ တစ်ချက်လေးလှည့်ကြည့်လေသည်။ ဒါကို သက်လွှာသိတော့ ဘေးသို့မျက်နှာလွှဲသွားသည်။ ကားထဲ၌ air con ဖွင့်ထားပါသော်လည်း စိတ်အိုက်နေတာကြောင့် ဘေးနားက ကားမှန်ပြူတင်းပေါက်ကို အဆုံးထိဖွင့်ချလိုက်ရင်း ကျောပိုးအိတ်ထဲမှာ ရှိနေတဲ့ keypad ဖုန်းလေးကို ထုတ်ယူ၍ နားကြပ်တပ်ကာ သီချင်းတစ်ပုဒ်ကို နားဆင်နေလိုက်သည်။ သိမ်မွေ့ထည် သူ့ကိုဆက်ကြည့်နေတာကို သိနေသေးပါသော်လည်း လုံးဝဥပေက္ခာပြုထား၏။ Girls' Genetion အဖွဲ့သီဆိုထားသည့် Time Machine ဆိုတဲ့သီချင်းသံကိုသာ အာရုံစိုက်နားထောင်နေရင်း volume ကိုအဆုံးအထိ တင်ချလိုက်လေသည်။ နားကြပ်ထဲမှ ထွက်ပေါ်နေတဲ့သီချင်းသံဟာ ဘယ်လောက်ကျယ်သလဲဆိုလျှင် ဘေးမှာထိုင်နေတဲ့ သိမ်မွေ့ထည်ရဲ့ နားထဲ၌ပင် ခပ်သဲ့သဲ့ကြားနေရ၏။
ခြံထဲသို့ ရောက်ရှိလာပြီး အိမ်ရှေ့၌ ကားရပ်တော့မည့်အချိန်ကျမှသာ နားထဲမှာတပ်ထားသည့် နားကြပ်ကို သက်လွှာဆွဲဖြုတ်၍ ကားရပ်သည်နှင့် ချက်ချင်းဆင်းဖို့ရန် ပြင်ဆင်နေလေသည်။
" သက်လွှာ ... "
ကားပေါ်မှ ဆင်းခါနီးတွင် သိမ်မွေ့ထည်က နူးညံ့ညင်သာသောအသံဖြင့် ခေါ်နေသည်ကို ကြားပါသော်လည်း သက်လွှာ ဂရုမစိုက်ဟန်ဖြင့် ကားတံခါးကိုတွန်းဖွင့်ဖို့သာ လုပ်နေချိန်၌
" ခဏလေး သက်လွှာ "
နောက်ဆုံး သိမ်မွေ့ထည်က သူ့လက်မောင်းကို လာကိုင်မှသာ သက်လွှာ စူစူပုတ်ပုတ်မျက်နှာပေးဖြင့် ပြန်လှည့်ကြည့်လေသည်။
" ဘာလဲ "
မျက်မှောင်ကြုတ်ပြီး မေးလိုက်သည့်အချိန်တွင် သိမ်မွေ့ထည်က သက်လွှာရဲ့ နှုတ်ခမ်းထောင့်ဖျားကို သေသေချာချာစိုက်ကြည့်ကာ
" အပေါ်ရောက်ရင် တီလေးဆေးထည့်ပေးမယ်နော် "
" မလိုပါဘူး "
ဂျစ်ကန်ကန်ဖြင့် ပြန်ပြောပြီး ကားပေါ်ကဆင်းဖို့ ဟန်ပြင်လိုက်ပြီးခါမှ သက်လွှာသည် အနောက်သို့ပြန်လှည့်၍ သိမ်မွေ့ထည်၏မျက်နှာကို သေချာစိုက်ကြည့်လေသည်။
" ဒီနေ့ဖြစ်ရတာ တကယ်တော့ ရှင့်ကြောင့်ပဲ "
နာကျည်းမုန်းတီးသည့်အကြည့်၊ အပြုအမှု၊ လေသံတို့ဖြင့် တစ်ခွန်းတည်းပြောပြီး ကျောခိုင်းကာ ကားထဲမှထွက်သွားတဲ့ သက်လွှာကို ငေးကြည့်ရင်း သိမ်မွေ့ထည် ရင်ထဲဆို့နင့်သွား၏။ ထို့နောက် နာကျင်မှုအပြည့်ဖြင့် ကားပေါ်၌ ကျန်ရစ်ခဲ့လေတော့သည်။
X X X X X
" ဒေါက် ဒေါက် "
အခန်းနှစ်ခန်းရဲ့ ကြားထဲမှာရှိနေတဲ့ တံခါးရဲ့တစ်ဖက်မှ ခေါက်သံ နှစ်ချက် ထွက်ပေါ်လာသော်လည်း သက်လွှာ အသံမပေးသေး။ ခုတင်အောက်က ပြောင်လက်နေသည့် ပါကေးကြမ်းခင်းပေါ်၌ ငုတ်တုတ်လေးထိုင်နေရင်း တံခါးကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်မိသည်။ စိတ်ထဲကနေ 'ဘာလုပ်ရှုပ်ပြန်ဦးမလို့လဲ မသိဘူး´ဟု ရေရွတ်မိရင်း စိတ်ပျက်စွာ ကျွတ်စ်တစ်ချက် စုပ်လိုက်မိလေသည်။
" ဒေါက် ဒေါက် "
" သက်လွှာ .. တီလေး ခဏလောက် ဝင်ခဲ့ပါရစေ "
ခေါက်သံနှစ်ချက်နှင့်အတူ ထိုအမျိုးသမီးရဲ့အသံ ထွက်ပေါ်လာတော့ သူမှုန်ကုတ်ကုတ်မျက်နှာနဲ့ တံခါးလောခ့်ကို သွားဖွင့်ပေးလိုက်၏။ သိမ်မွေ့ထည်ဆိုတဲ့ ထိုအမျိုးသမီးက ဒီဘက်အခန်းထဲကို ဝင်မလာသေးပဲ အပေါက်ဝမှနေ၍ သူ့ရဲ့မျက်နှာကို စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းဖျားမှာရရှိထားတဲ့ ဒဏ်ရာကို သေချာစိုက်ကြည့်နေခြင်းဖြစ်တယ်ဆိုတာကို သူသိသည်။ ထို့ကြောင့် ချက်ချင်းတစ်ဖက်သို့ပြန်လှည့်၍ ရှောင်လွှဲပစ်လိုက်လေသည်။ အနက်ရောင်ထဘီလေးနှင့် အဖြူရောင်ဘလောက်စ်လေးကိုသာ ရိုးယဉ်စွာဝတ်ဆင်ထားသည့် သူမဟာ သူလျှောက်လာတဲ့အနောက်ကို လိုက်၍ ဝှီးချဲဘီးကို လှိမ့်ချနေသည်။
" ဒီခုံလေးမှာ ခဏလောက်ထိုင်ပေးပါလား သက်လွှာ "
သူရပ်နေတဲ့ နေရာရဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ ဆိုဖာခုံပေါ်မှာ ထိုင်ဖို့ သူမက ပြောနေသော်လည်း သူ,မထိုင်သေး။ သူမကိုကျောပေး၍ မတ်တပ်ရပ်နေရင်းနဲ့ အသံမာမာဖြင့် ပြန်မေးလိုက်၏။
" ဘာလုပ်မလို့လဲ "
" ဆေးထည့်ပေးချင်လို့ပါ။ နှုတ်ခမ်းက ဒဏ်ရာက ဆေးမထည့်ရင် ပိုဆိုးသွားလိမ့်မယ် သက်လွှာ "
ခပ်အေးအေးလေသံနဲ့ ပြောနေတဲ့ ထိုအမျိုးသမီးကို သူနောက်ပြန်လှည့်ပြီး မျက်မှောင်ကြုတ်၍ ကြည့်လိုက်လေသည်။
" မလိုဘူးလို့ ကျွန်မပြောထားပြီးသားလေ။ ရှင်မှတ်ဥာဏ်မကောင်းဘူးလား ဒေါ်သိမ်မွေ့ထည် "
သူအော်လိုက်သော်လည်း ထိုအမျိုးသမီးကတော့ သူ့ကို အပြုံးဖြင့်သာ တုံ့ပြန်သည်။
" မင်းရဲ့တီလေးကလေ .. မှတ်ဥာဏ် သိပ်ကိုကောင်းလွန်းတဲ့လူတစ်ယောက်ကွဲ့ သက်လွှာရဲ့ "
မျက်ခုံးလေးတစ်ဖက်ကို ပင့်တင်၍ ခပ်ပြုံးပြုံးလေးပြောနေသည့် သူမဟာ သူ့လက်ကို အသာလေးဖမ်းဆွဲကိုင်လေသည်။ ရုတ်တရက် စိတ်တိုသွားပြီး ပြန်ရုန်းဖို့သူ ကြံစည်မိသော်လည်း မအောင်မြင်ခဲ့။ နူးညံ့လွန်းတဲ့ သူမရဲ့လက်ဖဝါးအောက်ကနေ ရုန်းမထွက်ချင်သည့် ခံစားချက်က အလိုလျောက်ဖြစ်ပေါ်လာတာကြောင့် သက်လွှာ မိမိကိုယ်ကို အံ့သြနေမိပါသည်။ ဘာကြောင့်လဲ .. ဘာ့ကြောင့်များ ရုန်းထွက်ချင်စိတ် မရှိတော့တာလဲ။
သူမဟာ ဝှီးချဲဘီးကို လက်တစ်ဖက်တည်းဖြင့် ဖြည်းဖြည်းလေးလှိမ့်၍ ကျန်တစ်ဖက်နဲ့ သူ့လက်ကို ညင်ညင်သာသာလေးဆွဲခေါ်လာပေး၏။
" ခဏလေးပဲထိုင်ပါ သက်လွှာရယ်။ ခဏလေးပဲ ... နော် လိမ္မာတယ် "
သူ့ကိုစကားပြောဆိုတဲ့အချိန်တိုင်းမှာ ဘာ့ကြောင့်ဒီအမျိုးသမီးဟာ အချိန်ပြည့် ပြုံးနေနိုင်ရတာလဲ။ သူမျက်မှောင်ကြီးကုတ်ထားရင်း စိတ်ထဲကနေ ရေရွတ်နေမိတဲ့ စကားလုံးတွေကိုတော့ သူမ,ကြားနိုင်မည်မဟုတ်။ သူမသည် ညှစ်ဆေးတောင့်ဘူးလေးတစ်ခုမှ ဆေးအနည်းငယ်ကို ညှစ်ယူ၍ cotton bud အချောင်းလေး၏ ထိပ်က ဂွမ်းစလေးတွေပေါ်မှာ သုတ်လိမ်းနေသည်။ ဖြူဖွေးပြီး သွေးကြောစိမ်းလေးတွေထင်းနေတဲ့ သူမရဲ့ လက်ဖမိုးတွေကို မြင်နေရတော့ မျက်စိက အလိုလျောက်ပင် ငေးကြည့်ဖြစ်သွား၏။
" ကဲ လာ .. ဒီဆေးက လုံးဝမစပ်ဘူး လိမ်းလိုက်ရင် အေးအေးလေးရယ် "
ရုတ်တရက် ငေးကြည့်နေမိသည့်အခိုက်တံ့၌ သူသတိလက်လွတ်ဖြစ်နေမိသည်။ ဝှီးချဲပေါ်မှ ရှေ့သို့ခါးလေးကိုင်း၍ cotton bud အချောင်းလေးကိုကိုင်ပြီး သူ့မျက်နှာနားသို့ တိုးကပ်လာတဲ့ ဒေါ်သိမ်မွေ့ထည်ကို သက်လွှာ မှင်သက်စွာ ငေးမိနေဆဲပင်။ ထိုအမျိုးသမီးရဲ့ နူးညံ့သိမ်မွေ့လှတဲ့ အပြုအမှုတို့ဟာ သူ့ရဲ့စိတ်အာရုံကို စက္ကန့်ပိုင်းမျှ ညှိုးငင်ထားနိုင်သည်အထိကို အစွမ်းထက်၏။
လက်မြှောက်လိုက်တဲ့အချိန်၌ သူမရဲ့လက်မှ ဘလောက်စ်အင်္ကျီစက တံတောင်ဆစ်နားအထိ လျှောဆင်းကျသွားပြီး ဖွေးဆွတ်နေတဲ့ လက်ဖျံက မီးအလင်းရောင်အောက်၌ ထင်းဝင်းစွာ ထွက်ပေါ်လာသည်။ လက်ဖျံပေါ်မှာ ရှိနေတဲ့ အမွှေးနုနုလေးတွေကို သူငေးကြည့်နေမိချိန်၌ သင်းသင်းလေးနဲ့ မွှေးလွန်းတဲ့ အမွှေးရနံ့တစ်ခုက သူ့နှာသီးဖျားဝကို လာပြီးရိုက်ခတ်၏။ ကြည့်ရတာ ထိုအမျိုးသမီးဟာ ရေမွှေးကို လက်ကောက်ဝတ်နားမှာ ဆွတ်ဖြန်းထားပုံရသည်။
သူသတိပြန်ကပ်တဲ့အချိန်မှာတော့ ဆေးထည့်လို့ပြီးစီးသွားခဲ့လေပြီ။ ငြင်းဆန်ချင်ပါသော်လည်း သူ့မှာ အခွင့်မရှိတော့။ ထိုအမျိုးသမီးက သူ့ရဲ့စိတ်အာရုံကို ဘယ်လိုမျိုး ဖမ်းယူညှို့ငင်သွားပါလိမ့်။ သူမရဲ့လှုပ်ရှားမှုအောက်မှာ သူအသိစိတ် ကင်းလွတ်ခဲ့ရသည်တဲ့လေ။ ကြားလို့မှ မကောင်း။
" ရော့ ... အိပ်ခါနီးရင် တစ်ခေါက်ထပ်လိမ်းနော်။ လိမ်းရင် လက်နဲ့မလိမ်းနဲ့ ပိုးဝင်မှာစိုးလို့။ ဟောဒီ့ cotton bud အချောင်းလေးတွေနဲ့ပဲလိမ်း သက်လွှာ "
ပြောပြောဆိုဆိုနှင့် သူ့လက်ထဲလာထည့်ပေးသွားပြီး အခန်းထဲမှ ပြန်ထွက်သွားတဲ့ ထိုအမျိုးသမီးကို သူခပ်ကြောင်ကြောင် ငေးကြည့်နေခဲ့မိသည်။ ယခုကျတော့လည်း ပါးစပ်မှာ အာစေးကပ်နေသလားပင်။ သူအလိုမကျစွာ မျက်မှောင်ကြီးကြုတ်၍သာ ဒေါ်သိမ်မွေ့ထည် ပိတ်သွားပေးတဲ့ အခန်းတံခါးကို သူ့ဘက်မှ lock ချလိုက်လေသည်။ သူ့အခန်းထဲ ပြန်မဝင်နိုင်အောင်။ တစ်နည်းအားဖြင့် သူ့ရဲ့စိတ်အာရုံတွေကို ညှို့ယူပြီး ဖမ်းမစားနိုင်အောင်လို့ပေါ့။
X X X X X
ဒီညတော့ ထမင်းဝိုင်းတွင် သိမ်မွေ့ထည်အပြင် ဘရန်စိုင်းပါရှိနေတာကို အဝင်ဝကနေ လှမ်းပြီးမြင်တွေ့လိုက်ရသဖြင့် သက်လွှာ ထမင်းစားခန်းထဲသို့ဝင်ရန် စိတ်တွေ ပိုမိုလေးလံလို့သွားသည်။
" သက်လွှာ လာလေ "
သိမ်မွေ့ထည်ကတော့ ထုံးစံအတိုင်းပဲ ညင်သာတဲ့အပြုံးနဲ့ သက်လွှာကို ကြိုဆိုနေသည်။ ဘရန်စိုင်းကတော့ အဝင်ဝမှာရပ်နေတဲ့ သက်လွှာကို တစ်ချက်မျှသာ လှမ်းကြည့်၍ ထမင်းအုပ်ကိုကိုင်ကာ သူ့အစ်မရဲ့ ပန်းကန်ထဲသို့ ခူးခပ်ထည့်ပေးနေသည်။
သိမ်မွေ့ထည့်ရဲ့ နံဘေးက လစ်ဟာနေသည့်ထိုင်ခုံတွင် သက်လွှာ မထိုင်ချင် ထိုင်ချင်ဖြင့် ဝင်ထိုင်လိုက်ရသည်။ သိမ်မွေ့ထည်က ဘရန်စိုင်းရဲ့ လက်ထဲမှ ထမင်းအုပ်အား အသာလှမ်းယူ၍ သက်လွှာအတွက် ချပေးထားသည့် ပန်းကန်ထဲသို့ သူကိုယ်တိုင်ကိုယ်ကျ ထမင်းခူးခပ်ထည့်ပေးလေသည်။ ဘရန်စိုင်းက သူ့အစ်မကို ကြည့်နေပေမဲ့လို့ ဘာမှတော့မပြော။ ဘရန်စိုင်းရဲ့အကြည့်တွေက သိပ်တော့ နှစ်လိုဖွယ် မကောင်းလှချေ။
" သက်လွှာ .. များများစားနော် "
ခါတိုင်းကဲ့သို့ပင် သက်လွှာရဲ့ ပန်းကန်ထဲသို့ ဟင်းတွေကို ခပ်ထည့်ပေးနေပြန်သည်။ ထမင်းစားပွဲမှာ ထိုင်နေသည့် အချိန်တစ်လျှောက်လုံးတွင် သိမ်မွေ့ထည်သည် သက်လွှာကိုသာ အရိပ်တကြည့်ကြည့်ပင်။ သက်လွှာ ကြိုက်မယ်ထင်တဲ့ဟင်းတွေကို ခပ်ထည့်ပေးလိုက် ဖန်ခွက်ထဲသို့ ရေဌဲ့ထည့်ပေးလိုက်ဖြင့်။ ဘေးမှာရှိနေတဲ့ ချိုမာ့ကိုတောင် ဘာမှမလုပ်ခိုင်းခဲ့။ သက်လွှာ ထမင်းစားနေသည့် တစ်ချိန်လုံးမှာ လိုအပ်မယ်ထင်သည့် အသေးအမွှားကိစ္စလေးတွေကို အားလုံးကို ဂရုတစိုက်လေး လိုက်လုပ်ပေးနေသည်။ ဒါပေမဲ့ ချစ်သက်လွှာကတော့ အချိန်ပြည့် မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးလျက်သာ။
ထမင်းစားသောက်ပြီးတဲ့အချိန်တွင် သက်လွှာသည် ခါတိုင်းနေ့တွေကလိုပဲ သူစားသည့် ပန်းကန်းကို သူကိုယ်တိုင်သာဆေး၏။ သိမ်မွေ့ထည်ကလည်း သက်လွှာပြီးတဲ့ အချိန်အထိ ထမင်းစားခန်းထဲမှာ စောင့်ပေးနေသည်။
" မမ ... ဒီမှာ ဖရဲသီး အချိုတည်းဦး "
ချိုမာ လာချပေးတဲ့ ဖရဲသီးစိပ်လေးတွေ စိပ်ထည့်ထားသည့်ပန်းကန်ပြားကို သိမ်မွေ့ထည်ရဲ့ ရှေ့သို့ တိုးရွေ့ပေးရင်း ပြောလေသည်။
" ချိုနေတာပဲ။ မဆိုးဘူး .. မင်းလည်း စားလေ စိုင်း "
" ဟုတ်ကဲ့ "
မောင်နှမနှစ်ယောက် စားပွဲဝိုင်းတွင်ထိုင်၍ ဖရဲသီးစားရင်း အလုပ်အကြောင်းနဲ့ ပတ်သတ်တဲ့ ကိစ္စတချို့ကို ပြောဆိုနေကြသည်။ သက်လွှာ ပန်းကန်ဆေးလို့ ပြီးသွားတဲ့ အချိန်မှာတော့ ..
" သက်လွှာ လာ .. ဒီမှာ ဖရဲသီးလာစားလှည့် "
" တော်ပြီ။ ကျွန်မအပေါ်တက်နှင့်တော့မယ် "
မှုန်ကုပ်ကုပ်မျက်နှာနှင့် သိမ်မွေ့ထည် ခေါ်နေသည်ကို ငြင်းဆန်ပြီး အခန်းထဲမှ ခပ်မြန်မြန်ထွက်ဖို့ သက်လွှာ ဟန်ပြင်နေသည့်အချိန်တွင် သိမ်မွေ့ထည်က သက်လွှာရဲ့ လက်ကောက်ဝတ်လေးကို ဖွဖွလေးလှမ်းဆွဲထားသည်။
" ခဏလေး သက်လွှာ။ ဒီညတော့ တီလေးကို အချိန်ခဏလောက်ပေးလို့ရမလား။ တီလေးမင်းနဲ့ ခြံထဲမှာထိုင်ပြီး စကားခဏတဖြုတ်လောက် ပြောချင်သေးတယ် ... "
အစကတော့ သက်လွှာ ငြင်းဆန်မလို့ပါပဲ။ သို့ပေမဲ့ အခန်းထဲမှာက ဒေါ်ဒေါ်မြကော အစ်မချိုမာနှင့် ဘရန်စိုင်းဆိုသည့် အစ်ကိုကြီးလည်း ရှိနေသည်လေ။ မကောင်းတတ်သဖြင့် သိမ်မွေ့ထည်ပြောသည့်စကားကို သက်လွှာ ခေါင်းညိတ်ပြရင်း လက်ခံလိုက်လေသည်။
ဒီရက်ပိုင်းလောက် အချိန်တိုအတွင်းမှာပင် အိမ်အထွက်ဝက လှေခါးထစ်တွေရဲ့နံဘေး၌ ဝှီးချဲအဆင်းအတက်လုပ်လို့ရသည့် နေရာလေးကိုလည်း လှပသပ်ရပ်စွာ ပြုလုပ်ပြီးစီးသွားခဲ့လေပြီ။ ထို့ကြောင့် မည်သူ့ရဲ့ အကူအညီကိုမှမလိုပဲ ခြံထဲသို့ ကိုယ်တိုင်ကိုယ်ချ ဝှီးချဲဖြင့် သိမ်မွေ့ထည် အဆင်းအတက်လုပ်နိုင်ခဲ့၏။
မိုးရနံ့သင့်ပျံ့နေသည့် ခြံထဲ၌ ပိုးကောင်လေးတို့ရဲ့အသံဟာ စီစီညီညီ ထွက်ပေါ်လို့နေကြသည်။ ဒါ့အပြင် ဖားအော်သံနှင့် ရုပ်ထုကြီးရှိတဲ့နေရာနားက ရေပန်းမှ ရေကျနေသံကိုလည်း ကြားနေရသည်။ သူတို့ထိုင်နေကြတဲ့နေရာသည်လည်း ထိုရေပန်းနှင့် မလှမ်းမကမ်းတွင်သာဖြစ်သည်။ သက်လွှာက ခုံတန်းရှည်အဖြူလေးပေါ်မှာထိုင်နေပြီး သိမ်မွေ့ထည်ကတော့ ဝှီးချဲပေါ်၌သာထိုင်၍ သက်လွှာရဲ့ ရှေ့တည့်တည့်တွင်ရှိနေသည်။
" ကျောင်းတက်ရတာ သက်လွှာအတွက် အဆင်ကောပြေရဲ့လား "
သက်လွှာရဲ့ မျက်နှာကို အရိပ်အခြေကြည့်ပြီးမှ သိမ်မွေ့ထည် စကားစပြောလေသည်။
" ပြေပြေ မပြေပြေ ဆက်ပြီးတက်ရမှာပဲလေ "
အမြဲတစေ အကန်တွေသာပြုမှုပြောဆိုတတ်သည့် သက်လွှာသည် ယခုလည်း သိမ်မွေ့ထည်ရဲ့စကားကို ညစ်ထေထေပြုံးပြရင်း ချေပပစ်နေပြန်သည်။ သိမ်မွေ့ထည်ကတော့ သက်ပြင်းကို မသိမသာချရင်း စကားကို ဆက်ပြောသင့် မပြောသင့်၊ အရင်တွေးတောနေ၏။ တအောင့်ကြာမှ
" တီလေးရဲ့အမြင်မှာတော့ သက်လွှာအခုလက်ရှိတက်နေတဲ့ကျောင်းရဲ့ ပတ်ဝန်းကျင်ကို သိပ်သဘောမကျဘူး။ အကုန်လုံးနီးပါးက သက်လွှာအပေါ် နွေးထွေးမှုမရှိဘူးလို့ တီလေး ခံစားမိနေတယ်။ နွေးထွေးမှုမရှိတဲ့ ရပ်ဝန်းတစ်ခုမှာ သက်လွှာ ဆက်နေပြီး စာဆက်သင်နေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာမှာပါ အင်အားချို့တဲ့မှုတွေ ဖြစ်လာမှာကို တီလေးစိုးရိမ်မိလို့ပါ "
နားဝင်ချိုစေသည့် လေသံမျှင်းမျှင်းလေးဖြင့် သိမ်မွေ့ထည် ပြောနေသည့်စကားတွေကို နားထောင်ရင်း သက်လွှာ နှုတ်ခမ်းထောင့်ကို ခပ်ထေ့ထေ့ တွန့်ကွေးလိုက်ပြန်သည်။
" ဟက် .. အဲ့ဒီတော့ ရှင်ကဘာလဲ။ ကျွန်မကို ကျောင်းပြောင်းစေချင်နေတာလား "
သိမ်မွေ့ထည် သက်ပြင်းတစ်ချက် ထပ်မံချမိပြန်သည်။
" သက်လွှာရဲ့ ရှေ့ရေးအတွက် တီလေးတွေးပူမိလို့ အကြံပြုချင်ရုံသက်သက်ပါ။ အဲ့ဒီကျောင်းမှာ ဆက်တက်နေရင် သက်လွှာအတွက် စိတ်အနှောက်အယှက်များပြီး စာကိုလေ့လာသင့်ယူတဲ့နေရာမှာ အခက်အခဲဖြစ်နေမှာကို မလိုလားလို့ပါ "
" ဘာလဲ အတန်းပိုင်ဆရာမက ကျွန်မအဆင့်တွေ ဟိုးအောက်ကို ထိုးကျနေပြီဆိုပြီး ပြောပြလိုက်လို့လား "
ခပ်ထေ့ထေ့ဆက်ပြုံးထားရင်း သက်လွှာ မေးလိုက်တော့ သိမ်မွေ့ထည်က ဘာမှပြန်မပြော။ ခေါင်းမညိတ်ပြသလို ခေါင်းလည်း မခါပြ။ ကြည်တောက်နေတဲ့ မျက်ဝန်းတစ်စုံဖြင့်သာ သက်လွှာကို ငေးကြည့်နေ၏။ ထိုအကြည့်တွေထဲတွင် ဂရုဏာသက်သည့် အငွေ့အသက်တွေ များစွာဖုံးလွှမ်းလို့နေသည်။ သက်လွှာကလည်း အဲ့လိုအကြည့်တွေကိုပဲ သဘောမကျသည့် လူစားမျိုး။
" ကျွန်မ ကျောင်းမပြောင်းဘူး "
မျက်မှောင်ကိုကုတ်ထားရင်း သက်လွှာ ပြောတော့ သိမ်မွေ့ထည် သက်ပြင်းတစ်ချက် ထပ်မံချမိပြန်သည်။ ထို့နောက် စကားတစ်ခွန်းကို ထပ်ပြော၏။
" မပြောင်းရင် သက်လွှာ ဟိုအရင်ကလို စာကောင်းကောင်းလုပ်နိုင်မှာမဟုတ်တော့ဘူး "
" သူတို့ နှောက်ယှက်သည်ဖြစ်စေ၊ မနှောက်ယှက်သည်ဖြစ်စေ။ စာလုပ်တာ မလုပ်တာက ကျွန်မရဲ့စိတ်နဲ့ပဲ သက်ဆိုင်တာ။ ကျွန်မကိုယ်၌ကိုက အရင်ကလို စာကြိုးစားချင်တဲ့စိတ် မရှိနေတော့တာ ဒေါ်သိမ်မွေ့ထည် "
သက်လွှာထံမှ ကြားလိုက်ရတဲ့စကားတစ်ခွန်းက သိမ်မွေ့ထည်ရဲ့ စိတ်အတွင်းဝယ် လေးလံမှုတစ်ခု ဖြစ်တည်သွားခဲ့သည်။ လေးလံတယ်ဆိုတာထက် သက်လွှာ အပေါ်ထားရှိပေးတဲ့ စာနာသနားသော စိတ်က ပိုများနေသည်။
" တီလေး နားလည်တယ်။ မင်းရဲ့ စိတ်ကို တီလေး နားလည်ပေးနိုင်ပါတယ်။ အရမ်းကို ဆိုးဝါးလွန်းတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ထားရတာက အချိန်ကာလအနည်းငယ်ပဲရှိသေးတာလေ။ အဲ့လိုအချိန်မျိုးမှာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို ဆက်လုပ်နိုင်ဖို့အတွက် ခွန်အားမဲ့သွားကြတာက သဘာဝပါပဲ။ နာကျင်စရာတွေ အခက်အခဲတွေအများကြီးကို အံတုပြီး အခုလို ဆက်လျှောက်နိုင်နေတာကိုက သက်လွှာ တော်လွန်းလို့ပါ။ တီလေးအနေနဲ့ မင်းကို ကျောင်းပြောင်းဖို့ အကြံပြုချင်မိတာကလည်း တခြားကြောင့်မဟုတ်ဘူး။ မင်းရဲ့စိတ်ကို မလိုအပ်ပဲနဲ့ ထပ်ပြီး မထိခိုက်၊ မနာကျင်စေချင်လို့ပါ။ ကူညီဖေးမမှုမရှိတဲ့ အသိုင်းအဝိုင်းတစ်ခုမှာ ဆက်နေနေတာက သက်လွှာအတွက် ကောင်းကျိုးမရှိဘူးလေ။ အကယ်လိုများ ပတ်ဝန်းကျင်အသစ် နေရာအသစ်မှာ ကောင်းမွန်တဲ့ မိတ်ဆွေတွေနဲ့ ထပ်မံတွေ့ဆုံဖြစ်တဲ့အခါကျရင် သက်လွှာလည်း စိတ်အပြောင်းအလဲဖြစ်တာပေါ့။ အဲ့ဒီအခါကျရင် စိတ်လည်းနည်းနည်းပြန်ကြည်လင်လာပြီး အရင်လို စာကြိုးစားချင်တဲ့စိတ်မျိုးလည်း ပြန်ဖြစ်ချင်ဖြစ်လာမှာ .. "
ပြောနေသည့် စကားတွေကို သိမ်မွေ့ထည် ခဏဖြတ်ချ၍ သက်လွှာ ရဲ့မျက်နှာကို အရိပ်အခြေကြည့်နေသေးသည်။ စက္ကန့်ပိုင်းမျှ ကြာမှသာ စကားကို ဆက်လိုက်၏။
" သက်လွှာရဲ့ အဖေနဲ့ အမေကလည်း သက်လွှာဟိုးအရင်ကလိုမျိုး စိတ်အေးအေးချမ်းချမ်းနဲ့ စာဆက်ပြီး ကြိုးစားတာမျိုးကိုပဲ လိုလားကြလိမ့်မယ်လို့ တီလေး ထင်တယ် "
သိမ်မွေ့ထည် ပြောလိုက်တဲ့စကားကိုကြားပြီးတဲ့နောက်တွင် သက်လွှာ မျက်ခုံးတွေကို ပို၍တွန့်ကွေးလိုက်သည်။ စူးရှနေတဲ့ မျက်ဝန်းတွေနဲ့ သိမ်မွေ့ထည့်ရဲ့ မျက်နှာတည့်တည့်ကို စိုက်ကြည့်နေရင်း ခါးသက်စွာ ပြုံးလိုက်၏။
" လိုလားမှာပေါ့။ ကျိန်းသေပေါက်ကို လိုလားကြမှာ။ အခုအချိန်အထိ အသက်သာရှင်နေကြသေးတယ်ဆိုရင် သောက်ရမ်းကိုလိုလားကြမှာ။ သိရဲ့လား "
သက်လွှာ တုံ့ပြန်လိုက်တဲ့ အပြောအဆို၊ အမူအရာတို့ကြောင့် သိမ်မွေ့ထည် ရင်ထဲဆစ်ခနဲနာကျင်သွားခဲ့ရသည်။ မျက်နှာအနည်းငယ်ပျက်ယွင်းသွားသလို ကြည်လင်တောက်ပနေတဲ့ မျက်ဝန်းတစ်စုံကလည်း စိုအိအိဖြစ်လာသည်။ သို့သော်လည်း မျက်နှာပေါ်မှ အမူအရာကို သိမ်မွေ့ထည် ချက်ချင်းပင် ပြန်ဖမ်းထိန်းနိုင်ခဲ့သည်။ ဤအချိန်တွင်
" မင်းစကားပြောတာ ရိုင်းစိုင်းလှချည်းလား ကလေးမ "
ရုတ်တရက် ဘရန်စိုင်းရဲ့ အသံက ဟိန်းထွက်လို့လာသည်။ ဘရန်စိုင်းသည် ဒေါသတကြီး ပြောဆိုရင်း သက်လွှာနဲ့ သိမ်မွေ့ထည်တို့ ထိုင်နေကြတဲ့ အနောက်ဘက် ခပ်လှမ်းလှမ်းဆီမှ မျက်ထောက်နီနီဖြင့် သက်လွှာကို ကြည့်နေ၏။
" စိုင်း .. "
ယခုထပ်မံထွက်ပေါ်လာတဲ့ လေသံဟာ ဘရန်စိုင်း လှမ်းအော်ပြောခဲ့တဲ့ လေသံထက် အဆပေါင်းများစွာ ပို၍ပြင်းထန်၏။ ဟိတ်ဟန်အပြည့်ရှိပြီး သြဇာအာဏာလွှမ်းမိုးလွန်းသော လေသံမျိုးပင်။
" ဘယ်သူ့မှ ဒီကိုမလာကြဖို့ကို ကြိုပြီး ပြောထာတယ် မဟုတ်လား "
ဘရန်စိုင်း ဘက်သို့လှည့်ပြီး ပြောနေတဲ့ သိမ်မွေ့ထည်ရဲ့ လေသံနဲ့ စူးရှရှမျက်ဝန်းတွေသည် သက်လွှာ အရင်က မြင်တွေ့ခဲ့ရဖူးတဲ့ ပုံစံများနှင့် လားလားမှ မသက်ဆိုင်။ တခြားသူတစ်ယောက်ကဲ့သို့ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အသွင်သဏ္ဍာန်ကူးပြောင်းသွားခဲ့သည့် ဒေါ်သိမ်မွေ့ထည်။ နူးညံ့ခြင်း၊ သိမ်မွေ့ခြင်းတို့ လုံးဝပျောက်ကွယ်သွားပြီး မာန်မာနအပြည့်ဖြင့် အာဏာစက် ပြင်းထန်လွန်းနေသော ဒေါ်သိမ်မွေ့ထည်။ ထိုသို့သော သိမ်မွေ့ထည်ကို မြင်တွေ့ရပြီးသည့်နောက်တွင် သက်လွှာရဲ့မျက်ဝန်းလေးတွေဟာ မဆိုစလောက်လေး ဝိုင်းစက်သွားခဲ့လေသည်။ မြင်တွေးဖူးနေကျမဟုတ်တဲ့ ဒေါ်သိမ်မွေ့ထည်ရဲ့ ယခုလိုပုံစံမျိုးကိုမြင်လိုက်ရသည့် အချိန်၌ သက်လွှာ ကြောက်ရွံ့ခြင်း အလျင်းမရှိခဲ့ပေမဲ့လို့ အနည်းငယ်တော့ ရှိန်သလိုဖြစ်သွားသည်။ တစ်ဆက်တည်းမှာပဲ သူပြောလိုက်တဲ့စကားက နည်းနည်းတော့ လွန်သွားတယ်ဆိုတာကိုလည်း သိလိုက်သည်။ တစ်ဖက်က သူ့ကိုကောင်းစေချင်တဲ့ စိတ်နဲ့ပြောတယ်ဆိုတာကို သက်လွှာ သိနေသော်လည်း သိမ်မွေ့ထည်ဆိုသည့် ထိုအမျိုးသမီးကိုဆိုလျှင် အမြဲတမ်း ဒေါသတကြီးနဲ့ ပြုမှုပြောဆိုချင်နေတဲ့ စိတ်ကို သူထိန်းချုပ်လို့မရခဲ့။
" ခြံထဲမှာ အေးတာကြောင့် မမအပေါ်ကနေ ထပ်ဖို့အတွက် အနွေးထည်လာပေးရင်းနဲ့ ဒီကောင်မလေးပြောတဲ့စကားကို ကြားလိုက်ရပြီး ဒေါသထွက်သွားမိလို့ပါ မမ "
ပထမက ဒေါသတကြီးနဲ့ သက်လွှာကို လှမ်းပြောနေသည့် ဘရန်စိုင်းဟာ ယခုတော့ သိမ်မွေ့ထည်ရဲ့ စကားတစ်ခွန်းကိုကြားပြီး ပြာပြာသလဲ ရှင်းပြနေတော့သည်။
" မင်းအထဲပြန်ဝင်တော့ စိုင်း "
" ဒါပေမဲ့ .. "
ဘရန်စိုင်းသည် သိမ်မွေ့ထည်ရဲ့ မျက်ထောက်နီနီကို အံတုနိုင်ပုံမရ။ ချက်ချင်းပင် ရိုကျိုးသည့်အမူအရာဖြင့် ခေါင်းငုံ့သွား၏။
" ဟုတ် .. ဟုတ်ကဲ့ "
အနွေးထည်လေးကို သိမ်မွေ့ထည်ရဲ့ ပေါင်ပေါ်ကို တရိုတသေတင်ပေးပြီးတဲ့နောက် ဘရန်စိုင်း ထိုနေရာမှ ခပ်သုတ်သုတ်ပြန်ထွက်သွားလေသည်။ မသွားခင် သက်လွှာကို အခဲမကြေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ဖြစ်အောင် ကြည့်သွားသေးသည်။ သို့သော်လည်း သက်လွှာကတော့ ဂရုမစိုက်သည့်ဟန်ဖြင့်သာ။
ဘရန်စိုင်း အိမ်ထဲကို ပြန်ဝင်သွားတဲ့အချိန်အထိ စူးရှတဲ့ မျက်ဝန်းတွေနဲ့ သိမ်မွေ့ထည် စိုက်ကြည့်နေသေးသည်။ သူ့မောင် အိမ်ထဲကိုဝင်သွားတာ သေချာပြီဆိုတဲ့အချိန်ကျမှသာ သက်လွှာရဲ့ဘက်သို့ သိမ်မွေ့ထည် မျက်နှာကို ပြန်လှည့်လိုက်၏။ စောစောက ဘရန်စိုင်းကို စိုက်ကြည့်နေတဲ့ မျက်ထောက်နီနီသည် သက်လွှာရှိရာဘက်သို့ ကူးပြောင်းသွားတဲ့အချိန်မှာတော့ချက်ချင်းကို ပြန်၍ နူးညံ့သိမ်မွေ့သွားပြန်သည်။ ထို့နောက် ပါးလှပ်လှပ်နှုတ်ခမ်းဖျားမှ ထွက်ကျလာတဲ့ စကားလုံးတွေဟာလည်း လေသံဖျော့ဖျော့လေးဖြင့်သာ။
" တီလေးကို အဲ့လောက်အထိတောင် မုန်းနေတာလား သက်လွှာ "
အသံဟာ ကြေကွဲမှုတွေဖြင့် ပြည့်နှက်လို့နေသည်။ သူ့ကိုမေးခွန်းထုတ်နေတဲ့ သိမ်မွေ့ထည်ရဲ့ မျက်နှာကို သက်လွှာ ပြန်စိုက်ကြည့်လိုက်သည်။ တကယ်တော့ ခက်ခက်ထန်ထန်ပဲ ပြန်လည်ချေပဦးမလို့ပင်။ ဒါပေမဲ့ စိုအိကြည်လဲ့နေတဲ့ ထိုအမျိုးသမီးရဲ့ မျက်ဝန်းတစ်စုံကိုမြင်တွေ့လိုက်ရတော့ ခွန်းတုံ့ပြန်ဖို့ဟန်ပြင်နေတဲ့ သူ့ရဲ့နှုတ်ခမ်းဖျားတွေက ဖွင့်ဟလို့ မရတော့ချေ။
" သက်လွှာအရင်တုန်းက အခုလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေ ပြောဆိုတတ်တဲ့ ကလေး မဟုတ်ဘူးဆိုတာကို တီလေးသိတယ် "
မျက်ရည်ကြည်များ ဝေ့ဝိုင်းနေတဲ့ ထိုအမျိုးသမီးရဲ့ မျက်ဝန်းတစ်စုံကို သူပြန်၍ စိုက်ကြည့်နေမိသည်။ သူမှားခဲ့တယ်ဆိုတာကို လက်ခံပေမဲ့လို့ ပြန်ပြီးတော့လည်း မတောင်းပန်လို။ သူ့ရင်ထဲက ခံစားချက်တွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုရှုပ်ထွေးလို့လာသည်။ အစက ဒေါသဖြစ်သည့်စိတ်၊ နောက်တော့ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနဲ့အတူ အမှားကို ပြန်၍တောင်းပန်လိုခြင်းမရှိသည့် မာန်မာနတို့ ပြည့်ကျပ်နေသည့်စိတ်။
" ဟုတ်တယ် အရင်ကတော့ အဲ့လိုတွေ မပြောတတ်ဘူး။ ဒါပေမဲ့ အခုတော့ ပြောတတ်လာပြီ။ အခုလိုတွေ ကျွန်မ ပြောင်းလဲနေတာက ရှင့်ကြောင့်လို့ပဲ ထင်တယ် "
နောက်ဆုံးတော့ သူကျူးလွန်မိခဲ့တဲ့ ဝဇီကံအမှားတစ်ခုအား ထိုအမျိုးသမီးပေါ်၌သာ ပုံချမိခဲ့ပါသည်။ ရည်ရွယ်ချက်မရှိခဲ့ပေမဲ့သို့ ထိုအမျိုးသမီးကို ထပ်ပြီးနာကျင်စေမိပြန်သည်။
ဒေါ်သိမ်မွေ့ထည် ဆိုသည့် သူမကတော့ သူ့ကို နာကျင်မှု အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းအညိုတစ်စုံနဲ့ အချိန်အတော်ကြာအောင် တွေတွေလေး ငေးကြည့်နေပါသည်။ ဘာစကားမှ ပြန်မပြောပဲနဲ့ သက်ပြင်းမျှင်းမျှင်းသာချရင်း ခေါင်းကိုညင်သာစွာ ခါယမ်းနေသည်။
" မဟုတ်သေးဘူးသက်လွှာ။ ဒေါသနဲ့ နာကျည်းမုန်းတီးမှုဆိုတာကလေ အကုသိုလ်ကို ဖြစ်ပေါ်စေတယ်။ သက်လွှာ စိတ်ကိုအေးအေးထားပြီး သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး။ အခုလိုမျိုးတွေ ဒေါသနဲ့ ပူလောင်နေရတာဟာ သက်လွှာအတွက် တကယ်ရော ထိုက်တန်ရဲ့လားဆိုတာကိုပေါ့။ သက်လွှာရဲ့ မိဘနှစ်ပါးစလုံးကို ဆုံးပါးအောင် ပြုလုပ်ခဲ့မိတဲ့ တီလေးလိုလူတစ်ယောက်အတွက်နဲ့ မင်းအကုသိုလ်တွေရပြီး ငရဲကြီးဖို့က ထိုက်တန်ရဲ့လား သက်လွှာရယ် "
သိမ်မွေ့ထည်ရဲ့ စကားအဆုံးတွင် တင်းတင်းစေ့ထားတဲ့ သက်လွှာရဲ့ နှုတ်ခမ်းပါးလေးတွေက အနည်းငယ်ပြေလျော့လို့သွားသည်။ ထိစပ်လုနီးပါး ကုတ်ထားမိတဲ့ မျက်ခုံးနှစ်ဖက်ကလည်း တဖြည်းဖြည်းပြန်ပြီး လျော့ကျသွားသည်။
အတော်လေးကြာတဲ့အထိ သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုက လွှမ်းခြုံနေခဲ့သည်။
" လာ အပေါ်တက်ကြစို့။ မိုးသက်လေတွေ တိုက်လာပြီ "
သက်လွှာရဲ့ ဘယ်ဘက်လက်မောင်းလေးကို ခေတ္တမျှ နူးညံ့စွာဆုပ်ကိုင်းပေးရင်း သိမ်မွေ့ထည် တိုးဖျော့ဖျော့လေး ပြောလိုက်သည့်အချိန်၌
" ကျောင်းပြောင်းရင် သူတို့ကို အရှုံးပေးလိုက်တာနဲ့အတူတူပဲ။ သူတို့အားလုံးကို ကျွန်မ လုံးဝအရှုံးမပေးချင်ဘူး "
မမာမပျော့တဲ့ အသံနဲ့ သက်လွှာ ပြောလိုက်တော့ နွမ်းလျနေတဲ့ သိမ်မွေ့ထည်ရဲ့ မျက်နှာပေါ်၌ တင့်တည်တဲ့အပြုံးရိပ်လေးတစ်ခု ရှပ်ပြေးသွားခဲ့သည်။
" သက်လွှာ .. မင်းသိရဲ့လား။ မင်းက သိပ်တော်တာ။ တီလေးမြင်ဖူးသမျှ လူတွေအားလုံးထဲမှာ မင်းက အရွယ်နဲ့ မလိုက်အောင်ကို အရဲရင့်ဆုံးနဲ့ အတော်ဆုံးပဲ။ အနာဂတ်မှာ မင်းက ဒီ့ထက်တောင်ပိုပြီး တော်လာဦးမှာ။ အဲ့ဒါကို တီလေးကြိုသိနေတယ် "
ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းညိုလေးတွေနဲ့ သူ့ကိုစိုက်ကြည့်ပြီး နူးညံ့သိမ်မွေ့သည့် လေသံဖြင့် ပြောပြီးတဲ့နောက်မှာတော့ သူမသည် ရှေ့မှအရင် ထွက်ခွာသွားခဲ့လေသည်။ အိမ်ပေါက်ဝရှိရာဆီသို့ ဝှီးချဲဘီးကို တရွေ့ရွေ့တွန်းသွားသည့် သိမ်မွေ့ထည်ရဲ့နောက်ကျောပြင်ကို မမှိန်မသုန်ငေးကြည့်နေရင်း ခုံတန်းရှည်အဖြူလေးပေါ်၌ သက်လွှာ ကျန်ရစ်ခဲ့တော့သည်။
X X X X X
မှန်ပြူတင်းပေါက်မှ လျှပ်စီးဝင်းခနဲလက်သွားတာကြောင့် လက်ထဲမှာကိုင်ထားတဲ့ စာအုပ်ကို သိမ်မွေ့ထည့် ပိတ်လိုက်ပြီး ပေါင်ပေါ်၌တင်လိုက်သည်။ တစ်ဖက်သို့လှည့်လိုက်တော့ ကောင်းကင်က အနည်းငယ်နီနေပြီး သိပ်မကြာခင် အချိန်တိုအတွင်းမှာပဲ မိုးရွာတော့မည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရသည်။
'ဟိုကလေးကော အခုအချိန်အထိခြံထဲမှာပဲ ရှိနေတုန်းများလား´
အတွေးထဲဖျပ်ခနဲဝင်လာတာက ချစ်သက်လွှာဆိုတဲ့ ထိုကလေးမပင်။ စိုးရိမ်စိတ်တို့ ဖုံးလွှမ်းသွားတာကြောင့် တံခါးကိုတွန်းဖွင့်လိုက်ပြီး လသာဆောင်သို့ ဝှီးချဲကိုတွန်း၍ ထွက်လာခဲ့မိသည်။ အပြင်ရောက်လို့ အောက်ကိုငုံ့ကြည့်လိုက်တော့ သူထင်ထားတဲ့အတိုင်းပဲ ထိုကလေးမက ခြံထဲကခုံတန်းရှည်လေးပေါ်မှာ ငုတ်တုတ်လေးရှိနေဆဲမို့ သိမ်မွေ့ထည် သက်ပြင်းတစ်ချက်ချမိ၏။ အရွယ်နဲ့မလိုက်ဖက်အောင်ကို ပူဆွေးသောကရောက်နေသည့် မျက်နှာငယ်လေးနဲ့ ကောင်းကင်ကိုမော့ကြည့်နေတဲ့ သက်လွှာကို သူအပေါ်စီးကနေပြီး လှမ်းမြင်နေရသည်။ ထိုကလေးရဲ့မျက်နှာလေး ညှိုးနေတာကိုမြင်ရတော့ သိမ်မွေ့ထည် စိတ်ထဲမှာ ဘယ်လိုမှနေလို့မကောင်းပါ။ ဒီကလေးဟာ အပြင်ပိုင်းမှာသာ မာကြောသလိုရှိတာ၊ တကယ့်အတွင်းစိတ်မှာကျတော့ ဒဏ်ရာဒဏ်ချက်ပေါင်း မြောက်များစွာကို ရင်ဝယ်ပိုက်ပြီး သိမ်းဆည်းထားတတ်သည့် ကလေးတစ်ယောက်ပင်။
'တကယ်လို့များ အဲ့နေ့ညက ငါသူ့မိဘတွေရဲ့ကားကို ဝင်မတိုက်မိခဲ့ရင်၊ သူ့မိဘတွေ မကွယ်လွန်ခဲ့ရင်၊ အဲ့ဒီကလေးရဲ့မျက်နှာမှာ အပြုံးလေးတစ်ခု ရှိနေဦးမလား ´
စိတ်ထဲကနေ မေးခွန်းတစ်ခုထုတ်နေမိပြီး နောက်ဆုံး၌ မိမိကိုယ်ကိုသာ အပြစ်တင်မိတော့သည်။ ကောင်းကင်က နီနေသော်လည်း မိုးက မရွာသေး။ မိုးသက်လေက တစ်ချက်တလေ တိုက်ခတ်ပေမဲ့လို့ ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါ။ ထိုကလေးကို သူလှမ်းကြည့်နေရင်း ခေါင်းထဲမှာ စဉ်းစားနေမိသည်။ သူအခုအချိန်မှာ ဘယ်လိုလေးလုပ်ပေးရင် ထိုကလေးရဲ့မျက်နှာလေး ပြန်ပြီး ရွှင်လန်းလာနိုင်မလဲလို့ပေါ့ .. ။
စဉ်းစားနေရင်းနဲ့ ခေါင်းထဲမှာ အတွေးတစ်ခုက ဖျပ်ခနဲထွက်ပေါ်လာသည်။ တိုက်ခတ်နေတဲ့လေကြောင်းက အိမ်ဘက်ကနေပြီး ခြံဝန်းဘက်သို့။ သက်လွှာ ထိုင်နေသည့်ဘက်ကို လေကြောင်းက တိုက်ရိုက်ကျနေသည်။
သူနှုတ်ခမ်းထောင့်ကို ခပ်ပြေပြေလေးတွန့်ချိုးရင်း ဝှီးချဲဘီးကို အနောက်သို့လှည့်ကာ အခန်းထဲသို့ ခပ်မြန်မြန်လေး တွန်းလာမိသည်။ အိပ်ခန်းထဲမှာရှိတဲ့ အလုပ်စားပွဲနားသို့ ဦးတည်သွားလိုက်ပြီး laptop နှင့် printer နားတွင်ရှိနေသော A4 စာရွက်ထုပ်ဆီသို့ လက်လှမ်းလိုက်သည်။ စာရွက်ထုပ်ထဲမှာ စာရွက် ၅ ရွက်လောက်ကို ယူလာပြီးသည်နှင့် အပြင်ဘက်သို့ ခပ်မြန်မြန်လေးပြန်ထွက်လာသည်။ သက်လွှာကတော့ ယခုတိုင် ခုံတန်းရှည်လေးပေါ်မှာထိုင်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း ငေးငိုင်နေဆဲပါ။
A4 စာရွက်လေးတွေကို စက္ကူလေယာဉ်ပျံလေးတွေအဖြစ်သို့ အသွင်ပြောင်းသွားအောင်လို့ သိမ်မွေ့ထည် ဖန်တီးလိုက်သည်။ ငယ်ငယ်ထဲက စက္ကူနဲ့ ခေါက်တတ်တဲ့အရုပ်ဆိုလို့ လေယာဉ်ပျံနှင့် လှေပဲရှိသည်လေ။ ယခုတော့ တတ်မြောက်ထားတဲ့ ပညာရပ်ကို ပြန်အသုံးချခွင့်ရခဲ့ပြီပေါ့။
စီးကရက်ပြာခွက်တင်ထားတဲ့ မှန်စားပွဲဝိုင်းလေး ပေါ်၌ စက္ကူနဲ့ပြုလုပ်ထားတဲ့ လောယာဉ်ပျံအရုပ်လေး ၅ ခုရှိနေသည်။ တစ်ခုကို အရင်ယူလိုက်ပြီး ကြွေပွတ်လုံးများဖြင့် ဖန်တီးထားတဲ့ လက်တန်းနားသို့ ဝှီးချဲဘီးကို သိမ်မွေ့ထည် ပို၍ တိုးကပ်လိုက်သည်။ ထို့နောက် လေအနည်းငယ်တိုက်ခတ်သည့်အချိန်ကို စောင့်၍ သက်လွှာ ရှိရာထံသို့ အားကုန်သုံးပြီး စက္ကူလေယာဉ်ပျံလေးကို လေပေါ်သို့ လွတ်တင်လိုက်၏။ စက္ကူလေယာဉ်ပျံလေးဟာ လေထဲမှာ တလွင့်လွင့်ပျံဝဲ၍ ခြံထဲသို့ ကျသွားသည်။ သို့ပေမဲ့ သက်လွှာထိုင်နေတဲ့ နေရာနားသို့ မဟုတ်။ ရေပန်းရဲ့ ဘေးနားသို့ကျသွားခဲ့ခြင်းပင်။
သိမ်မွေ့ထည် ဇွဲမလျော့သေးပဲ ဒုတိယတစ်ခုကို ထပ်မံလွှင့်တင်လိုက်ပြန်သည်။ ဒီတစ်ခုသည်လည်း ရေပန်းနားက ကျောက်ပန်းပုရုပ်ထုကြီးရဲ့ ရှေ့တည့်တည့်သို့ ကျသွားသည်။ သက်လွှာ ရှိသည့်နားသို့ရောက်ရန် သိပ်တော့ မလိုတော့။ ဒီလိုနှင့် တစ်ခုပြီးတစ်ခု လွှတ်တင်နေတာ ခေါက်ထားတဲ့ စက္ကူရုပ်တွေ အကုန်လုံး ကုန်သာသွားသည်။ သက်လွှာကတော့ မမြင်သေး။
'ကျွတ်စ်´ တစ်ချက်သပ်လိုက်ရင်း သူစိတ်အလိုမကျစွာဖြင့် အခန်းထဲသို့ပြန်ဝင်၍ A4 စက္ကူထုပ် တစ်ထုပ်လုံးကို ပေါင်ပေါ်၌တင်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။ သက်လွှာ များ အထဲပြန်ဝင်သွားပြီလားဆိုပြီး သူ့ခမျာ အောက်ကို အရင်ငုံ့ကြည့်ရသေးသည်။ ထိုကလေးငုတ်တုတ်လေး ရှိနေသေးတာကို မြင်ရတော့မှ စက္ကူတစ်ရွက်ထုတ်လိုက်၊ လေယာဉ်ပျံအရုပ်ခေါက်လိုက်၊ လေထဲသို့ ပစ်လွှတ်လိုက်ဖြင့် သိမ်မွေ့ထည် အလုပ်ရှုပ်နေခဲ့သည်။
လျှပ်စီးတွေက ပို၍လက်လာပြီး ကောင်းကင်ကြီးက ပိုမိုနီရဲလာသည်။ လေကလည်း ယခုမှ ပိုပြီးထန်လာ၏။
'ကျေးဇူးပြုပြီး ဒီတစ်ခေါက်တော့ သူ့ရှေ့တည့်တည့် ကျပါတော့´
မပစ်ခင် မျက်စိစုံပိတ်ပြီး သူအရင်ဆုတောင်းနေမိသည်။ မကြာခင် မိုးရွာတော့မည်လေ။ သူ့မှာ အခွင့်အရေးရဖို့ အချိန်သိပ်မကျန်တော့။ တိုက်တိုက်ဆိုင်ဆိုင် သူဒီတစ်ခေါက် ပစ်တင်လိုက်သည့်အချိန်၌ လေကြောင်းက အလိုက်သင့်လေးတိုက်ခတ်လာတာမို့ စက္ကူလေယာဉ်ပျံရုပ်လေးက လေထဲ၌ လှလှပပပျံဝဲကာ သက်လွှာရဲ့ မြင်ကွင်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားတော့သည်။
" Yes "
ဆယ်ကျော်သက်အရွယ်တုန်းကလိုမျိုး စိတ်လှုပ်ရှားမှုများစွာဖြင့် လက်သီးကိုဆုပ်ကာ အပေါ်သို့မြှောက်၍ 'Yes´ ဟူပြီး လုပ်လိုက်မိသည့်သူက သိမ်မွေ့ထည်ပင်။ ထိုကလေးက သူပစ်လွှတ်ပေးလိုက်တဲ့ လေယာဉ်ပျံအရုပ်လေးကို တအံ့တသြဖြင့် ငေးကြည့်နေသည်လေ။ ဒီမြင်ကွင်းလေးက အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူ့ကို စိတ်လှုပ်ရှားမှု အပြည့်အဝ ပေးစွမ်းနိုင်သတဲ့လား။
" အဟမ်း "
အနောက်မှ ချိုမာရဲ့ချောင်းဟန့်သံကို ကြားလိုက်ရတာကြောင့် သူအနည်းငယ်လန့်သွားသည်။ ဝှီးချဲဘီးကို အမြန်ရွှေ့၍ အနောက်သို့ တည်ငြိမ်တဲ့ မျက်နှာထားဖြင့် လှည့်လိုက်ချိန်၌ ချိုမာက သူ့အား ပြုံးစိစိမျက်နှာဖြင့် စိုက်ကြည့်နေလေရဲ့။ သူရှက်သွားပေမဲ့လို့ မျက်နှာကိုအတတ်နိုင်ဆုံးတည်ထားရင်း
" သံပုရာရည်လာပေးတာလား ချိုမာ "
" ဟုတ်ပါတယ် မမလေး "
ချိုမာက စပ်ဖြီးဖြီးဖြစ်နေတဲ့ မျက်နှာကို ချက်ချင်းမျက်နှာပိုးသတ်ရင်း ရယ်ချင်စိတ်ကိုထိန်း၍ ပြန်ဖြေသည်။
" အေးအေး ခုတင်ဘေးက စားပွဲပေါ်မှာပဲတင်ခဲ့လိုက် ချိုမာ "
ပြောလည်းပြော လက်ကလည်း ဝှီးချဲဘီးကို ခပ်မြန်မြတ်လှိမ့်၍ ချိုမာ့ရဲ့ဘေးမှဖြတ်ကာ အခန်းထဲသို့ ရှေ့မှ ဦးစွာ ဝင်လာလိုက်၏။ အထဲရောက်တော့မှ
" ချိုမာ .. "
" ရှင် မမလေး "
ချိုမာက စားပွဲပေါ်၌ သံပုရာရည်ခွက်ကို ချရင်းသူ့ဘက်သို့ ခေါင်းပြန်လှည့်ကြည့်ရင်း ဖြေလေသည်။
" မိုးရွာတော့မယ်။ သက်လွှာက အခုထိ ခြံထဲမှာ ထိုင်နေတုန်း။ အဲ့ဒါသူ့ကို အပေါ်တက်ဖို့ ချော့မော့ပြီး သွားခေါ်လိုက်ပါဦးကွယ် "
" သြော် ဟုတ်ဟုတ် မမလေး "
ချိုမာက ခေါင်းညိတ်ပြီး အခန်းအပြင်ပြန်ထွက်ဖို့ ဟန်ပြင်နေစဉ်တွင်
" ခဏ ချိုမာ .. "
" ဟုတ် မမလေး "
" မမ ခေါ်ခိုင်းလို့ သွားခေါ်တဲ့ပုံစံမျိုး မဖြစ်စေနဲ့နော် "
သူမှာတာကို ချိုမာက သဘောပေါက်သွားဟန်ဖြင့် တစ်ချက်ပြုံးရယ်လိုက်ပြီးတော့မှ အခန်းပြင်သို့ ခပ်သုတ်သုတ်လေး ထွက်သွားပါတော့သည်။ ချိုမာ ထွက်သွားမှပဲ အပြင်က စားပွဲပေါ်မှာ ကျန်ရစ်ခဲ့တဲ့ A4 စက္ကူထုပ်ကို သတိရမိတော့သည်။ ထိုအခါမှ တစ်ချက်လေးပြုံး၍ ခေါင်းကို အကြိမ်ကြိမ်သာ ခါယမ်းနေမိတော့သည်။
X X X X X
ကောင်းကင်မှာ ဖျပ်ခနဲ ဖျပ်ခနဲ လင်းလက်နေတဲ့ လျှပ်စီးကြောင်းတွေကို ချစ်သက်လွှာ အဓိပ္ပာယ်မဲ့စွာဖြင့် ငေးငေးငိုင်ငိုင် မော့ကြည့်နေမိသည်။ အရင်ကဆိုလျှင် လျှပ်စီးလက်ပြီး မိုးခြိန်းတာကို သူတအားကြောက်သည်လေ။ ဒါပေမဲ့အခုတော့ ကြောက်စိတ်လုံးဝ မရှိပြီ။ မိုးကြိုးပစ်ချလိုက်လို့ သေသွားမယ်ဆိုရင်လည်း သိပ်ကောင်းမှာပဲလို့ စိတ်ထဲကနေ အကြိမ်ကြိမ်ရေရွတ်နေမိဆဲ။ မိုးနတ်မင်းကတော့ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမဲ့ပုံမပေါ်။ သူ,မလိုချင်သော၊ ကမ္ဘာပေါ်မှာ လုံးဝမလိုလားပါသော အရာကိုသာ ဖြည့်ဆည်းပေးခဲ့ကြသည်မဟုတ်ပါလား။ ဖေဖေနဲ့ မေမေသာ အခုအချိန်အထိ ရှိနေသေးရင် သိပ်ကောင်းမည်။ တစ်ခါလောက်လေး အားရပါးရဖက်ပြီး ငိုချင်ပါသေးသည်။ အခုတော့ ငိုချင်သော်လည်း ရင်ထဲအောင့်သက်သက်နှင့် မျက်ရည်က မထွက်ချေ။ နေရတာ အတော်လေးကို ဆိုးဝါးလှ၏။
လေကပိုပိုပြီးတိုက်ခတ်လာသည်။ လက်မောင်းသားလေးတွေ အေးစက်လာပြီး ချမ်းစိမ့်လာပေမဲ့လို့ သူအထဲကို မဝင်ချင်သေးပေ။ ရဲတိုက်နဲ့တူတဲ့ ထိုအိမ်ဖြူကြီးထဲကို ပြန်ဝင်ရမှာ သူအတော်လေးကို စိတ်လေးလံနေမိပါသည်။
" ဟူး ... "
ဒီညအတွက် ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းကို ထပ်မံချမိပြန်ပြီ။ ခေါင်းကို အောက်သို့ ငိုက်စိုက်ချထားပြီး အပေါ်သို့ ပြန်မော့၍ ကောင်းကင်နီနီကြီးကို ငေးကြည့်မိပြန်သည်။
ဤအချိန်၌ သူ့ရဲ့မြင်ကွင်းထဲသို့ ရောက်ရှိလာတဲ့ အဖြူရောင်စက္ကူ လေယာဉ်ပျံလေးတစ်ခု။ လေထဲမှာ နိမ့်လိုက်မြင့်လိုက်ဖြင့် သူရှိနေသည့်နေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဆင်းသက်လာသည့် စက္ကူလေယာဉ်ပျံလေးတစ်စီး။ အေးစက်နေတဲ့ သူ့ရဲ့ ခြေချောင်းလေးတွေအပေါ်သို့ ဆင်းသက်လာတဲ့ ထိုစက္ကူလေယာဉ်ပျံလေးကို သူအချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ကောက်ယူလိုက်မိသည်။ ထို့နောက်အပေါ်ကို ပြန်၍မော့ကြည့်မိသည်။ တစ်ဆက်ထဲမှာပဲ သူ့မျက်ဝန်းတွေက အိမ်ဖြူကြီးရဲ့ အပေါ်ထပ်မှ လသာဆောင်ဆီသို့ ရောက်ရှိသွား၏။ ဘယ်သူမှ ရှိမနေပဲ လစ်ဟာနေတဲ့ လသာဆောင်ရဲ့ အထီးကျန်ဆန်ဖွယ်ရာ မြင်ကွင်းကိုသာ သူမြင်တွေ့ခဲ့ရသည်။ ဒါပေမဲ့ စိတ်ထဲတော့ သူအလိုလိုသိနေ၏။ ထိုလေယာဉ်ပျံလေးရဲ့ ဖန်တီးရှင်က မည်သူဆိုတာကိုပေါ့။
" လက်ရာကလည်း ညံ့လိုက်တာ။ ၅ နှစ်ကလေးလုပ်တာကမှ ဒီ့ထက်ပိုပြီး သပ်ရပ်ဦးမယ် "
တိုးဖွဖွရေရွတ်လိုက်ပေမဲ့လို့ ခါတိုင်းကဲ့သို့ မျက်မှောင်ကြီးကို ကြုတ်မထားမိတော့ပါ။ အပြုံးအရယ်မရှိပေမဲ့လို့ သူ့မျက်နှာလေးက တိမ်များလွင့်စင်သွားပြီဖြစ်တဲ့ ဝင်းပနေသည့် လမင်းလေးကဲ့သို့ပင်။ ကြည်လင်နေ၏။ ရင်ထဲမှ အပူရိပ်များက လာမဟပ်တော့တာကြောင့် အေးချမ်းသည့် အရိပ်အယောင်တို့ စတင်ရှပ်ပြေးနေချေပြီ။
" သက်လွှာရေ။ ညီမလေး အထဲဝင်ကြရအောင်လား။ အပြင်မှာ လေတွေတော်တော်တိုက်နေပြီနော် .. ခဏနေရင် မိုးရွာလာတော့မယ်ထင်တယ် "
ဟိုအမျိုးသမီးကဲ့သို့ ချိုသာတဲ့ အသံပိုင်ရှင်မဟုတ်သော်လည်း နွေးထွေးတဲ့ မေတ္တာတရား၊ လူသားဆန်မှုတွေ ပါဝင်နေသည့် အစ်မချိုမာ၏ ခေါ်သံလွင်လွင်ကို သူကြားလိုက်ရသည်။
အစ်မချိုမာက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ သူ့ဆီလျှောက်လာပြီး သူ့ပခုံးကိုလာဖက်သည်။ ဒီကိုရောက်လာတာ သိပ်မကြာသေးပေမဲ့လို့ အစ်မချိုမာနဲ့တော့ သူအနည်းငယ် ရင်းနှီးနေပါပြီ။ အစ်မချိုမာက ထိုအိမ်ကြီးထဲမှာ သူဆက်ဆံရတာ သက်တောင့်သက်သာ အရှိဆုံးလူသားတစ်ဦးပဲလေ။
" လာ တက်ကြစို့ "
" ဟုတ်ကဲ့ အစ်မ "
" မအိပ်ခင် နွားနို့ပူပူလေးသောက်ချင်သေးလား။ အစ်မ ညနေက နွားနို့တွေ ဝယ်လာတယ်။ မနက်ကျရင် နို့ဆမ်းပေါင်မုန့်လုပ်ပေးမလို့လေ "
" သြော် ဟုတ်ကဲ့။ ဒီညတော့ မသောက်တော့ပါဘူး အစ်မ ကျေးဇူးပါနော်။ ထမင်းစားထားတာတောင် ဗိုက်က မချောင်ချင်သေးဘူးဖြစ်နေတာ "
" ဟုတ်လား .. အစာမကြေလို့များလား။ အစ်မဆီမှာ ဆင်တုံးမနွယ်အစာကြေဆေးတောင့်လေးတွေရှိတယ် စားမလား "
" ဟုတ် နည်းနည်းယူစားမယ်လေ "
" အေးအေး အပေါ်ရောက်ရင်ပေးမယ် "
နှစ်ယောက်သား စကားတပြောပြောဖြင့် အိမ်ထဲသို့ပြန်ဝင်လာကြသည်ကို အပေါ်ကနေ သိမ်မွေ့ထည်ဆိုသည့် အမျိုးသမီးလှမ်းကြည့်နေတယ်ဆိုတာကိုတော့ သက်လွှာ မသိခဲ့သလို .. ။
ထိုညက လက်ထဲမှာယူဆောင်လာတဲ့ စက္ကူလေယာဉ်ပျံလေးအား သက်လွှာ မလွင့်ပစ်ခဲ့ပဲ .. ၊ ဖတ်စာအုပ်တစ်အုပ်ရဲ့ ကြားထဲ၌ ညှပ်၍ သိမ်းဆည်းထားခဲ့တယ်ဆိုတာကိုလည်း သိမ်မွေ့ထည် လုံးဝမသိခဲ့ပေ .. ။
X X X X X
To be continue 😁
ဇာတ်လမ်းလေးက အခုမှ အစပျိုးမှာပါ ❤️