Elegant
By JE_Rain
216K 21.5K 2.3K
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) More
1 (Unicode)
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
8 (Zawgyi)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
12 (Zawgyi)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
19 (Zawgyi)
20 (Unicode)
20 (Zawgyi)
21 (Unicode)
21 (Zawgyi)
22 (Unicode)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
28 (Zawgyi)
29 (Unicode)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)
40 Final (Unicode)
40 Final (Zawgyi)
3 (Unicode)
4.2K 499 28
By JE_Rain
" မမတို့ ဒီကလေးကို အိမ်ကိုခေါ်ထားမှပဲ ဖြစ်တော့မယ်ထင်ပါတယ် "
" ဟာ ... ဖြစ်ပါ့မလား မမရဲ့။ သူက မမကို စိတ်ခုနေတဲ့ဟာကို။ သူလည်း လိုက်နေချင်မှာ မဟုတ်ဘူး မမ "
ခုတင်ပေါ်တွင် ဆေးပုလင်းတန်းလန်းဖြင့် ငြိမ်သက်စွာ လှဲလျောင်းနေသော ချစ်သက်လွှာကို ကြည့်ပြီး သူပြောလိုက်တော့ စိုင်းက ကန့်ကွက်သည်။
" အဲ့ဒီအိမ်မှာ အဖော်မရှိပဲ သူ့တစ်ယောက်ထဲ ထားလို့ မဖြစ်ဘူး စိုင်းရဲ့။ ဘာပဲဖြစ်ဖြစ် မမမှာ ဒီကလေးရဲ့ မိဘတွေကိုယ်စား ကာကွယ်စောင့်ရှောက်ပေးရမဲ့ တာဝန်အပြည့်ရှိတယ်။ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ပြီဆိုတဲ့ အချိန်တစ်ခုအထိပေါ့။  အခုလတ်တလောတော့ သူလည်း နေမကောင်းဖြစ်နေချိန်မို့ ခေါင်းမာပြီး ကလန်ကဆန် လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ သူသတိရလာတဲ့အခါ မမ အကျိုးသင့် အကြောင်းသင့် ရှင်းပြရင်တော့ ဒီကလေးလက်ခံလောက်မှာပါ။ စိုင်းက အခုသူ့အိမ်ကိုသွား။ ပြီးတော့  ဘေးအိမ်ကအစ်မကို အကူအညီတောင်းပြီး ဒီကလေးဝတ်နေကျ အဝတ်အစားလေးတွေကို ထည့်ပေးလိုက်ဖို့ ပြောပေးပါ။ ဆေးရုံကဆင်းရင်လည်း မမတို့ပဲ ခဏအိမ်မှာခေါ်ထားမယ်ဆိုတဲ့ အကြောင်းကိုလည်း ဘေးအိမ်ကအစ်မကိုရော လမ်းလူကြီးနဲ့ ရပ်ကွက်ရုံးက လူကြီးတွေကိုပါ ဝင်အသိပေးခဲ့ဦး။ သေချာလေး အကျိုးသင့် အကြောင်းသင့် ပြောပြခဲ့လိုက်နော် စိုင်း "
" ဟုတ်ကဲ့ပါ မမ ... ဒါဆို မမ ဒီမှာပဲ နေခဲ့မှာလား။ ဒါမှမဟုတ် အိမ်က ဒေါ်ဒေါ်မြကို လာစောင့်ခိုင်းထားပြီး မမအိမ်ကိုပြန် အနားယူချင်လား "
စိုင်း မေးတော့ ခုတင်ပေါ်မှာ ဖြူဖြူဖျော့ဖျော့မျက်နှာလေးနဲ့ ငြိမ်သက်လျက်ရှိတဲ့ ကောင်မလေးရဲ့ဘက်ကို သူတစ်ချက်လှည့်ကြည့်မိသည်။ ထို့နောက် လေးလံသောစိတ်နဲ့ သက်ပြင်းမျှင်းမျှင်း ချရင်း ခေါင်းခါယမ်းပြလိုက်၏။
" ဟင့်အင်း။ မမကိုယ်တိုင်ပဲ စောင့်နေပေးလိုက်မယ်။ လုပ်စရာရှိတာ ဖြည်းဖြည်းချင်းလုပ်ပြီးမှ ဒီကို စိုင်း ပြန်လာခဲ့လိုက်ပါ။ မလာခင် အိမ်ပြန်ပြီး ဒေါ်ဒေါ်မြကို တစ်ခါတည်းဝင်ခေါ်ခဲ့လိုက်နော် "
" ဟုတ်ကဲ့ပါ မမ .. "
X     X    X    X    X
မျက်လုံးထဲ ဝိုးတဝါးဝင်ရောက်လာတဲ့ စူးရှရှမီးအလင်းရောင်ကြောင့် ချစ်သက်လွှာ မျက်တောင်ကို ပုတ်ခတ်ကစားနေမိသည်။
" သတိရလာပြီလား သက်လွှာ ... ဘယ်လိုနေသေးလဲ ? "
ညင်သာစွာ နားထဲသို့ တိုးဝှေ့ဝင်ရောက်လာသည့်အသံဟာ မေတ္တာဓာတ်အပြည့်ဖြင့်ပင်။ သို့ပေမဲ့ သိမ်မွေ့ထည်ဆိုတဲ့ အမျိုးသမီးဆီကနေတော့ ချစ်သက်လွှာ ထိုမေတ္တာတွေကို မလိုချင်ခဲ့ပါ။
" ရှင့်မျက်နှာကိုမြင်ရပြီး စိတ်အနှောက်အယှက်ဖြစ်သွားတာကလွဲလို့ ကျန်တာအကုန်အဆင်ပြေတယ် "
သူပြောလိုက်တော့ ထိုအမျိုးသမီးရဲ့ တောက်ပနေတဲ့ မျက်ဝန်းညိုတွေထဲ၌ ဝမ်းနည်းသည့် အရိပ်အယောင် အနည်းငယ်ဖုံးလွှမ်းလို့သွားသည်။ သို့ပေမဲ့ တစ်စက္ကန့်မျှသာ။ အဲ့ဒီနောက်တွင်တော့ ထိုအမျိုးသမီးက သူ့ကို ပြုံးပြ၏။ မုန်းသည်။ ထိုအမျိုးသမီးရဲ့ အပြုံးတွေဟာ ဘယ်လောက်ပင်လှနေပါစေ .. သူ့ကိုခနဲ့နေသည်ဟု ခံစားရတာကြောင့် ထိုလှပသည့် အပြုံးကို သူအင်မတန်မှကို မုန်းပါသည်။
" အသံက မာသေးသားပဲ။ သိပ်မဆိုးလှပါဘူး .. နေဦး တို့ဆရာဝန်ခေါ်ပေးမယ် "
သူ့ကို ပြုံးပြုံးလေးပြောပြီးတဲ့နောက်တွင် ခုတင်ခေါင်းရင်းနားမှာရှိနေသည့် ခလုပ်ကို နှိပ်နိုင်ဖို့အတွက် ဒေါ်သိမ်မွေ့ထည်ဟာ ခက်ခက်ခဲခဲ ကြိုးစားနေပါသည်။ ခလုပ်က လက်တစ်လှမ်းထက်ပိုမြင့်နေသဖြင့် သူမအတွက် အခက်တွေ့နေသည်လေ။
" sorry ... ဆရာဝန်ခေါ်ဖို့အတွက် ခလုပ်ကိုနှိပ်ဖို့ တို့လက်နဲ့မမီဘူးဖြစ်နေတယ်။ မင်းအခုဘယ်လိုနေလဲ ခေါင်းတအားကိုက်နေသေးလား။ ဒါမှမဟုတ် ကိုယ်တွေလက်တွေ နာကျင်ကိုက်ခဲနေသလား "
ဂရုဏာသက်သည့် မျက်ဝန်းတွေနဲ့ ကြည့်ရင်း သက်လွှာကို သိမ်မွေ့ထည် မေးလိုက်တော့ သက်လွှာက မကြားဟန်ဆောင်ပြီး နံရံဘက်သို့ လှည့်သွား၏။ သိမ်မွေ့ထည်ကို မျက်နှာချင်းမဆိုင်လို၍ ကျောပေးထားခြင်းပင်။ သက်လွှာရဲ့စကားနဲ့ အပြုအမှုတွေက သိမ်မွေ့ထည်ရဲ့ စိတ်ကို အနည်းငယ်တော့ နာကျင်စေသည်။ မည်သူ့ရဲ့ အပြုအမှု၊ စကားကြောင့်မှ ဝမ်းမနည်းဖူးခဲ့သည့် သိမ်မွေ့ထည်ဟာ ချစ်သက်လွှာဆိုတဲ့ ကောင်မလေးတစ်ယောက်ကြောင့် ဝမ်းနည်းဖူးခဲ့ရလေပြီ။
" သက်လွှာ .. မင်းတို့ကို နာကြည်းမုန်းတီးနေတယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ မင်းနေမကောင်းဖြစ်နေတဲ့အချိန်မျိုးမှာတော့ တို့ကို ပြုစုစောင့်ရှောက်ခွင့် ပြုပါကွယ် "
" ရှင့်ဆီက စောင့်ရှောက်မှုကို ခံယူမဲ့အစား ကျွန်မသေပဲ သေပစ်လိုက်မယ်။ ကိုယ့်မိဘတွေကို သတ်ခဲ့တဲ့လူရဲ့ ပြုစုစောင့်ရောက်မှုကို ခံယူရအောင် ကျွန်မက အသိဥာဏ်မဲ့နေတဲ့ တိရိစ္ဆာန်မဟုတ်ဘူး ဒေါ်သိမ်မွေ့ထည် "
နံရံကို မျက်နှာမူထားရင်း ချစ်သက်လွှာသည် ဒေါသပါဝင်နေသည့်အသံမျိုးဖြင့် နာနာကျည်းကျည်းပြောချလိုက်သည်။ ရင်ထဲဆစ်ခနဲဖြစ်သွားသည့် ခံစားချက်နှင့်အတူ သိမ်မွေ့ထည် တစ်ခုခုပြန်ပြောရန် နှုတ်ခမ်းတစ်စုံကို ဖွင့်ဟလိုက်သည်။ ဒါပေမဲ့ ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်နေ၏။ ကိုယ့်ကိုနာကျည်းမုန်းတီးနေတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အတွက် သူ့မှာ နှစ်သိမ့်ပေးစရာ စကားလုံးမရှိတော့ပြီ။
" ဟင်း ... "
သိမ်မွေ့ထည် သက်ပြင်းတစ်ချက်ကိုသာ လေးလေးပင်ပင်ချမိပြန်သည်။ ထို့နောက် ဘာဆိုဘာတစ်ခွန်းမျှ မပြောပဲ ငြိမ်သက်နေလိုက်သည်။ သိမ်မွေ့ထည်ဆီမှ ဘာစကားမှမကြားရတော့တာကြောင့် ချစ်သက်လွှာလည်း ငြိမ်သက်တိတ်ဆိတ်သွားလေသည်။ သို့သော်လည်း ချစ်သက်လွှာရဲ့ မျက်ရည်စက်တွေဟာ ပါးပြင်ကိုဖြတ်သန်းစီးဆင်းရင်း ခေါင်းဦးဖြူဖြူပေါ်သို့ တပေါက်ပေါက်ကျဆင်းလို့နေသည်။ ခေါင်းဦးကိုလက်ဖြင့်ဆုပ်ထားရင်း ချစ်သက်လွှာ အသံမထွက်အောင် ငိုကြွေးလို့နေ၏။ အသံမထွက်သော်လည်း တုန်ယင်နေတဲ့ ကျောပြင်ကိုမြင်နေရသည့် သိမ်မွေ့ထည်ကတော့ ချစ်သက်လွှာ ရှိုက်ငိုနေတယ်ဆိုတာကို သိနေသည်။ နှစ်သိမ့်ပေးဖို့ လက်တစ်ဖက်ကို လှမ်းလိုက်သော်လည်း သူမရဲ့လက်က ချစ်သက်လွှာရဲ့ ကျောပြင်ကို မထိခဲ့ပေ။ ဝမ်းနည်းစွာဖြင့် သက်ပြင်းတစ်ချက် ထပ်မံချလိုက်ပြီး လက်ကိုပြန်ရုတ်သိမ်းလိုက်လေသည်။
'တို့တကယ်တောင်းပန်ပါတယ် သက်လွှာရယ်´
နှုတ်မှပြောလျှင် တန်ဖိုးမဲ့သွားမည့်စကားတစ်ခွန်းကို သိမ်မွေ့ထည် ဖွင့်ဟမပြောဖြစ်တော့ပေ။ တောင်းပန်စကားပြောလည်းပဲ ဒီကလေးအတွက် နှစ်သိမ့်ရာမရောက်ဘူးဆိုတာကို သူသိနေသည်။ ဒီလိုနှင့် အခန်းထဲ၌ Air con မှထွက်ပေါ်နေသော အသံကလွှဲ၍ တခြားဘာအသံမှမကြားရပဲ တိတ်ဆိတ်မှုက ဖုံးလွှမ်းလျက်ရှိ၏။ 
" မေမေနဲ့ ဖေဖေ သက်လွှာကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့။ သက်လွှာကြောက်လို့ပါ "
ငြိမ်သက်နေတဲ့ ကျောပြင်လေးကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ပေးနေသည့် သိမ်မွေ့ထည်သည် သက်လွှာရဲ့ ယောင်ယမ်းရေရွတ်သံကို ကြားလိုက်မိပြီး ရင်ထဲသိမ့်ခနဲ နာကျင်သွားလေသည်။ သူဒီခံစားချက်ကို သိပါသည်။ လောကမှာ ခိုလှုံအားကိုးစရာလူ မရှိတော့တဲ့ခံစားချက်ကို သိမ်မွေ့ထည် ကောင်းကောင်းကြီးသိ၏။
" ဟင်း ... သက်လွှာရယ်။ ကံတရားက မင်းအပေါ်မှာရော ငါ့အပေါ်မှာပါ ငဲ့ညှာမှုမရှိခဲ့ဘူးကွယ်။ သိပ်ကိုရက်စက်လွန်းတယ် "
ယောင်ယမ်းနေရင်းမှ ဒီဘက်သို့ လူးလွန့်ပြီး ပြန်လှည့်လာသည့် သက်လွှာရဲ့လက်လေးကို သူဖွဖွလေးဆုပ်ကိုင်ပေးထားမိ၏။ စစ်မှန်တဲ့ သူ့ရဲ့မေတ္တာတရားနဲ့ ထိုကောင်မလေးရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးချင်မိပါသည်။ သို့သော်လည်း တစ်ဖက်သားက သူ့ကိုနာကြည်းမုန်းတီးလွန်းနေသည်ဆိုတော့ သိမ်မွေ့ထည် ဘယ်လိုရှေ့ဆက်ရမှန်းမသိပဲ လမ်းစပျောက်နေလေသည်။
X    X    X    X    X
သက်လွှာနိုးလာသည့်အချိန်တွင် သူ့လက်ကို နွေးထွေးသောလက်တစ်စုံဖြင့် ဆုပ်ကိုင်ပေးထားရင်း ခုတင်စောင်း၌ ခေါင်းလေးမှီ၍ မှေးစက်နေသည့် သိမ်မွေ့ထည်ကို မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးဟာ အိပ်စက်နေသည့်အချိန်မှာတောင် ဘာတွေကို အလိုမကျဖြစ်နေသည်မသိ။ ဖြောင့်တန်းတဲ့ မျက်ခုံးနက်နက်တွေကို တွန့်ချိုးလို့ထားသည်။ နို့ရည်ကဲ့သို့ ဖွေးဆွတ်နေတဲ့ ပါးပြင်နဲ့ အပေါ်နှုတ်ခမ်းအနီးတစ်ဝိုက်၌ မွှေးညှင်းလေးတွေပေါက်နေသည့် ထိုအမျိုးသမီးဟာ အင်မတန်မှကို လှပကြော့ရှင်းလွန်းသည်။ အထူးသဖြင့် သူမရဲ့အညိုရောင်မျက်ဝန်းတွေက နွေးထွေးကြင်နာမှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုကိုလည်း သက်လွှာ သတိထားမိပါသည်။ သို့သော်လည်း ထိုအမျိုးသမီးကို မုန်းတီးနေသည့် သူ့ရဲ့စိတ်တွေကို ထိန်းချုပ်လို့မရသေးပါ။ မတော်တဆ အက်စီးဒင့်ဖြစ်ပွားခဲ့တယ်ဆိုရင်တောင်မှ ထိုအမျိုးသမီးဟာ သူ့မိဘတွေကို သူ့ဆီကနေ ဟိုးအဝေးကြီးသို့ ဆွဲခေါ်ထုတ်သွားခဲ့တဲ့ သေမင်းတစ်ပါးပဲဖြစ်၏။
ဦးနှောက်က အချက်ပြနေတာကြောင့် သူ့လက်ကို ဖွဖွလေးဆုပ်ကိုင်ပေးထားတဲ့ သိမ်မွေ့ထည်ရဲ့လက်ကို သက်လွှာပုတ်ချပစ်လိုက်မိသည်။ သိမ်မွေ့ထည်လည်း နိုးလာပြီး သက်လွှာရဲ့မျက်နှာကို အညိုရောင် ဂရုဏာမျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်လို့နေပြန်သည်။ နှုတ်မှမေးခွန်းမထုတ်ပေမဲ့လို့ သူမရဲ့မျက်ဝန်းတွေကတော့ 'ဘယ်လိုနေသေးလဲ သက်သာရဲ့လား´ ဟုမေးမြန်းနေသလိုပင်။
" ကျွန်မအိမ်ပြန်ချင်တယ်။ အိမ်ကိုပဲ ပြန်ပို့ပေးပါ "
သက်လွှာမျက်မှောင်ကိုကြုတ်ထားရင်း ပြောလိုက်တော့ သိမ်မွေ့ထည်ရဲ့ အိစက်ပြည့်ဖောင်းနေတဲ့ နှုတ်ခမ်းဖျားလေးတွေဟာ အနည်းငယ်မျှ ပွင့်ဟသွားလေသည်။ ဒါပေမဲ့လည်း ဘာမှမပြောပဲ နှုတ်ခမ်းကိုပြန်သွား၏။ တအောင့်ကြာမှ .. ။
" အင်းပါ။ တို့ဆရာဝန်တွေကို မေးမြန်းကြည့်ပေးပါ့မယ်။ သူတို့က ဆေးရုံက ပြန်ဆင်းလို့ရပြီလို့ပြောရင် တို့ကိုယ်တိုင်ပြန်လိုက်ပို့ပေးပါ့မယ် "
အခန်းအပြင်ဘက်သို့ ဝှီးချဲဘီးကိုလက်ဖြင့်တွန်းရင်း ထွက်သွားတဲ့ သိမ်မွေ့ထည်ကို ငေးကြည့်ရင်း သက်လွှာအခန်းထဲ၌ တစ်ယောက်တည်းကျန်ရစ်ခဲ့လေသည်။ တကယ်တော့ သူကြောက်နေသည်။ တိတ်ဆိတ်လွန်းပြီး မည်းမှောင်နေတဲ့ အိမ်ငယ်လေးထဲ၌ ညတစ်ညကို ထပ်မံကျော်ဖြစ်ရမှာကို သူကြောက်ရွံ့လွန်းလှသည်။ ဖေဖေ၊ မေမေတို့မရှိတော့တဲ့ ထိုတိုက်အိမ်အပုလေးက သူ့အတွက်တော့ အမှောင်ကမ္ဘာလောကတစ်ခုရဲ့ အသွင်သဏ္ဍာန်နှင့်တူလွန်းလှ၏။
X    X    X    X    X
ဆရာဝန်က အခြေအနေလာကြည့်ပြီးတဲ့နောက်မှာတော့ 'သက်သာနေပြီဆိုတော့ အိမ်မှာပြန်နားချင်တယ်ဆိုလည်း ရပါတယ်´ ဟုပြောပြီး ဆေးရုံဆေးခွင့်ပေးခဲ့သည်။ ဆေးရုံသို့ ဘရန်စိုင်းနှင့်အတူ ဒေါ်ဒေါ်မြတို့ ရောက်လာကြသည့်အချိန်မှာတော့ အားလုံးရဲ့ရှေ့မှာတင် သက်လွှာကို သိမ်မွေ့ထည် မေးခွန်းတစ်ခွန်းမေးလိုက်လေသည်။
" တို့ကတော့ မင်းကို သေသေချာချာလေး ပြန်ကျန်းမာလာတဲ့အချိန်အထိ တို့ရဲ့အိမ်ကိုပဲခေါ်ထားချင်မိတယ် သက်လွှာ။ ဒါပေမဲ့ မင်းရဲ့သဘောဆန္ဒအတိုင်းပဲ ဖြစ်စေရပါမယ် ... ဘယ်လိုလုပ်ချင်လဲဟင်။ အိမ်ကိုပဲပြန်ချင်လား ဒါမှမဟုတ် တို့အိမ်မှာ ရက်အနည်းငယ်လောက် လိုက်နေနိုင်မလား "
" ကျွန်မရဲ့အိမ်ကိုပဲ ပြန်ပို့ပေးပါ "
နေမကောင်းဖြစ်နေချိန်မို့ သက်လွှာ လေသံမမာနိုင်ပါသော်လည်း သိမ်မွေ့ထည်ရဲ့ မေးခွန်းကိုတော့ တုံ့ဆိုင်းနေခြင်းမရှိပဲ ချက်ချင်းပြန်ဖြေလေသည်။ ဘရန်စိုင်းနဲ့ ဒေါ်ဒေါ်မြက သူ့မျက်နှာကို ကြည့်နေတော့ သိမ်မွေ့ထည် သက်ပြင်းမျှင်းမျှင်းချ၍ ခေါင်းညိတ်ပြလိုက်လေသည်။ 'ဒီကလေးအလိုရှိတဲ့အတိုင်းသာ ပြန်ပို့ပေးလိုက်ကြပါ´ ဆိုသည့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်ခြင်းပင်။ သူ့ရဲ့မျက်ဝန်းတွေက ညှိုးကျလို့နေသည်။ သို့သော်လည်း သိသိသာသာတော့ မဟုတ်နေပါ။
" ဒေါ်ဒေါ်မြက သက်လွှာနဲ့အတူတူ သူ့အိမ်မှာ ၂ ရက်လောက်သွားပြီး အဖော်ပြုနေပေးလိုက်ပါ။ သန်ဘက်ခါမှ စိုင်းကို ကျွန်မလာကြိုခိုင်းလိုက်မယ် "
" မလိုပါဘူး။ ကျွန်မတစ်ယောက်တည်းပဲနေချင်တယ် "
ဒေါ်ဒေါ်မြကို သိမ်မွေ့ထည် စကားပြောနေတဲ့အချိန်မှာပဲ သက်လွှာက ကြားမှ ဖြတ်ပြော၏။
" မင်းအခုနေမကောင်းဖြစ်နေတာ တစ်ယောက်ထဲနေလို့ ဘယ်ဖြစ်ပါ့မလဲ သက်လွှာရယ်။ ဒီတစ်ခါတော့ တို့ရဲ့စကားကို နားထောင်ပေးစေချင်တယ် "
သိမ်မွေ့ထည် ထပ်မံပြောသော်လည်းမရ။ သက်လွှာသည် အင်မတန်ခေါင်းမာတဲ့ ကောင်မလေးတစ်ယောက်ပဲဖြစ်၏။
" ဒါတို့ကိုင်တဲ့ ဖုန်းပဲ သက်လွှာ။ မင်းဆီမှာလည်း ဟန်းဖုန်းရှိတယ်ဆိုတော့ တို့ဆီကို မင်းတစ်ခုခုဖြစ်တဲ့အချိန်ကျရင် ဖုန်းလှမ်းခေါ်လို့ရအောင်လို့ပါ "
သက်လွှာ ကားပေါ်မှ ဆင်းခါနီးအချိန်၌ သိမ်မွေ့ထည်သည် ဘောပင်တစ်ချောင်းကို လှမ်းယူ၍ စာရွက်အပိုင်းအစတစ်ခုပေါ်၌ သူ့ရဲ့ personal ဖုန်းနံပါတ်ကို ချရေးလေသည်။ ထို့နောက် သက်လွှာရဲ့လက်ထဲသို့ရောက်အောင် သေသေချာချာထည့်ပေးပြီး ပြောလိုက်၏။ သက်လွှာက သိမ်မွေ့ထည်ပေးလိုက်တဲ့ စာရွက်အပိုင်းအစကို တစ်ချက်ပင်ငုံ့မကြည့်သော်လည်း လွှင့်တော့မပစ်ခဲ့ပါ။ ကားပေါ်မှဆင်းသွားတဲ့ ထိုပိန်ပိန်ပါးပါးကလေးမလေးရဲ့ နောက်ကျောကို သိမ်မွေ့ထည်ကားပေါ်မှ ငေးကြည့်နေရင်း သက်ပြင်းချမိပြန်သည်။ ဒီကလေးနဲ့ကျမှပဲ သူလည်း အချိန်ပြည့် သက်ပြင်းချနေရပါတော့သည်။
X    X    X    X    X
သက်လွှာကို ဖုန်းနံပါတ်ပေးခဲ့သော်လည်း ထိုကလေးကတော့ သူ့ဆီကို တစ်ကြိမ်တစ်ခါလေးတောင် ဖုန်းမဆက်ခဲ့။ အချိန်ကား တစ်ပတ်ကျော်မျှပင် ကြာသွားချေပြီ။ မနေ့က ကုမ္ပဏီမှာအစည်းအဝေးသွားတက်ပြီး အပြန်တွင် သက်လွှာရဲ့အိမ်ရှေ့သို့ သူရောက်ခဲ့သေးသည်။ ကျောင်းတက်နေလို့လား၊ ဒါမှမဟုတ် ကျူရှင်သွားနေရလို့ပဲလားတော့ မသိ။ အိမ်ရှေ့မှာ ထိုကလေးရဲ့ အရိပ်အယောင်ကိုပင် မမြင်ခဲ့ရ။ ခြံတံခါးကို အပြင်ဘက်ကနေ သော့ခတ်ထားတာကိုသာ မြင်တွေ့ခဲ့ရ၏။
'အဲ့ဒီကောင်မလေး နေရောကောင်းသေးရဲ့လားမသိဘူး။ တစ်ယောက်ထဲ ဘယ်လိုများ စားသောက်နေပါလိမ့်´
ည ၁ နာရီခွဲသည့်အချိန်အထိ သိမ်မွေ့ထည် စာဖတ်သည့်အခန်းအတွင်းမှ မထွက်ဖြစ်သေး။ စားပွဲပေါ်၌ စာအုပ်တစ်အုပ်ကို ဖွင့်လျက်ချထားပါသော်လည်း စာအုပ်ထဲသို့ စိတ်မရောက်။ ဘာ့ကြောင့်မှန်းမသိ ဒီညမှပဲ အဲ့ဒီကောင်မလေးရဲ့အကြောင်းကို သိမ်မွေ့ထည် ပို၍စိတ်ဝင်တစား တွေးတောဖြစ်နေသည်။
ထိုအချိန်၌ စာကြည့်မီးအိမ်ရဲ့ မီးအလင်းရောင်အောက်တွင်ရှိနေသော Iphone 5sလေးက ring သံထမြည်လာသည်။ ကောက်ယူကြည့်မိတော့ သူစိမ်းနံပါတ်တစ်ခုဖြစ်နေ၏။ စိတ်ထဲကနေ ထိုကောင်မလေးများလားလို့တွေးလိုက်ရင်း စိတ်ပူမိသွားသည်။ အချိန်က ၁ နာရီခွဲပြီလေ။
" ဟဲလို .. "
" ..... "
" ဟဲလို သက်လွှာလားဟင် .. "
စိုးရိမ်စိတ်တွေဖုံးအုပ်နေတဲ့အသံနဲ့ သူမေးလိုက်မိသည်။ တစ်ဖက်က ဘာအသံမှ မကြားရသေး။ သူ့ရင်ခုန်နှုန်းတွေ ပိုမိုမြန်ဆန်လို့လာသည်။
" သက်လွှာလားလို့ မေးနေတယ် .. "
အသံကို နည်းနည်းမြှင့်ပြီး သူပြောလိုက်သည်။
" ကြောက်တယ် "
" ဟင် .. သက်လွှာ ဘာကို .. ဘာကိုကြောက်တာလဲ။ တစ်ခုခုဖြစ်နေတာလား သက်လွှာ "
တစ်ဖက်မှ တုန်တုန်ယင်ယင်ဖြင့် ထွက်ပေါ်လာတဲ့ 'ကြောက်တယ်´ဆိုတဲ့အသံလေးက သူ့နားထဲမှာ ပဲ့ထပ်လို့နေသည်။ သက်လွှာရဲ့အသံကိုကြားပြီးနောက်တွင် သူရင်တွေပိုတုန်လာပြီး စိတ်လည်း အင်မတန်လှုပ်ရှားနေခဲ့သည်။
သက်လွှာ တစ်ခုခုဖြစ်ပြီဆိုတာ ကျိန်းသေနေပြီမို့ ဖုန်းကို ပခုံးနှင့်ခေါင်းကြား၌ ညှပ်ထားရင်း ဝှီးချဲကို အလျင်အမြန်တွန်းရွှေ့လိုက်သည်။ တံခါးတစ်ချပ်သာ ခြားထားသည့် စာဖတ်ခန်းထဲမှ အလျင်အမြန်ထွက်၍ အိပ်ခန်းကခုတင်ဘေးမှာရှိနေသော လူခေါ်ဘဲလ်ကို သုံးလေးချက် ဆက်တိုက်နှိပ်နေမိသည်။ တစ်ဖက်ကလည်း ဖုန်းထဲက သက်လွှာရဲ့အသံကို အာရုံစိုက်နားထောင်နေမိ၏။
" သက်လွှာ တစ်ခုခုပြောစမ်းပါဦး။ ဘာဖြစ်နေလို့လဲဟင် ? တီလေးအရမ်းစိတ်ပူနေတယ် တစ်ခုခုပြောစမ်းပါ ကလေးရယ် "
ဝှီးချဲဘီးကိုကိုင်ထားသည့် လက်ကိုလွှတ်၍ ဖုန်းကိုပြန်ကိုင်ထားရင်း ကတုန်ကယင်လေသံနဲ့ သူပြောလိုက်မိသည်။ ဖုန်းကိုင်ထားသည့် လက်ပင် အနည်းငယ်တုန်ယင်လို့နေသည်။ နောက်ပြီး သက်လွှာမကြိုက်သည့် 'တီလေး´ဆိုတဲ့ နာမ်စားကိုလည်း သုံးနှုန်းမိသွားသလို 'ကလေး´လို့လည်း ခေါ်မိလိုက်၏။
" ခြံ .. ခြံထဲကို လူစိမ်းဝင်နေတယ်။ တစ်ယောက် .. တစ်ယောက်မကဘူးထင်တာပဲ ... "
ထပ်မံကြားလိုက်ရတဲ့ စကားကြောင့် ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်မိသည်။
" ဘုရားရေ။ တီလေးလာခဲ့မယ်။ တီလေးအခုချက်ချင်းလာခဲ့မှာမို့ မကြောက်နဲ့သက်လွှာ .. "
လက်တစ်ဖက်က ဖုန်းကိုကိုင်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် လူခေါ်ဘဲလ်ကို ဆက်တိုက်နှိပ်နေမိသည်။ ထိုကလေးတစ်ခုခုဖြစ်မှာကို စိုးရိမ်နေမိတာကြောင့် ရင်တွေတလှပ်လှပ်တုန်လာပြီး ချွေးစေးများပင် တစ်ကိုယ်လုံးစိုရွှဲလို့လာသည်။ သူတောင် ဒီလောက်ထိတ်လန့်နေတာ ထိုကလေးသာဆိုလျှင် မည်မျှလောက်တောင် ကြောက်လန့်နေလိုက်မလဲ။
" ဖုန်းကို မချလိုက်နဲ့။ အခု သက်လွှာက ဘယ်နားမှာရှိနေတာလဲ "
" ဘုရား .. ဘုရားခန်းထောင့်မှာ။ သူတို့ .. သူတို့ကို မြင်နေရတယ် .. "
သူမေးတာကို သက်လွှာက လေသံခပ်တိုးတိုးနဲ့ ပြန်ဖြေသည်။
" အခန်းမီး ပိတ်ထားလား။ အထဲကမီးတွေ အကုန်ပိတ်ချထားလိုက် သက်လွှာ "
" ပိတ် .. ပိတ်ထားပြီးပြီ။ ဖေဖေ .. ဖေဖေတို့ရဲ့ အိပ်ခန်းထဲကို ဝင်နေလိုက်ရမလားဟင် "
" အင်း ဝင်နေလိုက်။ ပြီးရင် အထဲကနေ lock ချထား "
သက်လွှာကို သူပြန်ပြောပေးနေသည့်အချိန်မှာပင် အခန်းထဲသို့ ချိုမာပြေးဝင်လာသည်။ အနောက်ကနေ ဒေါ်ဒေါ်မြလည်း ပါလာ၏။ သူတစ်ခုခုဖြစ်တယ်ထင်ပြီး စိတ်ပူတကြီးရောက်ချလာကြခြင်းပင်။
" မမလေး တစ်ခုခုဖြစ်လို့လားဟင် "
" ချိုမာ .. စိုင်းကို အခုချက်ခြင်း သွားနှိုးစမ်း အမြန် .. "
" ရှင် .. ဟုတ်ဟုတ် မမလေး "
ဖုန်းကိုင်ထားရင်းနဲ့ စိုင်း ရဲ့အခန်းရှိရာဘက်သို့ လက်ညှိုးထိုးပြီး ပြောလိုက်တော့ ချိုမာလည်း ကြောင်ကြောင်အအဖြင့် အခန်းထဲမှ အမြန်ပြေးထွက်သွားသည်။ နောက်မှာရပ်နေသည့် ဒေါ်ဒေါ်မြကလည်း သူ့ကို မျက်လုံးအပြုးသားဖြင့် ရပ်ကြည့်နေရင်း
" ဘာဖြစ်လို့လဲ သမီးရယ် "
" ဦးလေးသောင်းကိုလည်း သွားနှိုးပေးပါဦး  ဒေါ်ဒေါ်မြ "
" အေးအေး သမီး "
ဒေါ်ဒေါ်မြရဲ့အမေးကို သူပြန်မဖြေပဲ ကားဒရိုက်ဘာ ဦးလေးသောင်းကိုပါ နှိုးခိုင်းလိုက်၏။ စက္ကန့်ပိုင်းလောက်မှာပဲ အခန်းထဲသို့ ညအိပ်ဝတ်စုံဖြင့် ဘရန်စိုင်း ရေးကြီးသုတ်ပြာနဲ့ ရောက်ရှိလို့လာသည်။
" မမ ... "
" စိုင်း .. အခုချက်ချင်း သက်လွှာဆီသွား။ သူ့ခြံထဲမှာ လူစိမ်းတွေဝင်နေတယ်တဲ့။ အမြန်သွားမှဖြစ်မယ် စိုင်း။ မင်းအရင်သွားနှင့် မမနောက်က ဦးလေးသောင်းနဲ့လိုက်ခဲ့မယ် "
" ဟုတ်ကဲ့မမ ... "
" ကားကိုအမြန်ဆုံးမောင်းသွား။ သတိထားလည်းမောင်းဦး စိုင်း "
" ဟုတ်ဟုတ် "
စိုင်း အိမ်ကနေထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဦးလေးသောင်းလည်း သူ့အနားသို့ ရောက်လာသည်။ အားသန်တဲ့ ဇင်မာက သူ့ကို ပွေ့ချီ၍ ကားနောက်ခန်းထဲသို့ ထည့်ပေး၏။ ဤသို့ဖြင့် သိမ်မွေ့ထည်သည် အိမ်နေရင်း ဂါဝန်အနက်ရောင်လေးနှင့် သက်လွှာရှိရာဆီသို့ အလောတကြီး ထွက်လာခဲ့လေတော့သည်။ လက်မှဖုန်းကိုလည်း တစ်လမ်းလုံး မချ။ နှုတ်မှလည်း 'မကြောက်နဲ့နော် တီလေးလာနေပြီ အခုရောက်တော့မှာ´ ဆိုသည့်စကားကိုသာ အကြိမ်ပေါင်းများစွာ ပြောနေခဲ့၏။
X    X    X    X    X
" ဒီကောင်တွေက အိမ်ထဲက သံဗန်းတံခါးသော့ကိုပါ ဖျက်ဖို့လုပ်နေကြတာ။ သော့က ပြုတ်ထွက်လုနီးနီးဖြစ်နေပြီ။ ကျွန်တော်ရောက်တာသာ နည်းနည်းနောက်ကျရင် ဒီကောင်တွေ အိမ်ထဲရောက်နေလောက်ပြီ "
'ဘုရား ဘုရား .. တော်သေးတာပေါ့´ ဟု သိမ်မွေ့ထည် စိတ်ထဲကနေ ရေရွတ်ရင်း ရင်ဘက်ပေါ်သို့ လက်ဖြင့်ဖိလိုက်မိသည်။ ဘေးကိုလှည့်ကြည့်မိတော့ ခုတင်စောင်းမှာ ဒူးပေါ်သို့လက်လေးပိုက်လျက် ငြိမ်သက်စွာ ငုတ်တုတ်လေးထိုင်နေသော ချစ်သက်လွှာ။ နှုတ်က ဘာတစ်ခွန်းမှ မဖွင့်ဟပေမဲ့လို့ သူမဘယ်လောက်အထိ ကြောက်စိတ်ဝင်နေတယ်ဆိုတာကို ပုံစံကြည့်တာနဲ့ ခန့်မှန်းလို့ရသည်။ အရွယ်ရောက်နေပြီဖြစ်တဲ့ သူ့လို လူကြီးတစ်ယောက်အနေနဲ့တောင် အထိတ်တလန့်ဖြစ်ခဲ့သေးတာပဲ၊ ဒီကလေး ကြောက်ရွံတုန်လှုပ်နေတာကတော့ မဆန်းဘူးလေ။
" သူတို့ကို မမိလိုက်ဘူးပေါ့ "
သူမေးတော့ စိုင်းက ခေါင်းကိုခါယမ်းပြသည်။
" သိပ်လျင်တဲ့ကောင် နှစ်ကောင်ပဲ မမ။ ကျွန်တော့်ကားမီးရောင်မြင်တာနဲ့ ခြံစည်းရိုးကို လျစ်ခနဲ ကျော်တက်ပြီး ပြေးကြရော။ တံခါးရှေ့မှာ ဝက်အူလှည့်တစ်ချောင်းတောင် ကျကျန်ခဲ့သေးတယ် "
သိမ်မွေ့ထည် ရင်လးစွာဖြင့် သက်ပြင်းမျှင်းမျှင်းချမိသည်။
" ဒီကိစ္စကို မနက်ကျရင် ရပ်ကွက်ရုံးမှာ အကြောင်းကြားပြီး ရဲစခန်းမှာ အမှုဖွင့်မှဖြစ်မယ် စိုင်း "
" ဟုတ်ကဲ့မမ။ အဲ့ကိစ္စတွေကို ကျွန်တော်လိုက်လုပ်လိုက်ပါ့မယ်။ အဲ့ဒါထက် ဒီကလေးမ ဒီအိမ်မှာ တစ်ယောက်ထဲ ဆက်နေလို့တော့ မဖြစ်တော့ဘူးထင်တယ်။ သူနဲ့အတူ မိန်းကလေးအဖော် တစ်ယောက် ထားပေးမယ်ဆိုရင်တောင်မှ ဒီအိမ်အကြောင်းကို ဓာတ်သိနေတဲ့ကောင်တွေက ဒုတိယအကြိမ် ဖောက်ထွင်းဖို့ ကြံကြဦးမှာပဲ။ အိမ်ထဲရောက်ရင် ပစ္စည်းယူတာအပြင် လူကိုပါ သတ်သွား .. "
" စိုင်း .. "
ကြောက်ရွံ့နေတဲ့ ကလေးကိုထပ်ပြီး အထိတ်တလန့် မဖြစ်စေလိုတာကြောင့် စိုင်းကို ဆက်မပြောရန် ဟန့်တားလိုက်သည်။ ထို့နောက်မျက်ရိပ်မျက်ကဲပြလိုက်တော့ စိုင်းက အိပ်ခန်းအပေါက်ဝမှာရပ်နေရာမှ လှည့်ထွက်သွားပေး၏။ အိပ်ခန်းထဲ၌ သိမ်မွေ့ထည်နှင့် ချစ်သက်လွှာတို့ နှစ်ယောက်တည်းသာ ရှိတော့သည်။
" ဒီအကြောင်းတွေကို ဆက်မတွေးနဲ့တော့ သက်လွှာ။ ညဉ့်နက်နေပြီဆိုတော့ အိပ်ပျော်အောင် အိပ်လိုက်ပါလား။ တီလေးဒီမှာပဲစောင့်နေပေးမယ် "
အရင်ကဆိုလျှင် သိမ်မွေ့ထည်ကိုတွေ့တာနဲ့ ကတ်ကတ်လန်အောင် ရန်ပြန်တွေ့တတ်သည့် သက်လွှာမှာ ယခုတော့ ဘာတစ်ခွန်းမျှ ပြန်မပြော။ သိမ်မွေ့ထည်ရဲ့ မျက်နှာကို တစ်ချက်လေးလှမ်းကြည့်နေသည်။ သက်လွှာရဲ့မျက်ဝန်းလေးတွေထဲ၌ အားငယ်ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်ဆိုတာကို သိမ်မွေ့ထည် သိနေသည်။ ထို့ကြောင့် သူသက်လွှာကို နူးညံ့စွာ ပြုံးပြလိုက်သည်။ သူ့အပြုံးကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေတဲ့ သက်လွှာဟာ ခုတင်ပေါ်၌ ခွေခွေလေး လှဲအိပ်လေသည်။ သူ့ကို ကျောပေးထားခြင်းမဟုတ်ပဲ သူ့ဘက်သို့ လှည့်ပြီး မျက်လုံးလေးမှိတ်ကာ အိပ်ပျော်ဖို့ကြိုးစားနေတဲ့ သက်လွှာကို သိမ်မွေ့ထည် ဂရုဏာသက်စွာ ကြည့်နေမိ၏။ 'ဒီကလေးကို ဘယ်လိုဆက်လုပ်ပေးရင်ကောင်းမလဲ´ဆိုသည့် မေးခွန်းအတွက်သာ သူတစ်ညလုံး အဖြေရှာနေခဲ့သည်။ မာန်မာနရှိပြီး သူ့ကိုမုန်းတီးနေတဲ့ ကောင်မလေးကို သူဘယ်လိုအကောင်းဆုံး ကာကွယ်ပေးလို့ရနိုင်မလဲဆိုတာကိုသာ အချိန်ပြည့် စဉ်းစားနေပါတော့သည်။
X    X    X    X    X
To Be Continue
Continue Reading
You'll Also Like
1.2M 64.5K 51
262K 41.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
339K 35.3K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
87.1K 6.7K 25
GL Myanmar Fiction Own creation ( Zawgyi + Unicode ) #IngyinMay