Elegant
Autorstwa JE_Rain
207K 20.6K 2.2K
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain) Więcej
1 (Zawgyi)
2 (Unicode)
2 (Zawgyi)
3 (Unicode)
3 (Zawgyi)
4 (Unicode)
4 (Zawgyi)
5 (Unicode)
5 (Zawgyi)
6 (Unicode)
6 (Zawgyi)
7 (Unicode)
7 (Zawgyi)
8 (Unicode)
8 (Zawgyi)
9 (Unicode)
9 (Zawgyi)
10 (Unicode)
10 (Zawgyi)
11 (Unicode)
11 (Zawgyi)
12 (Unicode)
12 (Zawgyi)
13 (Unicode)
13 (Zawgyi)
14 (Unicode)
14 (Zawgyi)
15 (Unicode)
15 (Zawgyi)
16 (Unicode)
16 (Zawgyi)
17 (Unicode)
17 (Zawgyi)
18 (Unicode)
18 (Zawgyi)
19 (Unicode)
19 (Zawgyi)
20 (Unicode)
20 (Zawgyi)
21 (Unicode)
21 (Zawgyi)
22 (Unicode)
22 (Zawgyi)
23 (Unicode)
23 (Zawgyi)
24 (Unicode)
24 (Zawgyi)
25 (Unicode)
25 (Zawgyi)
26 (Unicode)
26 (Zawgyi)
27 (Unicode)
27 (Zawgyi)
28 (Unicode)
28 (Zawgyi)
29 (Unicode)
29 (Zawgyi)
30 (Unicode)
30 (Zawgyi)
31 (Unicode)
31 (Zawgyi)
32 (Unicode)
32 (Zawgyi)
Author Note
33 (Unicode)
33 (Zawgyi)
34 (Unicode)
34 (Zawgyi)
35 (Unicode)
35 (Zawgyi)
36 (Unicode)
36 (Zawgyi)
37 (Unicode)
37 (Zawgyi)
38 (Unicode)
38 (Zawgyi)
39 (Unicode)
39 (Zawgyi)
1 (Unicode)
17.3K 674 38
Autorstwa JE_Rain
[2010 ခုနှစ်၊ June လ]
" ဦးအောင်မော် ရှင့်ကို ကျွန်မဒီတစ်ခေါက်တော်တော်လေးကို စိတ်ပျက်မိသွားပြီ။ GM တစ်ယောက်လုပ်နေပြီး ဒီကိစ္စလောက်ကိုတောင် သေသေချာချာ ကိုင်တွယ်မဖြေရှင်းနိုင်မှတော့ ရှင်ကျွန်မရဲ့ကုမ္ပဏီမှာ အလုပ်လုပ်မနေနဲ့တော့ ... "
" ကျွန်တော်တောင်းပန်ပါတယ် MD .. ဒီကိစ္စဟာ ကျွန်တော့်ပေါ့ဆမှုကြောင့် ဖြစ်ခဲ့တယ်ဆိုတာ မှန်ပေမဲ့လည်း ... "
" ထပ်ပြီးဘာ Reason တွေပေးဦးမလို့လဲ ဦးအောင်မော်။ ကျွန်မကို ဘာမှထပ်ပြီးမပြောပါနဲ့တော့ .. ဒီနေ့ပဲ ရှင်ထွက်စာတင်ပြီး ထွက်တော့ .. "
အစည်းအဝေးခန်းထဲ၌ ဒေါ်သိမ်မွေ့ထည်ရဲ့ အသံဟာ သြဇာအရှိန်အဝါညောင်းစွာဖြင့် ထွက်ပေါ်လို့လာသည်။ General Manager ဖြစ်သည့် ဦးအောင်မော်လည်း အားလုံးရဲ့ရှေ့မှာ အပြောအဆိုခံလိုက်ရသည်မို့ ရှက်ရွံ့၍ ဒေါသထွက်သွားလေသည်။ တစ်ခွန်းတည်းအပြတ်ပြောပြီး အစည်းအဝေးခန်းထဲမှ ထထွက်သွားတဲ့ 'ထည်ဝါဦး´ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သော 'ဒေါ်သိမ်မွေ့ထည်´ရဲ့နောက်ကျောပြင်ကို အခဲမကြေသည့် နီစွေစွေမျက်ဝန်းတွေဖြင့် စိုက်ကြည့်နေခဲ့သည်။ ဒေါသကြောင့် ဦးအောင်မော်ရဲ့ မျက်နှာပြင်တစ်ခုလုံးဟာ နီမြန်းလို့နေပါသည်။
X    X    X    X    X
" ဦးအောင်မော်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အရည်အချင်းပြည့်စုံတဲ့ လူတစ်ယောက်ကို အမြန်ဆုံးရှာပါ။ လတ်တလောတော့ သူ့နေရာကို မင်းပဲခဏတာဝန်ယူထားလိုက်ဦး "
အဖြူရောင် မိန်းမဝတ်ရှပ်အင်္ကျီနှင့် စတိုင်လ်ဘောင်းဘီအသားရောင်ကို တွဲဖက်ဝတ်ဆင်ထားတဲ့ သိမ်မွေ့ထည်သည် အလုပ်စားပွဲမှာထိုင်၍ စာရွက်စာတမ်းတစ်ခုပေါ်၌ လက်မှတ်ရေးထိုးပေးနေရင်း ပြောလေသည်။ သူမရဲ့လေသံဟာ အထက်တန်းဆန်စွာပင် တည်ငြိမ်လွန်းလှပေသည်။ လက်မှတ်ထိုးလို့အပြီးတွင် ဘေး၌ရပ်နေသော'ဘရန်စိုင်း´ကို မော့ကြည့်လိုက်တဲ့ သူမရဲ့ အကြည့်တွေဟာ သိပ်ကို တောက်ပစူးရှလွန်းလှ၏။
" ဟုတ်ကဲ့ပါ မမ .. "
စာရွက်ကိုဖိုင်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ဘရန်စိုင်းရဲ့ လက်ထဲသို့ လှမ်းပေး၍ သူမတ်တပ်ထရပ်လိုက်သည်။
" မမ သူဇာစိုးတို့အုပ်စုနဲ့ ချိန်းထားလို့ ဒီနေ့တော့ စောစောပြန်လိုက်မယ် စိုင်းရေ "
" ကျွန်တော်လိုက်ပို့ပေးရမလား မမ "
အပြုံးအရယ်မဲ့စွာပင် သူခေါင်းကိုတစ်ချက်ခါယမ်းပြလိုက်သည်။
" ရတယ် မမဘာသာပဲ မောင်းသွားလိုက်မယ်။ မင်းက ဒီကိစ္စကိုသာ အမြန်ဆုံး အပြီးသတ်လိုက်တော့ ဟုတ်ပလား ငါ့မောင် "
" ဟုတ်ကဲ့ပါ မမ "
ဘရန်စိုင်းလည်း ဖိုင်တွဲကိုယူ၍ အခန်းထဲမှ ပြန်ထွက်သွားလေသည်။ ထိုအခါမှ Gucci handbag ထဲမှာထည့်ထားသည့် ခရင်မ်ပတ်ဘူးအဝိုင်းလေးနှင့် နှုတ်ခမ်းနီတောင့်လေးကိုထုတ်လိုက်၏။ ခရင်မ်ပတ်ဘူးမှ မှန်ကိုကြည့်ပြီး အနီရဲရဲနှုတ်ခမ်းနီတောင့်ဖြင့် သူ့ရဲ့ နှုတ်ခမ်းသားအိစက်စက်ပေါ်၌ အရောင်ထပ်တင်နေသည်။ သိပ်သိပ်လေးနဲ့ ကြည်လင်ချောမွတ်လှသော မျက်နှာပေါ်သို့ ပေါင်ဒါအနည်းငယ်ပုတ်လိုက်ပြီးနောက် ခရင်မ်ပတ်ဘူးနဲ့ နှုတ်ခမ်းနီတောင့်ကို အိတ်ထဲသို့ပြန်ထည့်လိုက်၏။ ထို့နောက် ဆုံလည်ထိုင်ခုံရဲ့အနောက်မှာ ချိတ်ထားတဲ့ ကုတ်အင်္ကျီအဖြူရောင်လေးကို ဖြုတ်ယူ၍ အပေါ်မှထပ်ဝတ်လိုက်ပြီးသည့်နောက်တွင် အလုပ်စားပွဲပေါ်မှာတင်ထားတဲ့ Chance Eau Tendre ရေမွှေးပုလင်းပန်းရောင်လေးကို ကောက်ယူလိုက်ပြီး ကျော့ရှင်းနေသော လည်တိုင်ဖွေးဖွေးလေးပေါ်သို့ တစ်ဖက်တစ်ချက်စီ ပက်ဖြန်းလေသည်။ သူအကြိုက်ဆုံးရေမွှေးရနံ့လေးကို တစ်ဝရှုရှိုက်လိုက်ပြီးတဲ့နောက်၌ အခန်းတံခါးကို ဆွဲဖွင့်၍ အပြင်သို့ထွက်လာခဲ့သည်။ သူအပြင်ကိုထွက်လိုက်တာနဲ့ ၈ လွှာမှာရှိနေကြတဲ့ ရုံးဝန်ထမ်းအားလုံးဟာ ရှဲခနဲငြိမ်သက်လို့သွားသည်။ သူဖြတ်လျှောက်သွားရာ နေရာအနီးတစ်ဝိုက်မှ ဝန်ထမ်းများဟာ ခေါင်းလေးငုံ့၍ သူ့ကိုအရိုအသေပေးသွားကြသည်။ သူကတော့ မတင်းမာနေသော်လည်း အေးစက်တည်ငြိမ်တဲ့ မျက်နှာထားမျိုးဖြင့်သာ။
ယနေ့ ဂျွန်လ ၇ ရက်နေ့မှာပင် အသက် ၃၅ ပြည့်ပြီဖြစ်တဲ့ 'သိမ်မွေ့ထည်´သည် နာမည်နဲ့ လိုက်ဖက်စွာပင် သိမ်မွေ့နူးညံ့သော အလှတရားမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ နိုင်ငံခြားမှ MBA ဘွဲ့ရရှိထားသည့် သူမဟာ စီးပွားရေးဘက်တွင် လွန်စွာမှ ထူးချွန်ထက်မြက်လှသည့် အမျိုးသမီးတစ်ဦးဖြစ်၏။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အရာရာကို ဦးစီးဦးဆောင်နိုင်သူဖြစ်ကာ၊ စီးပွားရေးလောက၌ အင်မတန်မှ နာမည်ကြီးပြီး ကောင်းသော ဂုဏ်သတင်းတို့ဖြင့် ကျော်ကြားနေသူ တစ်ဦးလည်းဖြစ်ပေသည်။
အရပ် ၅ပေ ၅လက်မခန့်ရှိ၍ ကျန်းမာရေးအလွန်လိုက်စားသူတစ်ဦးဖြစ်ကာ မပိန်မပါးဖြင့် အနည်းငယ်ပြည့်ဖြိုးသော ခန္ဓာကိုယ်အချိုးအဆစ်ကို ပိုင်ဆိုင်ထားသူပင်။ ရှမ်းတရုတ်စပ်သူမို့ အသားအရည်ဖြူဝင်းပြီး သေးသွယ်ဖြောင့်တန်းသည့် မျက်ခုံး၊ စူးရှသည့်မျက်ဝန်းအညိုရောင်တို့ကို ပိုင်ဆိုင်ထားကာ မေးရိုးသွယ်သွယ်၊ ပြည့်ဖောင်းသော နှုတ်ခမ်းတို့ဖြင့် အင်မတန်မှကို စွဲဆောင်မှုရှိပြီး အလှသွေးကြွယ်သော အမျိုးသမီးတစ်ဦးပင်ဖြစ်ပေသည်။
သိမ်မွေ့ထည်လို့ ခေါ်သည့်သူမတွင် သွေးသားမတော်စပ်သည့် ဘရန်စိုင်း ဆိုသော မောင်တစ်ယောက်ရှိသည်။ သူမရဲ့ဖခင်က ဘရန်စိုင်းကို အလယ်တန်းကျောင်းသားအရွယ်မှာထဲက မွေးစားခဲ့ခြင်းဖြစ်၏။ ငယ်စဉ်အခါတည်းက ငွေပုံအလယ်တွင် ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူဖြစ်တာကြောင့် သူမဟာ မာန်မာနအလွန်ကြီးသည့်အထဲတွင်တော့ ပါဝင်သည်။ သို့ပေမဲ့ လက်အောက်ငယ်သားများအပေါ်မှာတော့ မမောက်မာချေ။ လူသားချင်းစာနာတတ်သူတစ်ဦးဖြစ်၍ စိတ်သဘောထားလည်း ပြည့်ဝပေသည်။ သို့သော်လည်း အလုပ်နဲ့ပတ်သတ်လာလျှင်တော့ လွန်စွာမှ ပြတ်သားလွန်းလှ၏။ အမှားတစ်ကြိမ်လုပ်ထားဖူးသူကို အခွင့်အရေးနှစ်ခါ မပေးတတ်သူဖြစ်ပြီး ဖြောင့်မတ်တည်ကြည်သော ပုဂ္ဂိုလ်မျိုးသာဖြစ်သည်။
သူမရဲ့အသက် ၃၀ ပြည့်သည့်နှစ်၌ ဖခင်ကကွယ်လွန်သွားခဲ့ပြီး အမွေအားလုံးနှင့် လုပ်ငန်းစုအားလုံးကို သူမအား လွှဲပြောင်းပေးအပ်ခဲ့သည်။ မိခင်ကတော့ သူမကို မွေးဖွားပြီးပြီးချင်း အချိန်မှာပင် ဆုံးပါးသွားခဲ့လေသည်။
ယနေ့ ဂျွန်လ ၇ရက်နေ့မှာပင် ... ။
လူအများက Lucky 7 ဟုသတ်မှတ်ကြသည့် ၇ ရက်နေ့ဟာ သူမအတွက်တော့ ကံဆိုးမှုတွေကိုသာ အမြဲယူဆောင်လာတတ်သော နေ့တစ်နေ့သာဖြစ်တတ်၏။
X    X    X    X    X
" ဟဲ့ သိမ်မွေ့ နင်ကိုယ်တိုင်မောင်းပြီး ပြန်မလို့လား။ နင့်မောင် ဘရန်စိုင်း ကိုလာခေါ်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား .. "
" အေး ဟုတ်တယ် သိမ်မွေ့ထည်။ နင်ဝိုင်တွေလည်း သောက်ထားတဲ့ဟာကို .. ကားမမောင်းသင့်ဘူး "
သူငယ်ချင်းတွေက ဝိုင်းတားတော့ သူတစ်ချက်ပြုံးလိုက်သည်။ သို့သော် ကြည့်ကောင်းရုံလောက် ပြုံးတယ်ဆိုရုံမျှလေးသာ။
" စိတ်မပူကြပါနဲ့။ ဝိုင်လေး ၃ ခွက်လောက်နဲ့ မူးတဲ့ထဲမှာ ငါမပါဘူးဆိုတာကိုလည်း နင်တို့အသိပဲလေ။ ကဲ ငါသွားပြီ သူငယ်ချင်းတို့ .. see you "
" အေးအေး ဒီနေ့ငါတို့ကို treat တဲ့အတွက် ကျေးဇူး ချစ်သူငယ်ချင်းကြီးရေ "
" မလိုပါဘူး ငါ့မွေးနေ့ပဲ ကျိန်းသေပေါက် treat ရမှာပေါ့ "
" ကားကိုဂရုစိုက်မောင်းနော် အိမ်ပြန်ရောက်ရင်လည်း ငါ့ကိုဖုန်းဆက်ဖို့မမေ့နဲ့နော် သိမ်မွေ့ ... "
ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်း သူဇာစိုးက အနောက်မှလှမ်းအော်ပြောတော့ သူပြန်မလှည့်ကြည့်ပဲ လက်ကိုမြှောက်၍သာ တစ်ချက်ဝေ့ယမ်းပြလိုက်သည်။
ကားပါကင်တွင်ရပ်ထားတဲ့ မာစီးဒီးကား အနက်ရောင်ရဲ့ဘေးသို့ရောက်သော် ကားတံခါးကိုဖွင့်၍ ဘေးတခြမ်းစောင်းလေးဝင်ထိုင်လိုက်သည်။ ထို့နောက်ကားတံခါးကို ပြန်မပိတ်သေးပဲ စီးကရက်တစ်လိပ်ကို ထိုင်ဖွာနေမိသည်။ သူ့ရင်ထဲ၌ နာကျင်ဝမ်းနည်းမှုနှင့် အထီးကျန်ဆန်မှုတို့က အုပ်စိုးလို့နေသည်။ ဤနေ့ဟာ သူ့မွေးနေ့ဖြစ်ပါသော်လည်း တစ်နည်းအားဖြင့်ဆိုရလျှင် မိခင်သေဆုံးခဲ့သည့်နေ့ရက် မဟုတ်ပါလား။ မိခင်ဆိုတာကို ဓာတ်ပုံထဲမှာပဲ မြင်တွေ့ခဲ့ရဖူးသူ။ ငယ်စဉ်အရွယ်မှာထဲက စည်းကမ်းတင်းကျပ်တဲ့ ဖခင်ရဲ့လက်အောက်၌ စည်းစနစ်ကျကျ ကြီးပြင်းလာရသူဖြစ်ပြီး မိခင်၏မေတ္တာကို ငတ်မွတ်နေခဲ့သူလည်းဖြစ်၏။ ကိုယ့်အကြောင်းကိုယ်ပြန်တွေးမိတော့ ခပ်ထေ့ထေ့လေးသာပြုံးမိသည်။  မွန်းကျပ်နေသည့် စိတ်ခံစားချက်ကို ထွက်ပေါက်ပေးနိုင်သည့်အရာဆိုလို့ သူ့အတွက် စီးကရက်တစ်ခုသာရှိသည်။ အပြင်းစားအရက်တွေသောက်ရတာကို မနှစ်သက်ပါသော်လည်း စီးကရက်သောက်ရတာကိုတော့ သူခုံမင်သည်လေ။ သူ့အဖေဆုံးပြီးကတည်းက စီးကရက်သောက်တတ်ခဲ့တာ ယခုအထိပင်ဆိုပါတော့။
စီးကရက် ၂ လိပ်လောက် ကုန်သွားပြီဆိုမှသာ ကားတံခါးကို မာန်ပါပါဆွဲပိတ်ချ၍ အိမ်အပြန်လမ်းသို့ စတင်ထွက်ခွာလာခဲ့သည်။ သိမ်မွေ့ထည် ဆိုသည့်သူမ,မသိခဲ့တဲ့အရာတစ်ခုကတော့ တစ်စုံတစ်ယောက်က သူမ,မောင်းနှင်တဲ့ မာစီးဒီးကား၏ ဘီးမှာတပ်ထားသည့် မူလီတွေကို ဖြည်လျော့ထားခဲ့တယ်ဆိုတာကိုပင်။
X    X    X    X    X
ကားမောင်းနေရင်း iphone 4 လေးက ring သံထမြည်တော့ သူကောက်ယူပြီး ကိုင်လိုက်သည်။ ညာလက်တစ်ဖက်တည်းကိုသာ  ကားစတီလ်ယာပေါ်သို့ တင်ထားမိသည်။
" ဟဲလို မမ "
" အင်း ပြော စိုင်း "
" မမ ဘယ်မှာလဲ ကျွန်တော်လာကြိုမယ်လေ "
" ရတယ် စိုင်း။ မမအခု ပြန်လာနေပြီ .. ကားမောင်းနေတာ "
" သြော် ဟုတ်ကဲ့ ဒါဆိုကျွန်တော်ဖုန်းချလိုက်ပြီနော် "
ဖုန်းကို ဘေးကခုံပေါ်သို့ ပစ်တင်လိုက်သည်။ ကားထဲ၌ သူအကြိုက်နှစ်သက်ဆုံးအဆိုတော်ဖြစ်သည့် ဆောင်းဦးလှိုင်ရဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထား၏။
'ကမ္ဘာဟာ သူ့အချိန်တိုင်းသူလည်ပတ်ဦးမှာပါ .. ။
ဆောင်းတွေမိုးတွေ မလွတ်တမ်းရောက်လာနေကျ .. ။
တကယ်တို့ဝေးရင် တစ်ရက်တော့ငိုကွာ .. ။
ကိုယ်စီအသက်ရှင်ရမယ်မပျော်လည်း တို့ဘဝတွေမှာ
ကြုံမယ် တစ်နေ့တာဝတ္တရားများရှိတဲ့အချိန်မှာ ... ။
တကယ်တို့ဝေးရင် တစ်ရက်တည်းမင်းငိုပါ ... ´
ဆောင်းဦးလှိုင်နဲ့ မို့မို့ တို့သီဆိုထားကြသော 'တစ်ရက်ထဲမင်းငိုပါ´ ဆိုသည့်သီချင်းလေးကို နားဆင်ရင်း သူမောင်းနှင်လာတဲ့ ကားလေးဟာ အိမ်အပြန်လမ်းသို့ ဦးတည်လျက် ... ။
အရာရာအေးချမ်းတည်ငြိမ်လျက် ရှိသည်။ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ပေါ်မလာသေးခင်အထိပေါ့ .. ။
X    X    X    X    X
မှောင်မည်းနေတဲ့လမ်းမထက်၌ အရှိန်ဖြင့်မောင်းနှင်လာသည့် မာစီးဒီးကား အနက်ရောင်တစ်စီးဟာ ရုတ်တရက် အရှေ့ဘီးတစ်ဘက် ကျွတ်ထွက်သွားခဲ့လေသည်။ ကျွတ်ထွက်သွားတဲ့ ကားဘီးဟာ ဘေးကို အရှိန်နဲ့ လွင့်ထွက်သွားသကဲ့သို့ မာစီးဒီးကား အနက်ရောင်လေးဟာလည်း လမ်းမထက်၌ ယိမ်းခါလည်ထွက်သွားလေသည်။ အထဲမှာ မောင်းနှင်လာသည့် အမျိုးသမီးသည် အရှိန်ကို ထိုးသတ်နိုင်ဖို့ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ကားဟာ အရှိန်ဖြင့်ယမ်းခါ၍ တစ်ဖက်ပြေးလမ်းကြောင်းပေါ်သို့ တဟုန်ထိုး, ထိုးတက်သွားခဲ့သည်။ ဤတွင် မျက်နှာခြင်းဆိုင်မှာလာနေသည့် ကားတစ်စီးဖြင့် အရှိန်အဟုန်ပြင်းထန်စွာ တိုက်မိလေတော့သည်။
Accident ဖြစ်ပြီးသည့်နောက်တွင်တော့ ကားဘီးကျွတ်ထွက်သွားခဲ့သော မာစီးဒီးကားပေါ်မှ အမျိုးသမီးနှင့်၊ တစ်ဖက်ကားပေါ်၌ရှိနေကြသော လင်မယားနှစ်ဦးတို့ဟာ နီးစပ်ရာဆေးရုံရဲ့အရေးပေါ်ဌာနသို့ ရောက်ရှိသွားခဲ့ကြလေသည်။
၃ ဦးလုံးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြတာကြောင့် ချက်ချင်းပင် ခွဲခန်းသို့ ဝင်ခဲ့ကြရသည်။ ခွဲခန်းထဲမှ ထွက်လာခဲ့သည့်တိုင်အောင် ၃ ဦးစလုံးဟာ ဆေးရုံရဲ့ ICU ထဲသို့ ပို့ဆောင်ထားခြင်းခံရပြီး အထူးကြပ်မတ်စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။
X    X    X    X    X
ကားအက်စီးဒင့်ဖြစ်ပြီးနောက်တွင် သိမ်မွေ့ထည်သည် ICU ထဲ၌ ၃ ရက်လောက်နေခဲ့ရသည်။ ၄ ရက်မြောက်သည့်နေ့တွင် သီးသန့်လူနာခန်းထဲသို့ ပြောင်းရွေ့ခွင့်ရခဲ့၏။ သို့သော်ငြားလည်း အက်စီးဒင့်ဖြစ်ပွားခဲ့သည့်ဒဏ်ကြောင့် ခါးဆစ်ရိုးကျိုးပြီး အာရုံကြောညှပ်သွားသဖြင့် သူမရဲ့ ခြေနှစ်ဖက်သည် လုံးဝလှုပ်ရှားလို့မရတော့ပေ။ အရာရာတိုင်းကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကိုင်တတ်သည့်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်သည့်၊ ထူးချွန်ထက်မြက်အောင်မြင်လှသည့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော  အသက် ၃၅ နှစ်အရွယ် ဒေါ်သိမ်မွေ့ထည်သည် ညတစ်ည၏ ဖြစ်ရပ်ဆိုးကို ကျော်လွန်ပြီးသည့်နောက်တွင်တော့ အောက်ပိုင်းသေဆုံးနေသော ဒုက္ခိတတစ်ဦးအသွင်သို့ ကူးပြောင်းသွားခဲ့ရလေပြီ။
သူ့ကားနှင့် ဝင်တိုက်မိသွားခဲ့သည့် ကားပေါ်မှ လင်မယား ၂ ဦးကတော့ ICU ထဲတွင်သာ ကျန်ရှိနေကြပြီး ၅ ရက်မြောက်သည့်နေတွင် အမျိုးသားဖြစ်သူ ဆုံးပါးသွားခဲ့သည်။ ၈ ရက်မြောက်သည့်နေ့မှာတော့ အမျိုးသမီးဖြစ်သူက ထပ်မံဆုံးပါးသွားခဲ့ပြန်သည်။ လင်မယားနှစ်ယောက်ဟာ ၃ ရက်သာကွာခြား၍ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြရှာသည်။
တစ်ခုခံသာသွားသည်မှာ ဒေါ်သိမ်မွေ့ထည်ရဲ့ ကားဘီးပြုတ်ထွက်အောင် ဖန်တီးခဲ့သည့်သူမှာ ဦးအောင်မော် ဖြစ်တယ်ဆိုတာကို သက်သေနဲ့တကွ ဖမ်းမိခဲ့သည်။ လူတစ်ယောက်ကို ပိုက်ဆံပေး၍ ဦးအောင်မော်က စေခိုင်းခဲ့ခြင်းဖြစ်ပြီး သက်သေကိုတော့ ကားပါကင်ရဲ့ cctv မှရရှိခဲ့ခြင်းပင်။ တရားခံပေါ်သွားသဖြင့် ဒေါ်သိမ်မွေ့ထည် အတွက်တရားဥပဒေအရ ပြစ်ဒဏ်လျော့ပေါ့သွားခဲပေမဲ့လို့ ... ။
သေဆုံးသွားသည့် လင်မယားနှစ်ဦးအတွက် ဒေါ်သိမ်မွေ့ထည်ဟာ အပြစ်သားတစ်ဦးဖြစ်သွားခဲ့၏။ သိမ်မွေ့ထည်သည်'သူတို့ဆုံးတာ ငါ့အပြစ်နဲ့မကင်းဘူး´ ဆိုပြီး မိမိကိုယ်ကိုယ် ထပ်ခါထပ်ခါအပြစ်တင်နေမိတော့သည်။
X    X    X    X    X
[ကားအက်စီးဒင့်ဖြစ်ပြီး ၃ ပတ်ကျော်မျှ ကြာပြီးနောက် .. ]
အခန်းတံခါးပေါက် တစ်ပေါက်မျှ ဖွင့်မထားသော အိပ်ခန်းထဲ၌ အမျိုးသမီးတစ်ဦးသည် ဝှီးချဲပေါ်တွင်ထိုင်နေရင်း ဆေးလိပ်ကို တစ်လိပ်ပြီးတစ်လိပ် ရှိုက်ဖွာလို့နေသည်။ ဟိုးအရင်က အမြဲတမ်းလိုလို ဆံပင်ကိုသပ်ရပ်စွာ ထုံးဖွဲ့ထားတတ်သည့် အမျိုးသမီးဟာ ယခုတော့ ရှည်လျားလှသော သူမ၏ဆံနွယ်တွေကို ဖရိုဖရဲဖြင့် ကျောပြင်ပေါ်သို့ ဖားလျားချထားလေသည်။ ခြေမျက်စိအထိဖုံးသည့် မီးခိုးရောင် ဂါဝန်ရှည်ကို ရိုးရှင်းစွာပင် ဝတ်ဆင်လို့ထားသည်။ စီးကရက်မှလွင့်စင်ကျလာသည့် မီးစတို့ကြောင့် ထိုအမျိုးသမီးဝတ်ဆင်ထားသော မီးခိုးရောင်ဂါဝန်သည် မီးပေါက်ရာလေးတွေ ဟိုတစ်ပေါက် ဒီတစ်ပေါက်ဖြစ်လို့နေသည်။
" ဒေါက် ဒေါက် .. "
" မမ .. "
အပြင်ဘက်ဆီမှ ဘရန်စိုင်း ရဲ့ခေါ်သံသဲ့သဲ့ကိုကြားလိုက်ရသည့် အချိန်မှသာ အမျိုးသမီးဟာ စိတ်နဲ့လူနဲ့ ပြန်သတိကပ်သွားပုံရသည်။
" ဝင်လာခဲ့ .. "
တိုးသဲ့ပြီး ပြတ်တောင်းသည့်အသံဖြင့် သူပြောလိုက်တော့ ဘရန်စိုင်းက တံခါးဆွဲဖွင့်၍ အခန်းထဲသို့ဝင်လာလေသည်။ ထွက်ပေါက်မရှိသဖြင့် တစ်ခန်းလုံး၌ စီးကရက်နံ့တို့က နေရာအပြည့်ခိုအောင်းလို့နေသည်။ ဘရန်စိုင်း နှာခေါင်းတစ်ချက်ရှုံးလိုက်ရင်း အခန်းပြူတင်းပေါက်တွေ အကုန်လုံးကို သွားဖွင့်လေသည်။ နောက်မှ ခုတင်နံဘေးက ဝှီးချဲပေါ်တွင်ထိုင်နေတဲ့ သူ့အနားသို့လျှောက်လာပြီး ခုတင်ဘေးစောင်းမှာ အသာဝင်ထိုင်၏။ ဤအချိန်၌ လက်ထဲကိုင်ထားတဲ့ စီးကရက်တိုကို သူ့နှုတ်ခမ်းဝသို့ တေ့ဖို့ဟန်ပြင်မိတော့ ဘရန်စိုင်းက သူ့လက်ထဲမှစီးကရက်တိုအား ဇတ်ခနဲယူ၍ ပြာခွက်ထဲ၌ ဖိချေထည့်လိုက်လေသည်။ သူအလိုမကျဟန်နဲ့ မျက်စိထောင့်ကိုကြုတ်ထားမိသော်လည်း ဘရန်စိုင်းကို ဘာမှတော့ ပြန်မပြောဖြစ်ခဲ့။
" စီးကရက်တွေ ဒီလောက်သောက်နေရင် မမတော့ ကျန်းမာရေးထိခိုက်တော့မယ် "
" ဟက် .. အခုလက်ရှိအခြေအနေထက် ထိခိုက်စရာ ဘာများထပ်ရှိဦးမှာလဲ စိုင်းရယ် "
ခပ်ထေ့ထေ့ပြုံးရင်း သူပြောတော့ ဘရန်စိုင်းက သက်ပြင်းချ၏။
" မမစုံစမ်းခိုင်းထားတာတွေ အကုန်စုံစမ်းလို့ရခဲ့ပြီ "
ထိုစကားကြားမှသာ သိမ်မွေ့ထည်သည် မျက်လွှာအောက်သို့ချထားရာမှ ဘရန်စိုင်းရဲ့ မျက်နှာတည့်တည့်သို့ အညိုရောင်မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်လေသည်။
" ဆုံးသွားတဲ့လင်မယားမှာ ၉ တန်းအရွယ် သမီးလေးတစ်ယောက်ရှိတယ်။ နာမည်က ချစ်သက်လွှာတဲ့။ သူတို့မိသားစုမှာ ဆွေမျိုးသားချင်းလည်း မရှိကြဘူး။ အခုလောလောဆယ်တော့ ကောင်မလေးကို အိမ်နီးနားချင်းတွေက ကြည့်ရှုစောင့်ရှောက်ပေးထားကြပုံရတယ် မမ။ ဒါပေမဲ့ ရေရှည်အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လည်းဆိုတော့ သူ့မိဘတွေက စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့အတွက် အိမ်နဲ့ခြံကို ငွေတိုးချေးစားတဲ့လူတွေဆီမှာ အပေါင်ထားထားတယ်လို့ သတင်းကြားတယ်။ သူတို့ရဲ့စီးပွားရေးလုပ်ငန်းကလည်း သိပ်အဆင်မပြေပဲ အရှုံးပေါ်နေတဲ့ အခြေအနေမျိုးတဲ့။ ကျွန်တော်စုံစမ်းကြည့်လို့ရတာကတော့ ဒါအကုန်ပဲ မမ ... "
ကြားလိုက်ရတဲ့စကားတွေဟာ သူ့ရင်ကိုပို၍ မွန်းကျပ်စေသည်။ ထို့ကြောင့် ဘရန်စိုင်း တားနေသည့်ကြားမှ စီးကရက်တစ်လိပ်ကို မီးညှိ၍ ရှိုက်ဖွာနေမိပြန်သည်။ ဘရန်စိုင်း ကတော့သူ့ကိုကြည့်ပြီး အကြိမ်ကြိမ်သာ သက်ပြင်းချနေတော့သည်။
" မနက်ဖြန်ဆိုရင် အဲ့ဒီကလေးရဲ့အဖေဆုံးတာ တစ်လပြည့်ပြီ။ အဲ့ဒီကလေး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုများ စီမံမှာပါလိမ့် ... "
စီးကရက်ငွေ့ကို ဟူးခနဲမှုတ်ထုတ်လိုက်ရင်း တိုးဖျော့ဖျော့လေသံနဲ့ သူပြောတော့ ဘရန်စိုင်းက ပြန်ဖြေသည်။
" ရပ်မိရပ်ဖတွေက ကူညီပြီးစီစဉ်ပေးနေကြတယ် မမ။ ကြည့်ရတာ မနက်ဖြန်မှာ လင်မယားနှစ်ယောက်စလုံးအတွက် တစ်ပြိုင်တည်း လပြည့်ဆွမ်းကပ်ပေးမယ်ထင်တယ် "
ဘရန်စိုင်း ပြောနေတာကိုသူနားထောင်ပြီး အချိန်အတော်ကြာသည်အထိ တွေးတောစဉ်းစားနေမိသည်။ တစ်ဦးတည်း ကျန်ရစ်ခဲ့ရသည့် ကလေးအတွက်ကိုပေါ့ .. ။
" မမအဲ့ဒီအိမ်ကိုသွားချင်တယ် စိုင်း "
ခါးကိုရှေ့သို့မတ်လိုက်ပြီး ရှေ့တည့်တည့်က စားပွဲခုံပေါ်မှာရှိနေသည့် ပြာခွင်ထဲသို့ စီးကရက်မီးစကို ဖိချေချရင်းပြောတော့ ဘရန်စိုင်းက ခေါင်းကိုခါ၍ မသွားဖို့ တားမြစ်သည်။
" မဖြစ်ဘူးမမ။ အဲ့ဒီကောင်မလေးက သူ့မိတွေအခုလိုဖြစ်တာ မမကြောင့်ဆိုပြီး မမကိုမုန်းတီးနေပုံရတယ်။ သူလည်းသွေးပူနေချိန်ဆိုတော့လေ .. မနက်ဖြန်လို သူ့မိဘတွေရက်လည်ဆွမ်းကပ်တဲ့နေ့မျိုးမှာတော့ မမကို မသွားစေချင်သေးဘူးဗျာ။ သိပ်သွားချင်တယ်ဆိုရင်တောင်မှ နောက်ထပ်တစ်ပတ်လောက် ထပ်စောင့်ပြီးမှသွားပါလား မမ "
" မဖြစ်ဘူး။ တစ်ပတ်ကကြာလွန်းတယ်။ သန်ဘက်ခါပဲသွားမှာမို့ ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပေးထားပါ စိုင်း "
အမိန့်ဆန်သည့်လေသံဖြင့် သူပြောလိုက်သည်။ သူမသည် မသန်မစွမ်းဖြင့် အင်အားချိနဲ့နေသည့် အချိန်မျိုးမှာပင် အာဏာစက် အပြည့်အဝရှိနေသေးသူတစ်ယောက်ပင်။
🚬     🚬     🚬
T o B e C o n t i n u e
[7:37 Nov 7,2023]
Czytaj Dalej
To Też Polubisz
44.3K 4K 21
🌻 ချယ့် ကိုဘယ်အချိန်ထိချစ်နိုင်မှာလဲ။ နေကြာပန်းလေးက နေမင်းကြီးကိုမျှော်မနေရှာတော့တဲ့ အချိန်ထိ။ 🥀
76.1K 8.9K 24
ဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန်...
1.2M 63.7K 50
40.7K 2.2K 19
ငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain