[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]
" ဟာအို ဒီနေ့ညနေကျောင်းဆင်းရင် တို့တွေ အတူတူ မုန့်သွားစားမလား"
" ဗျာ ? "
နေ့လည်စာစားချိန် အင်္ဂလိပ်စာဆရာမက ရုတ်တရက် လာခေါ်တာမျိုးကြောင့် ကျန်းဟောက် ခဏတော့ ကြောင်သွားမိသည်။ မျက်လုံးအဝိုင်းသားနဲ့ ကြည့်လိုက်တဲ့ ကျန်းဟောက်ကို တစ်ဖက်က မိန်းကလေးကတော့ ခပ်တိုးတိုး ရယ်၏။
" အာ..ဟာအိုက ရောက်တာမကြာသေးလို့ မကြုံဖူးသေးတာ... ဆရာ၊ ဆရာမတွေစုပြီး တွေ့ကြရုံပါ..လိုက်လာရင်တော့ ပျော်ရတာပေါ့။ စကားအများကြီး ပြောဖြစ်ကြလို့။ ကျောင်းအုပ်တော့မပါဘူးပေါ့ သူ့အတင်းပြောကြမှာဆိုတော့ "
" ဟ..ဟုတ် "
အောင့်သက်သက် ခေါင်းငြိမ့်လိုက်ပြီးမှ အိမ်ကို စောစောပြန်ချင်စိတ်မရှိတာ သတိရသွားသည်။ ခရစ္စမတ်ပိတ်ရက်တွေကုန်လို့ ကျောင်းပြန်ဖွင့်ပြီ။ ဂင်မ်ထယ်ရယ်နဲ့ စကားပြန်မပြောဖြစ်သေး။
" ကျွန်တော်လိုက်ခဲ့ပါမယ် "
" နဂိုက ဟာအိုကို ခေါ်မလို့ကို ပြန်စဉ်းစားနေတာ။ ဒါပေမဲ့ ဟာအို ကျောင်းပြန်ဖွင့်ကာစမှာ ဒီလောက် မျက်နှာမှိူင်နေတာလည်း မမြင်ဖူးတော့..အဲ့တာကြောင့်။ တစ်ခုရှိတာက ဟာအိုရဲ့ ကောင်လေး သဘောကျပါ့မလားလို့လေ။"
" ရပါတယ် သူက.. ကိစ္စမရှိပါဘူး"
ကျန်းဟောက် မတုံ့မဆိုင်း တစ်ချက်ရယ်လိုက်ရင်း ပြန်ဖြေလိုက်တော့ ဒီတစ်ခါ တစ်ဖက်က ငြိမ်သွားတယ်။
" မဟုတ်မှလွဲရော ရန်ဖြစ်ထားတာလား "
" ဗျာ ? "
" သိသာနေတာကို.. ရည်းစားရှိတဲ့လူတိုင်း ရန်ဖြစ်ထားရင် တစ်လေသံတည်းပဲ "
ကျန်းဟောက် ခေါင်းငြိမ့်ကာ ထမင်းဆက်စားလိုက်သည်။ တကယ်တော့ ရန်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောစရာစကားမရှိ။
နှစ်ဖက်လုံးက စိတ်မလျော့နိုင်တော့ ကြားထဲက မကိုက်ညီမှူတွေကို ပိုစဉ်းစားမိလာသည်။ ထယ်ရယ် ကျန်းဟောက်ကို မတောင်းပန်မချင်းသာ စကားမပြောရဘူးဆိုရင် ဒီတစ်သက်စကားရော ပြောဖြစ်ပါ့မလား။
ဒီလောက်တောင် လွဲနေတဲ့လူနှစ်ယောက်က ရေရှည်တွဲနိုင်ပါ့မလား။
မဟုတ်သေးဘူး။ အဲ့လောက်ထိ ရှည်ရှည်ဝေးဝေးစဉ်းစားဖို့ မလိုပါ။ ဒီလောက် ရန်ဖြစ်တာနဲ့ ပြတ်မှာတော့ မဟုတ်ပါ ဘူး။
ရင်လေးမိတာမို့ သက်ပြင်းတော့ ချလိုက်မိ၏။
ကျန်းဟောက်ပဲ ထယ်ရယ့်ကိုထက် ကိုယ့်ကိုယ်ကို ပိုချစ်လွန်းလို့ အထိမခံဖြစ်နေတာလားဆိုတာကိုပါ တွေးမိလာတဲ့အခါ စိတ်ပင်ပန်းနေရာက လူကိုပါ ပင်ပန်းလာစေသည်။
လေးငါးရက်လောက် စကားမပြောတာကြောင့် မနေနိုင်တော့တဲ့ ရောဂါလည်း စပ်တူပါဝင်လျက်။
ကျောင်းဆင်းတာနဲ့ တခြားဆရာတွေက ကျန်းဟောက်ကို ကော်ဖီဆိုင်ကို အရင်ခေါ်သွားကြသည်။ လိုက်သာလိုက်သွားပေမဲ့ ကျန်းဟောက်ရဲ့ ပင်ကိုယ်အကျင့်ကြောင့်ပဲ ဖြစ်နိုင်ရဲ့။ ပြောကြတဲ့စကားတွေကို နားထောင်ရင်းပင် ခေါင်းနောက်လာလို့။
" ဟယ်ယောင်း ကျွန်တော် Bubble Tea သွားမှာလိုက်အုံးမယ်နော် "
" အိုကေ "
အင်္ဂလိပ်စာဆရာမကို အနီးစပ်ဆုံး အသိပေးကာ ကောင်တာဘက်ကို ထွက်လာပြီး Bubble Tea တစ်ခွက် အကြီးဆုံး အချိုးအဆကို မှာလိုက်သည်။ ကျန်းဟောက် အချိုကြိုက်တဲ့သူ မဟုတ်ပါ။
စားပွဲဝိုင်းမှာပြန်ထိုင်ရင် တော်ရုံပြန်ထလာလို့ ဖြစ်တော့မှာ မဟုတ်တာမို့ မှာထားတာကို ယူပြီးတာနဲ့ အနည်းငယ်တော့ မုသားဆင်ရချေရော။
" ကျွန်တော် အရေးကြီး ကိစ္စလေး ပေါ်လာလို့ စောပြန်လိုက်တော့မယ်နော် "
" လမ်းမှာ သတိထားပြန် ဟာအို "
တယောအိတ်နဲ့ အိတ်ကို ယူပြီး ပြန်တဲ့အခါ နှူတ်ဆက်ကြတယ်။ စကားထိုင်ပြောရတာလည်း ဒီလောက် ပင်ပန်းသလား။
ဖုန်းကို စစ်ကြည့်တော့ ဟိုကောင်စုတ်လေး ထယ်ရယ် တစ်ချက်တောင် စာမပို့ထားပါ။ နောက်ရက် နှစ်သစ်ကူးညမှာ concert ဖျော်ဖြေဖို့ရှိနေတာတော့ သိပေမဲ့...နေနိုင်လိုက်ပုံများ။
နေနိုင်နေလိုက်တာ..။
အိမ်ပြန်လမ်းမှာ ခြေလှမ်းတွေ နှေးကွေးနေသလောက် အချိန်တန်တော့ ရောက်သင့်တဲ့နေရာကို ရောက်လာချည်ရဲ့။
ခြံရှေ့မယ် မက်သျူးနဲ့တွေ့သည်။ ဒီနေ့တော့ အလုပ်စောဆင်းလာပုံရ၏။ မျက်နှာ ကြည်နေပုံအရပင်။
" ဟာအိုဟျောင်း ဒီနေ့ ပြန်လာတာ နောက်ကျတာပဲ "
" အင်း..ကျောင်းက ဆရာတွေနဲ့ အပြင်ထွက်ဖြစ်လို့ "
ပြုံးပြကာ ဖြေရင်း ခြံထဲ ဝင်လိုက်တဲ့အခေါက်မှာ အမြင်တွေ ခေတ္တဝေဝါးသွားပြီး ခြေလှမ်းပါ ယိုင်သွားခဲ့သည်။
လမ်းတော့ ကိုယ်ထူကိုယ်ထ ပြန်လျှောက်နိုင်တဲ့တိုင် အရာအားလုံးက ဝေတိဝေဝါးရယ်နဲ့ အသိစိတ်လုံးလုံး ပြန်ကပ်တဲ့အခါမှာတော့ လူက ဧည့်ခန်းထဲမှာ။
မက်သျူး တွဲခေါ်လာပေးပုံပင်။ ကျန်းဟောက်အနားမယ် အီဂျောင်၊ ဂျီအွန်းနဲ့ မက်သျူးက ရှိနေသည်။
" ဂျီအွန်းဟျောင်း အိမ်မှာရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ကျွန်တော်တို့ ဘာလုပ်ရမယ်မှန်း မသိပဲ ပြာယာခတ်နေမှာ "
" ကျန်းဟောက် အစားစားထားတယ်မလား "
ကျန်းဟောက် အယောင်ယောင်နဲ့ ခေါင်းငြိမ့်လိုက်သည်။ ကော်ဖီဆိုင်မှာ ကိတ်မုန့်အနည်းငယ်တော့ ဗိုက်မဆာရုံစားခဲ့ပါ၏။
" အဲ့တာဆို ဆေးသောက်ပြီး အိပ်လိုက်နော်။ စိတ်ပူစရာ မရှိဘူး။ "
ဂျီအွန်းက ချော့ပြောပြီး ကျန်းဟောက်လက်ထဲကို ဆေးအနည်းငယ် ထည့်ပေးလိုက်သည်။
" အိပ်ခန်းထဲ ခေါ်သွားပေးရမလား "
အီဂျောင့်အမေးကို ကျန်းဟောက်က ခေါင်းခါတယ်။
" ဒီမှာပဲ အိပ်လိုက်တော့မယ် "
ကျန်းဟောက် သောက်လိုက်တဲ့ဆေးထဲ အိပ်ဆေးရောပါတာမို့ မြန်မြန်အိပ်ပျော်သွားပေမဲ့ တစ်ချက်တစ်ချက်တော့ သတိဝင်လာပြီး ပြောစကားတွေတော့ နားထဲဝင်လာပါသေးတယ်။
" ကျန်းဟောက် တကယ် အဆင်ပြေရဲ့လား "
အိပ်ပျော်နေတဲ့ ကျန်းဟောက်ကိုကြည့်ပြီး အီဂျောင်က မေးလိုက်တော့ ဂျီအွန်းက ခေါင်းငြိမ့်ပါရဲ့။
" ဒီကလေးက စိတ်ဖိစီးရင် ဘယ်လောက်ကျန်းမာရေး အခံကောင်းကောင်း ခံနိုင်ရည်မရှိဘူး။ တစ်ခါ နှစ်ခါ ဒီလိုဖြစ်ဖူးတယ်။ နိုးလာရင် သက်သာသွားမှာပါ။ မနက်ကို အသားပြုတ်ဟင်းရည်လေးနဲ့ဖြစ်ဖြစ် အစားသေချာစားလိုက်ရင် ပိုကောင်းတာပေါ့ "
ဂျီအွန်းက ကျန်းဟောက်ကို စိတ်မကောင်းသလိုကြည့်ရင်း ပြောတာပဲ။
" ဖုန်းပြောစရာလေး ရှိသေးလို့ အပေါ်ပြန်တက်တော့မယ်နော် အီဂျောင်၊ မက်သျူး "
အီဂျောင်က ဂျီအွန်းကို ခေါင်းငြိမ့်ပြလိုက်ပြီး မက်သျူးကလည်း ရပ်နေသေးတာနဲ့
" မက်သျူးလည်း သွားလိုက်ပါ။ ငါ ကြည့်ပေးထားလိုက်မယ်"
အီဂျောင် ဆိုဖာဘေးက ကြမ်းပြင်ပေါ်တင် ထိုင်ချလိုက်ရင်း ကျန်းဟောက်ရဲ့ တယောအိတ်ကိုပါ အခန်းထဲ တစ်ချက်ထည့်ပေးဖို့ မက်သျူးကို ပြောလိုက်သည်။
သက်ပြင်းလေးကြီးတွေ ချလိုက်ပေမဲ့ အိပ်ပျော်နေတဲ့သူကိုတော့ မသိစေချင်ပါ။
ဂင်မ်ထယ်ရယ့်ကို သေချာမှာထားတာကို အချိုးပြောင်းပါဆိုပြီး။
" သူများအိမ်က အဖိုးတန်သားလေးကို ဒုက္ခတွေ တစ်သီကြီးပေးတဲ့ကောင် "
ခပ်တိုးတိုးပြောရင်း ကိုယ့်အခန်းထဲမှာကိုယ် ကျန်နေခဲ့တဲ့ ဖုန်းကို သွားယူရသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းဟောက် နေမကောင်းတာကိုတော့ ထယ်ရယ့်ကို အသိပေးထားရမှာပဲ။
ဖုန်းဆက်ရင် အမှတ်တမဲ့ ကျန်းဟောက် နိုးသွားမှာစိုးတာကြောင့် စာပဲရိုက်ပို့လိုက်တယ်။
" ထယ်ရယ် ကျန်းဟောက် နေမကောင်းဘူး။ ညနေက အိမ်ပြန်လာတော့ ခြံထဲမှာ သတိလစ်သွားတာ။ အခု ဆေးသောက်ပြီး အိပ်နေတယ်။ သိသင့်တယ် ထင်လို့ ။ အိမ်စောစော ပြန်လာခဲ့ရင်တော့ ပိုကောင်း... "
စာရိုက်လက်စမှာ နောက်ဆုံး တစ်ကြောင်းကို ပြန်ဖျက်လိုက်သည်။ အိမ်စောစောပြန်လာဖို့ ပြောတဲ့စာ မပါပဲ အိမ်ကိုစောစောပြန်လာပါ့မလားဆိုတာကို သိချင်၏။
" ဒါပေမဲ့လည်း အဲ့ဒီလောက် အလိုက်ကန်းဆိုးမသိတာ ထယ်ရယ်မို့လို့ကို ဖြစ်နိုင်နေသေးတာပဲ "
အတွေးထဲက စကားကိုတိုးတိုးထုတ်ပြောကာ စာနောက်တစ်စောင်ထပ်ပို့လိုက်သည်။
" အိမ်ကို စောစောပြန်ခဲ့ "
စာထပ်ပို့လိုက်ပြီး သိပ်မကြာဘူး အိမ်ရှေ့က တံခါးပွင့်လာ၏။ ညနေ စောင်းကာစပဲရှိသေးတယ်။ အထူးတဆန်းဖြစ်ဖို့ကောင်းစွာ ဝင်လာတဲ့သူက ထယ်ရယ်ပါ။
အီဂျောင်ပို့တဲ့စာတွေတောင် မဖတ်ထားသေးပဲ အိမ်ကိုရောက်လာတာက အရင်ဖြစ်နေသည်။
" အီဂျောင် ကျန်းဟောက် နေမကောင်းဘူးလား "
စိတ်ဆင်းရဲအောင်သာ လုပ်ထားတာ နေမကောင်းတာကျ ချက်ချင်းသိတယ်။
" ငါ စာပို့ထားတယ်လေ "
ထိုခါမှ ဖုန်းကို ထုတ်ကြည့်ပြီး အခြေအနေကို သဘောပေါက်သွားတဲ့ ထယ်ရယ်က ပါးစပ်ပိတ်သွား၏။
" ငါ ရေချိုးပြီး ပြန်ဆင်းလာခဲ့မယ် "
အီဂျောင်က ကျန်းဟောက်ကို တစ်ချက်ကြည့်လိုက်ပြီး ထယ်ရယ်နဲ့ စကားပြောချင်ရင် ဒီနေရာမှာ မဖြစ်ဘူးဆိုတာ သိလိုက်သည်။
ထယ်ရယ် အပေါ်ထပ်ကို မတက်ခင် အဝတ်လျှော်စက်ရှိတဲ့ အိမ်ထောင့်တစ်နေရာမှာ ကုပ်ကာ သက်သက်ခေါ် မေးချလိုက်တော့၏။
" အီဂျောင် ဘာလဲ ရုတ်တရက်ကြီး "
" အရင်ဆုံး မင်းတို့တွေ ဘာအကြောင်းကြောင့် ရန်ဖြစ်ထားတာမို့ ဒီလောက်ထိ လေးငါးရက် မခေါ်မပြောဖြစ်နေကြတာလဲ ဟမ် "
" ငါ အမှန်အတိုင်း ဖြေရမှာလား "
ထယ်ရယ် ပြန်မေးတဲ့ပုံအရ တိုက်ရိုက်မဖြေရင်တောင် သဘောပေါက်သွားပါသည်။ အီဂျောင့်စိတ်ထဲ ခုနေခဲ့တဲ့ သဘောထားသေးသိမ်မှူကြီးကိုမှ ထယ်ရယ်က ပြဿနာရှိနေတာပင်။
" မင်း ကျန်းဟောက်ကို ပတ်ဟန်ဘင်းနဲ့တော့ သဝန်တိုဖို့မလိုဘူးလေ "
" ငါ သဝန်မတိုပါဘူး။ "
" မင်း ဒီလောက်ထိ သဘောထားသေးသိမ်နေမယ်လို့ ငါမထင်ထားဘူး "
တစ်ဖက်ပိတ်အပြစ်တင်ခံလိုက်ရမှ ထယ်ရယ့်ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှူတွေက ရုတ်တရက် ကွယ်ဝှက်သွားဟန်။
" မင်း ကျန်းဟောက်ကို အရမ်းစိတ်ဒုက္ခပေးနေတာ "
" ဒီအတိုင်း လိုအပ်တာထက် မကပ်ဖို့ မှာမိတာပါ "
" အဲ့တော့ ပတ်ဟန်ဘင်းနဲ့ သဝန်တိုတာ ဟုတ်တယ်ဆိုတဲ့ သဘောပေါ့ ? "
ခပ်ဆတ်ဆတ်အမေးကို ဘုနဲ့ဘောက် ပုခုံးတွန့်ပြသည်။
အတည်တကျ ရည်းစားထားပေမဲ့ အကြောင်းအရာတွေကို အလေးအနက်မထားတော့ ဘယ်လိုလုပ်ရပါ့။
တစ်ခါတစ်လေတော့လည်း ဂင်မ်ထယ်ရယ့်ဆီ အငြင်းခံခဲ့ရတာဟာ အီဂျောင့် ဘဝမှာ အကောင်းဆုံးလှည့်ကွက်လို့တောင် ပြောလို့ရရင်ရနိုင်မည်။
အတော်ကို ကိုင်တွယ်ဖို့ခက်တဲ့လူကိုး..။
ကိုယ့်လူက တလွဲချည်းလုပ်နေတော့ တစ်ဖက်လူကို ကာပေးနေရတာကလည်း တစ်ခါတစ်လေဆို အီဂျောင့်အဆိုးက ဖြစ်သွားသေး။ မသိရင် အီဂျောင် ကြိုက်ခဲ့တဲ့လူက ထယ်ရယ်မဟုတ်ပဲ ကျန်းဟောက်လို့တောင် ထင်ခံရနိုင်သည်။
" ဒီမှာ ထယ်ရယ်။ ရည်းစားထားတာ၊ ချစ်သူနှစ်ယောက်ကြားထဲ အရေးအကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ခြင်းပဲ။
မင်းက အဲ့တာလေးတောင်မှ မရှိနိုင်တဲ့အပြင် လွန်လွန်ကဲကဲ သဝန်တိုနေတော့ ကျန်းဟောက်က စိတ်မကောင်းဖြစ်မှာပေါ့။"
" ဒီလောက်တောင် နားလည်နေတယ်ဆို မင်းနဲ့ ဟန်ဘင်းပြတ်တာကရော ငါနဲ့ ကျန်းဟောက်ရန်ဖြစ်တာနဲ့ အကြောင်းအရင်းတူတူ ဖြစ်မယ်ထင်တယ် "
" ဟမ် "
" ငါ့ကြောင့်နဲ့ လမ်းခွဲကြတာလား "
မိနစ်ပိုင်းအတွင်း အီဂျောင့်စိတ်ကို တရပြေးဖတ်သွားတဲ့ ထယ်ရယ့်ကြောင့် ပြောရမယ့် စကားတွေတောင် ပျောက်ရှရှဖြစ်သွားသည်။
ဘာလို့ ထယ်ရယ့်ရဲ့ စိတ်မရှည်တရှည် ခပ်ဆတ်ဆတ်မေးခွန်းတွေက ရုတ်တရက် အီဂျောင့်ဘက်ကို မြှားဦးလှည့်လာရတာတုန်း။
ပတ်ရမ်းချင်ရင်လည်း အဲ့တာကို ဆွဲမပြောပဲ ရမ်းလို့ရတာကို။
" မင်း ငါ့ကို ကြိုက်နေတုန်းဆို ပတ်ဟန်ဘင်းနဲ့ ဇာတ်လမ်းမစနဲ့လေ။ ပြောရကြေးဆို အခု မင်းလည်း သူများကို ဒုက္ခပေးနေတာပေါ့ "
" မဟုတ်ဘူး။ ငါ..မင်းကို မကြိုက်တော့ဘူး။ ဟန်ဘင်းနဲ့ လည်း ပြန်တွဲမှာ "
မုသားမပါပဲ ဘယ်စကားဖြောင့်နိုင်ပါ့မလဲလေ။
" ငါ့ကိုကျ သူများသား စိတ်ဒုက္ခလိုက်ပေးနေတဲ့ကောင်လို့ပြောပြီး သူကိုယ်တိုင်ကျရော ဘာထူးလို့လဲ အီဂျောင်ဟျွန်း "
ထယ်ရယ်က ဒဲ့တိုက်ခိုက်တာကြောင့် အနည်းငယ် ခံပြင်းမိသွားပေမဲ့ အီဂျောင် လည်ပင်းနောက်ကို ခေါင်းစားစွာ တစ်ချက်နှစ်ချက်ကုတ်ရင်း အတိုချုပ် ဆုံးမစကားကိုပဲ ပြောလိုက်ပါရဲ့။
" အရင်ဆုံး ကျန်းဟောက်ကို ပြန်ချော့လိုက်။ ဘယ်နေရာကကြည့်ကြည့် မင်းမှားထားတဲ့ ကိစ္စ။ ကျန်းဟောက်က သူ့မှာသာ အမှားရှိရင် သူ့ကိုယ်သူ သိမယ့်လူလေ။ မင်းကတော့ မသိလို့ ငါက ကြားထဲက ဝင်ထောက်ပြပေးရတာ။ မင်းချော့တာမှ အဆင်မပြေသေးရင် နည်းနည်းတော့ ဝင်ဖြန်ဖြေပေးနိုင်တယ် ဟုတ်ပြီလား "
" သဘောပေါက်ပြီမို့ ပူညံ ပူညံ မလုပ်နဲ့တော့ "
စိတ်မရှည်တဲ့ ထယ်ရယ်က မြန်မြန်ပဲ သူ့အခန်းကိုသူရောက်ဖို့ အီဂျောင့်ရှေ့က ထွက်သွားသည်။
ထိုစဉ် အီဂျောင့် ဖုန်းထဲကို message တစ်စောင်ဝင်လာ၏။
ပတ်ဟန်ဘင်းဆီကရယ်။
" ဂျောင်ဟျွန်း အိမ်ကို မလာဖြစ်ဘူးဆိုရင်လည်း အဝတ်အစားတွေ ကျန်နေခဲ့တာ လာယူအုံး။ မဟုတ်ရင် ငါပဲ ဝတ်လိုက်တော့မယ် "
" မနက်ဖြန် လာခဲ့မယ်။ ညလည်း အိပ်မယ်နော် "
ပြန်စာ ထပ်မဝင်လာတော့ပေ။
ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ
ညက အလူးအလိမ့်နဲ့ အိပ်မပျော်တာကြောင့် ကျန်းဟောက်ဘေးမှာပဲ သွားထိုင်နေမိသည်။ ဂျီအွန်းဟျောင်း ထပ်ပြီး ရှင်းပြထားတဲ့ ကျန်းဟောက်အခြေအနေကြောင့် သိပ်တော့ မစိုးရိမ်မိတော့။
အပြစ်ရှိစိတ်လေးတော့ အနည်းငယ်ဝင်မိ၏။
မနက်ခင်း နေမထွက်သေးတဲ့ မှောင်တရီရော အချိန်မှာ ထယ်ရယ် ထိုင်လျက်အိပ်ပျော်နေရင်းက ဘေးနားမှာ လှူပ်ရှားမှူ အနည်းငယ် ခံစားမိလိုက်တာကြောင့် မျက်လုံးကို ကျယ်ကျယ် ပြန်ဖွင့်ကာ ခေါင်းထောင်လိုက်သည်။
" ကျန်းဟောက် နိုးလာပြီပဲ။ ကျွန်တော် ဘာလုပ်ပေးရမလဲ။ အစားစားရမယ် ထင်တယ်နော် "
ထယ်ရယ် မေးလိုက်ပေမဲ့ မျက်လုံးတောင် စုံမပွင့်သေးပါသော ကျန်းဟောက်က ပြန်မဖြေ။
" ထယ်ရယ် မနက်ဖြန် ဖျော်ဖြေပွဲရှိတယ်မလား။ ဘာလို့ ဒီမှာရောက်နေတာတုန်း။ ကိုယ့်အိပ်ယာမှာကိုယ် သွားအိပ်နေရမှာလေ "
အသံငယ်လေးနဲ့ ပြန်မေးတော့ ထယ်ရယ် ပြုံးပြလိုက်တယ်။
" အိပ်ယာထဲမှာ အိပ်မပျော်လို့ ဒီမှာ လာအိပ်နေတာ။ "
အသက်ရှူပြင်းပြင်းအသွင်းအထုတ်လုပ်လိုက်ကာ ကျန်းဟောက်က သူ့ခေါင်းသူ တစ်ချက်ကိုင်ကြည့်သည်။
" ခေါင်းနည်းနည်းမူးနေတုန်းပဲ။ သက်သာတာတော့ သက်သာသွားပြီ..အခန်းထဲ ပြန်အိပ်တော့မယ် "
" ကျွန်တော်နဲ့ အဆင်မပြေဖြစ်ထားလို့...ပင်ပန်းနေတဲ့ပုံပဲ"
ထယ်ရယ် ဒီလိုပြောလိုက်တဲ့အခါ ထင်ထားတဲ့အတိုင်း နားမလည်နိုင်ပုံ မျက်လုံးမျိုးနဲ့ အားလျော့စွာ ကြည့်လာ၏။
" ကိုယ့်ဘာသာလည်း အလုပ်တွေများသွားလို့ပါ။ အခုရက်ပိုင်း ကျောင်းမှာ ကိစ္စတွေ ဆက်နေတယ်။"
" ဒီညကျော်ရင် နှစ်သစ်ကူးပဲ ရောက်တော့မယ်။ ကျန်းဟောက်နဲ့ ဒီလိုကြီး ဆက်ဖြစ်မနေချင်ဘူး။ ကျွန်တော်ပဲ တောင်းပန်တယ်နော်။ နောက်ကို ဒီလိုမဖြစ်အောင်နေပါမယ်"
အီဂျောင်တိုက်တွန်းသလိုမျိုး ရည်းစားကို ချော့ရတာက လွယ်ကူပေမဲ့ " တောင်းပန်ပါတယ်။ နောက်ကို ဒီလိုမဖြစ်စေရပါဘူး " ဆိုတာတွေက ထယ်ရယ် ပြောနေကျစကားမဟုတ်ဘူး။ ဘယ်သူ့ကိုမှ ပြောဖြစ်မယ်လို့ မထင်ခဲ့တာ အခုတော့လည်း လွယ်လင့်တကူ ပြောထွက်သွားလေတော့ ကျန်းဟောက်က ကျေနပ်သွားပုံပင်။
ဒါပေမဲ့ စိတ်ပြေသွားတယ်တော့မဟုတ်သေးဘူး။
နေမကောင်းဖြစ်ထားလို့ စိတ်မကြည်တာလည်း ပါမည်။
ကျန်းဟောက်က ထယ်ရယ့် စကားကို လျစ်လျူရှူပြီး ပါးစပ်ဟသမ်းလိုက်တာကို သူ့လက်နဲ့သူ ပြန်ကာရင်း ထသွားသည်။
" တစ်ခုခုစားပြီးမှ အိပ်ပါလား "
" နိုးမှပဲ စားတော့မယ်။ ထယ်ရယ်လည်း သွားအိပ်တော့။ မနက်ဖြန် ပင်ပန်းအုံးမှာကို မဆင်မခြင်နဲ့ "
နာရီမကြည့်ရသေးတဲ့ ကျန်းဟောက်က လူအိပ်ချိန်မှန်းတော့ သိသေးလို့ စကားတိုးတိုးပြောနေပြီး လူကိုယ်တိုင်ကလည်း အသံမထွက်နိုင်ဖြစ်နေတာကို ဆူဖြစ်အောင် ဆူသေးတယ်။
အိမ်အပေါ်ထပ်ကို တက်သွားတဲ့ ကျန်းဟောက်နောက်ကလိုက်ရင်း ကျန်းဟောက်အခန်းထဲကိုပါ ဝင်မလို့ပြင်လိုက်တော့ မျက်စောင်းထိုးပြီး လှည့်ကြည့်တယ်။
" အတူတူလာအိပ်မယ် စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။ ကိုယ် ခေါင်းမူးနေတာ။ ပြီးတော့..တစ်ယောက်တည်း နေပါရစေ တစ်ရက်နှစ်ရက်လောက် "
ဒီညတောင်မဟုတ်ဘူး။ နောက်ထပ် တစ်ရက်နှစ်ရက်ဆိုတော့ ထယ်ရယ့်ကို မကျေနပ်သေးဘူးဆိုတဲ့ သဘောဖြစ်နေပြန်ပြီ။
ထယ်ရယ် အရှူံးပေးလိုက်တာကို မြင်ရဲ့သားနဲ့ သက်သက် ထပ်ညစ်တာ မဟုတ်ဘူးလား။
အခန်းထဲဝင်ကာ တံခါးလော့ခ်ထိပိတ်ချသွားတဲ့ ကျန်းဟောက်ကို ထယ်ရယ် နည်းနည်းတော့ စိတ်ပြန်ဆိုးမိသည်။
" အတည်တောင်းပန်နေတာကို "
ပထမ ရန်ဖြစ်ထားတဲ့ အကြောင်းအရာထက် ကျန်းဟောက် အခုလိုလုပ်နေရခြင်းကို ပိုပြီး စိတ်လေးလာမိသည်။
ကျန်းဟောက် နေမကောင်းတဲ့အချိန်မှာ စကားပြောဖို့ မဖြစ်သေးတာကြောင့် ထယ်ရယ် ကိုယ့်အခန်းကိုယ်သာ တိတ်တိတ်လေးပြန်လိုက်တော့၏။
တံခါးဖွင့်သံကြောင့် အခန်းဖော်ဖြစ်တဲ့ ဂျီအွန်းဟျောင်းက နည်းနည်း လှူပ်သွားပေမဲ့ နိုးတော့မလာ။
ထယ်ရယ် စိတ်ထင်ရာ မလုပ်သင့်မှန်းမသိပေမဲ့ သက်ပြင်းမောတွေ ထပ်ခါထပ်ခါချပြီး အဆုံးတော့ အဝတ်အစားတစ်ချို့ကို အိတ်တစ်လုံးထဲပစ်ထည့်ကာ ဂစ်တာကိုယူပြီး အိမ်ပြင်ထွက်ခဲ့ပါတော့၏။
ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ
မနက် နေတောင်မထွက်သေးတဲ့အချိန် အခန်းတံခါးခေါက်သံက ပတ်ဟန်ဘင်းအိမ်မှာ မဖြစ်စဖူးပင်။
ဒီလိုအချိန် စိတ်ကူးပေါက်ပြီး ရောက်လာမှာမျိုးဆို အီဂျောင်ဟျွန်းဖြစ်မယ်လို့ ထင်လိုက်ပြီး တံခါးထဖွင့်လိုက်သည်။
ထိုစဉ် အထုပ်တစ်ထုပ်ဆွဲပြီး အိမ်ရှေ့ရောက်နေတဲ့သူကြောင့် မျက်လုံးပြူးချင်စရာ။
" ထ..ထယ်ရယ် ဘာလာလုပ်နေတာ ? ဒီလောက်အစောကြီး "
ဟန်ဘင်းအိမ်ကို ခဏခဏရောက်ဖူးတဲ့လူပဲမို့ ထယ်ရယ်က အိမ်ထဲကို အရင်ဝင်လာပြီး ဟန်ဘင်းရဲ့ အိပ်ခန်းထဲကို တန်းနေအောင် ဝင်သွားတော့၏။
" ဘာဖြစ်လာတာလဲ လို့ "
ဟန်ဘင်း မေးတာကို ထယ်ရယ်က ကျီးစာပျောက်သလိုမျက်နှာမျိုးနဲ့ ဟန်ဘင်းအိပ်ယာပေါ် အိပ်နေရင်းက သက်ပြင်းကြီးချပြန်သည်။
" နည်းနည်း စိတ်ဓာတ်ကျလာလို့.. မင်း အိမ်မှာ နှစ်ရက်လောက်နေမယ် "
" ဆေးရုံသွားရမှာ မဟုတ်ဘူးလား ဘာလို့ ဒီကိုလာတာလဲ "
" ပတ်ဟန်ဘင်း ! ငါ မရူးသေးပါဘူးနော် "
" မရူးသေးရင် သူများအိပ်ယာပေါ်က ဆင်းပေးပါအုံး။ အိမ်ရှင်က ဘယ်မှာ အိပ်ရတော့မှာလဲ "
ပတ်ဟန်ဘင်း စွာရင် ထယ်ရယ် တော်ရုံလိုက်မမီပါ။ ထယ်ရယ်ကတော့ ဟန်ဘင်းရဲ့ ကုတင်မထားသော ခြောက်လက်မမွေ့ရာပေါ်ကနေ လှိမ့်ဆင်းပြီး ကြမ်းပြင်ပေါ်တင် ဆက်လှဲနေမိသည်။
" ကျန်းဟောက်နဲ့ ရန်ဖြစ်ထားတယ်လို့ကြားတယ်။ အခုထိ အဆင်မပြေသေးလို့လား "
ထယ်ရယ် လေးလံစွာ ခေါင်းငြိမ့်လိုက်သည်။
" ဘာကြောင့် ရန်ဖြစ်တာလဲ ပြောလို့ရလား "
" မရဘူး အဲ့တာတော့ "
ဟန်ဘင်းက မန်နေဂျာလည်း ဖြစ်သလို သူငယ်ချင်းလည်းဖြစ်သည်။ အဲ့တာအပြင် သဘောကျရတဲ့တစ်ချက်ကတော့ စည်းတွေဘောင်တွေကို အလေးထားတဲ့သူဖြစ်တာကြောင့်။
ထယ်ရယ်က ပြောပြလို့မရဘူးဆိုရင် ဆက်မမေးတာက ပတ်ဟန်ဘင်း အကျင့်ပင်။
" အဲ့တာဆို ဘယ်သူက မှားတာလဲတော့ ပြောကြည့်လေ "
" ငါ မှားတာ.. နည်းနည်း "
" အာ..အဲ့လောက်ဆို မင်း မီးရှိူ့ထားတာပဲ "
" ဟမ် "
" မင်းပါးစပ်က ပြဿနာသေးသေးလေးဆိုတာတွေက ပြေးကြည့်လိုက်ရင် အမြဲ ပွက်လောရိုက်နေတဲ့ဟာ "
ဟန်ဘင်းက ဆတ်ကနဲ တိုက်ခိုက်သွားတာကို ပထမဆုံးအနေနဲ့ မှန်နေသယောင်ယောင် ထင်လိုက်၏။
အဲ့တာက ထယ်ရယ့်ကို အပြစ်ရှိစိတ်ပိုဝင်စေသလို ကျန်းဟောက် ပြန်မခေါ်သေးတာအတွက် အကြောင်းအရင်းကိုလည်း ဆန်းစစ်ဖြစ်သည်။
" မင်းနဲ့ အီဂျောင်ဟျွန်းနဲ့ တစ်လေသံတည်းပဲ "
သက်ပြင်းထပ်ကာချလိုက်ရင်း ပြောတော့ ပတ်ဟန်ဘင်းလေသံက တွေတွေဝေဝေဖြစ်သွားတာ သိသာပါ၏။
" ဒါပေမဲ့ မင်း ဒီလောက်ဖြစ်လာပုံထောက်ရင် ကျန်းဟောက်ကို ချော့ပြီးပြီထင်တယ်။ အဲ့တာကိုမှ အဆင်မပြေသေးတာလား "
ဟန်ဘင်းရဲ့ အမေးကို ထယ်ရယ် ခေါင်းငြိမ့်ပြလိုက်၏။ အိမ်ပိုင်ရှင်က သူ့ကုတင်မှာသူ လှဲလိုက်ရင်း စကားဆက်ပြောမယ့်ဟန်။
" သာမာန်လိုစကားပြန်ပြောပေမဲ့..တစ်ရက်နှစ်ရက်လောက် တစ်ယောက်တည်း နေချင်တယ်လို့လည်း ပြောတယ်။ ကျန်းဟောက်က အဲ့လိုပြောတော့ စိတ်ထဲမကောင်းဖြစ်လာပြီး..ဒီကိုလာခဲ့တာ ချက်ချင်း"
" ဂင်မ်ထယ်ရယ့်လို အကြောတင်းကို စိတ်မကောင်းဖြစ်အောင်လုပ်နိုင်ပုံထောက်ရင် ကျန်းဟောက်လည်း တော်တော် ဇရှိတာပဲ "
အရင်ရည်းစားတွေနဲ့မှာ ထယ်ရယ်ဆိုးသမျှကို အီဂျောင်ဟျွန်းထက်ပင် ပိုသိနေသူက ပတ်ဟန်ဘင်းဖြစ်တာအလျောက် ထယ်ရယ့်ကိုစ၏။
" မင်းကလည်း အရမ်းကြီးမတွေးနဲ့။ အဲ့လိုဖြစ်နေတာ မင်းနဲ့မတူဘူး။ ပြီးတော့ အိမ်ကနေပါထွက်လာခဲ့တယ်ဆိုတော့ ထူးဆန်းတယ်..ကြက်သီးထချင်စရာ "
ထယ်ရယ် ငေါက်ကနဲ ထထိုင်လိုက်ရင်း ဟန်ဘင်းကို မျက်စောင်းထိုးကြည့်လိုက်သည်။
" ငါ ပိုက်ဆံအိတ် အိမ်မှာ ကျန်နေခဲ့တယ်လို့ ပြောရင် အဲ့တာကပိုပြီး ကြက်သီးထဖို့ကောင်းမယ်ထင်တယ်။ တစ်ရက်နှစ်ရက်လုံး ငါ့ကို ထမင်းကျွေးမယ်ဆို ပတ်ဟန်ဘင်းပိုက်ဆံအိတ်နဲ့ ကဒ်ထဲ အနှူတ်များ ပြသွားမလား "
" မေမေ့ဆီသွားလေ။ မင်းက မွေးစားသားပဲဟာ မေမေကျွေးလိမ့်မယ်။ ငါတော့ မကျွေးနိုင်ဘူး "
" မင်းကို အီဂျောင်ဟျွန်းက ကျွေးနေတဲ့ဟာ ကပ်စေးမကုပ်ပါနဲ့ "
အီဂျောင့်နာမည်ပါတာနဲ့ ရှက်သလိုလို ပြာသလိုလို ဖြစ်သွားတဲ့ ပတ်ဟန်ဘင်းက ရယ်တော့ ရယ်ချင်စရာ။
တစ်ခါတစ်လေမှာတော့ ဟန်ဘင်းနဲ့ ထယ်ရယ် နှစ်ယောက်တည်းရှိနေချိန်မှာ အီဂျောင်ဟျွန်းအကြောင်းက ပြောဖို့ နေရခက်စရာဖြစ်တတ်သည်။
အီဂျောင်က ထယ်ရယ့်ရဲ့ ချစ်သူရည်းစားဘဝအတွက် လိုအပ်ရင်လိုအပ်သလို ကြားဝင်ကူညီပြီး အကြံပေးတတ်တဲ့ သူငယ်ချင်းဖြစ်နေတဲ့တိုင် ထယ်ရယ်ကတော့ အီဂျောင်နဲ့ ပတ်ဟန်ဘင်းကြား ဝင်ပါလို့ကောင်းနေတဲ့ သူငယ်ချင်း ဟုတ်မနေ။
" ထယ်ရယ် မအိပ်ရင်လည်း မေမေ့ဆီသွားပြီး ကြက်ကြော်စားရအောင်။ ငါလည်း မနက်စာ မချက်ချင်ဘူး။ ပြန်အိပ်ပျော်တော့မှာလည်း မဟုတ်။ တစ်လက်စတည်း ညနေက နယ်လှည့်ဖျော်ဖြေပွဲအဖွင့်မို့ ကြည့်ကောင်းအောင် ဒါမီ့အတွက် ပန်းစည်းယူသွားပေးမလား စဉ်းစားနေတာ band နာမည်နဲ့ပေးလိုက်ဖို့"
လိုက်ကာကြားကနေမှ နေထွက်ကာစပြုနေပြီမို့ ထယ်ရယ်လည်း ခေါင်းငြိမ့်လိုက်တော့သည်။
ပတ်ဟန်ဘင်းအိမ်က ကြက်ကြော်ဆိုင်နဲ့ တစ်လမ်းတည်းက နှစ်အိမ်ကျော်လောက်မှာ ဟန်ဘင်းမေမေဖွင့်ထားတဲ့ ပန်းဆိုင်အသစ်စက်စက်လေးပင်။
" ဆိုင်တောင်မဖွင့်သေးတာကို ဒီကလေးတွေရယ်။ မနက်စာ လာစားမယ်ပြောရင် သက်သက်ချက်ထားပေးပါတယ်။ "
ကြက်ကြော်တွေကို ရှေ့မှာလာချပေးရင်း ဟန်ဘင်းအမေက ပြောကာ မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။
" ဪ ဒါနဲ့ ထယ်ရယ် "
စားနေရင်းမှ ဟန်ဘင်းက တစ်ခုခုကို သတိရသွားပုံ။
" ဒါမီက ဆိုးလ်မှာပဲ အပိတ်ပွဲကို ဖျော်ဖြေမှာမလား။ အဲ့ဒီနောက်ဆုံးပွဲမတိုင်ခင် ရှေ့က ဘူဆန် concert နဲ့ နှစ်ပါတ်လောက်ခြားတယ်လေ။ အဲ့တာ ငါ့ကို ပြောထားတာ သိပ်မကြာသေးဘူး။ "
" အင်း "
" မင်းအဆင်ပြေရင် Duet အနေနဲ့ acoustic cover song stage တစ်ခု ထပ်ထည့်ချင်တယ်တဲ့။ အပိတ်ပွဲမှာ"
" ငါ ? ငါက ဘာလို့လဲ။ ငါ သီချင်းမှ မဆိုတာ.. သီချင်းဆိုရမှာမလား အဲ့တာက "
" မင်း သီချင်းဆိုတတ်တာပဲကို ငါကတော့ လက်ခံလိုက်တာ ကောင်းမယ် ထင်တယ် "
" ခက်တာပဲ... အမြဲတမ်းက ကိုကို့ကိုပဲ သီချင်းဆိုပြတာဆိုတော့ "
ပတ်ဟန်ဘင်းမှာ ပြောစရာစကားမရှိတော့ချေ။
လူကြည့်တော့ ရည်းစားနဲ့ ရန်ဖြစ်ထားတာကို ပြောင်ချော်ချော်လုပ်နေသေးတယ်။
" ဂျောင်ဟျွန်း ဒီည ငါ့အိမ်လာမယ် ပြောထားတာ။ မင်း သူနဲ့ရော ရန်ဖြစ်ခဲ့သေးတာလား "
" ပူညံပူညံလုပ်လို့ နည်းနည်းတော့.. "
ထယ်ရယ့်ရဲ့ တစ်ဝက်တစ်ပြတ်မှာ ရပ်သွားတဲ့ စကားကို ဟန်ဘင်းက သဘောပေါက်ပြီး ခေါင်းငြိမ့်ပြသည်။
" အဲ့တာဆို မလာနဲ့လို့ ပြောလိုက်မယ်။ မင်း လွတ်လွတ်လပ်လပ်နေလို့ရအောင် ထယ်ရယ် "
" ကျေးဇူးပဲ။ ပတ်ဟန်ဘင်း အကောင်းဆုံး "
" မကောင်းရင် အလုပ်ပြုတ်မှာကို "
မျက်လုံးတွေ မှိတ်ကျသွားအောင်ပြောရင်း ကြက်ကြော်ဆက်စားတဲ့ ဟန်ဘင်းကြောင့် နည်းနည်းတော့ စိတ်သက်သာရာရသလို ဖြစ်သွားပါ၏။
ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ
ညဘက် ဖျော်ဖြေပွဲ ပြီးတော့ စင်နောက်မှာ အလုပ်သိမ်းတဲ့ လူတွေက တရုန်းရုန်းဖြစ်နေကြသည်။ ထယ်ရယ်လည်း ရုတ်တရက် မနက်က ဟန်ဘင်းပြောထားတဲ့ ကိစ္စကို သတိရသွားလို့ အဆိုတော်ဖြစ်သူနဲ့ တိုက်ရိုက် တွေ့ကြည့်ဖို့ စဉ်းစားလိုက်မိသည်။
SOMMI ရဲ့ နာမည်နဲ့ နားနေခန်းက မန်နေဂျာ ထွက်လာတော့
" ကျွန်တော် ဒါမီနဲ့ ခဏတွေ့လို့ရမလား "
" ဟ..ဟုတ် "
မန်နေဂျာက ကြောင်အမ်းအမ်းနဲ့ အခန်းထဲကို အသိပေးပြီးမှ ထွက်သွားတော့ အခန်းထဲကို ဒီအတိုင်း ဝင်သွားမိသည်။
" အစ်ကိုထယ်ရယ် ထိုင်ပါ။ ညီမလည်း ပြောစရာရှိနေတာ "
ပြုံးပြုံးနဲ့ ဘေးနားက ထိုင်ခုံကို ညွှန်ရင်း ဖိတ်တာကြောင့် နေရခက်စွာ ဝင်ထိုင်လိုက်သည်။
ထို အဆိုတော်ကလေးမက ထယ်ရယ့်ထက် အသက်နှစ်နှစ်လောက် ငယ်ပါသေး၏။
" ဒီမနက်ပဲ မန်နေဂျာဆီက ဒါမီ ကမ်းလှမ်းထားတာကို ကြားခဲ့ပါတယ်။ ဂုဏ်ယူမိပေမဲ့ စဉ်းစားချင်သေးတယ်ဆိုတာတော့ သေချာ အသိပေးရမယ်ထင်လို့။ ဟို.. တစ်ခါမှလည်း လူတွေအများကြီးရှေ့ သီချင်းမဆိုဖူးဘူး.. ပြီးတော့ ကိုယ့်ကောင်လေးကိုလည်း ပြောရအုံးမှာကြောင့် "
ထယ်ရယ့် ပါးစပ်က ကောင်လေးဆိုတာ ထွက်သွားတော့ တစ်ဖက်က ကောင်မလေးက ရယ်သည်။
" ရပါတယ်။ အချိန်က လိုသေးတာပဲကို.. တစ်ခါတုန်းက အစ်ကို Instagram မှာ ကာရာအိုကေသွားရင်းနဲ့ သီချင်းဆိုထားတာ တင်ဖူးတယ်လေ။ post ပြန်ဖျက်လိုက်ပေမဲ့ မြင်လိုက်ရတော့ အဲ့တုန်းကတည်းက စဉ်းစားမိနေတာပါ။ ROSY နဲ့လည်း တောက်လျှောက် အလုပ်တွဲလုပ်နေတာဆိုတော့ အစ်ကိုထယ်ရယ်သာဆို ဝန်မလေးလောက်ဘူးလားလို့။ ပြီးတော့ တခြား artist တွေနဲ့ထက် သီချင်းမဆိုဖူးပေမဲ့ သီချင်းလည်းဆိုတတ်ပြီး လူတွေမြင်ကွင်းနဲ့လည်း မစိမ်းတဲ့သူပဲဆိုတော့ ထူးခြားသွားမလားလို့ပါ။ "
ထယ်ရယ် ပြုံးရုံသာ ပြုံးပြလိုက်သည်။ ကိုယ့်ကိုယ်ကို အထင်ကြီးတာမဟုတ်ပေမဲ့ တခြားအကြောင်းအရာကြောင့် နှစ်ယောက်တည်း stage လုပ်ဖို့ခေါ်တာ ဖြစ်မှာလည်း စိုးရသေး၏။
ထယ်ရယ့်မှာ ပိုင်ရှင်ရှိသည်လေ။
" အာ.. ညီမပဲ တွေးမိသွားတာလား မသိပေမဲ့ စိတ်မရှိပါနဲ့။ ညီမမှာလည်း ချစ်သူရှိပါတယ်နော်။ အထင်မလွဲအောင်လို့ အစ်ကို့ကို ပြောပြတာပါ။ တခြားသူတွေကိုတော့ မပြောပါနဲ့။ မန်နေဂျာအစ်မတောင် မသိသေးလို့ "
ခပ်သွက်သွက်နဲ့ အရိပ်အကဲ နားလည်တဲ့ ဒါမီက သေသေချာချာလေး အာမခံလာတော့ ရင်ထဲက အလုံးကြီးကျသွားသလို ထယ်ရယ် သက်ပြင်းချလိုက်သည်။
" အဲ့တာဆို သေချာလေး စဉ်းစားကြည့်လိုက်ပါမယ်။ "
အပြုံးနဲ့သာ နှူတ်ဆက်ခဲ့တဲ့ ထိုဆွေးနွေးမှူ အပြီးမှာတော့ တစ်ခါလောက် သီချင်းဆိုကြည့်တာလည်း မဆိုးဘူးလားလို့ပါ။
ပတ်ဟန်ဘင်းနဲ့တောင် အိမ်ပြန်လမ်း တစ်လျှောက်လုံး စကားတောင် မပြောဖြစ်ပဲ အတွေးတွေများလာရသည်။
ဖုန်းကို ဖွင့်ကြည့်လိုက်တော့ အချိန်က ညဆယ့်နှစ်နာရီကျော်သွားပြီ။ ထယ်ရယ် အိမ်ပြန်မလာဘူးဆိုတာလည်း ကျန်းဟောက်က အိပ်ယာထနောက်ကျခဲ့တယ်ဆိုရင် မသိလောက်သေးပေ။
အဲ့တာကို အရေးမထားနေတော့ပဲ ထယ်ရယ်ကပဲ Kakao Talk မှ တစ်ဆင့်စကားစပြောလိုက်ပါ၏။
" Happy New Year ကျန်းဟောက် "
စာကို ချက်ချင်း seen ပြသွားပေမဲ့ ပြန်စာမလာသေးပါ။ နောက်ထပ် ငါးမိနစ်နေလောက်မှ ကျန်းဟောက်ကလည်း တစ်ပုံစံတည်း " Happy New Year ထယ်ရယ် " လို့ ပြန်ပို့သည်။
အဲ့ဒီနောက် တစ်ခုခု ဆက်ပြောမယ်လို့ မထင်ထားပေမဲ့ ကျန်းဟောက်ဆီက message နောက်တစ်စောင် ဝင်လာသည်။
" အိမ်ပြန်မလာဘူးလား "
ကျန်းဟောက်ရဲ့ မေးခွန်းကြောင့် နည်းနည်းတော့ ပြုံးလိုက်သည်။
" ကျန်းဟောက် တစ်ယောက်တည်းနေချင်တယ်ဆိုလို့ ကျွန်တော် ပတ်ဟန်ဘင်းအိမ်ကို မနက်ကတည်းက ထွက်လာတာ "
" ကျန်းဟောက် နေကောင်းသွားပြီလား "
" အိမ်ပြန်လာခဲ့လို့ပြောရင် အိမ်ကိုပဲ တန်းပြန်လာခဲ့မယ် "
စာတွေ ဆက်တိုက်ပို့လိုက်ပါလျက် ကျန်းဟောက်က ဖုန်းပဲပိတ်သွားတာလား။ ကားရဲ့ လမ်းကြောင်းက ပတ်ဟန်ဘင်း အိမ်ရှေ့ပင် ရောက်တော့မယ် message တွေကို မဖတ်ပါ။
" ဂင်မ်ထယ်ရယ် ဘေးကနေ ထိုင်နေရင် အဲ့လောက် လှူပ်စိလှူပ်စိမနေပါနဲ့လား။ ငါ ကားမောင်းတာ အာရုံမရဘူး "
" ဆောရီး.. ကျန်းဟောက် ငါ့ကို စာမပြန်တော့လို့ "
အဲ့လိုပြောလိုက်ပြီးပြီးချင်းမှာ message ဝင်လာတဲ့ အသံဟာ ဆက်တိုက်မြည်လာပါ၏။ ပတ်ဟန်ဘင်း တိုက်ခန်းအောက်က ကားပါကင်ကိုတောင် ရောက်နေပြီ။
"အိမ်ကို"
" ပြန်လာခဲ့ "
" မြန်မြန်လေး"
ထယ်ရယ့် မျက်နှာ မှိူရသလို ဖြစ်သွားတာကိုများ ပတ်ဟန်ဘင်းက မြင်သွားသလား။ မျက်စောင်းထိုးပြီး ဘာပြောလို့ ဒီလောက်ဖြစ်နေရတာလဲဆိုတဲ့ အကြည့်မျိုးနဲ့ မေးတစ်ချက်ငေါ့ကာ မေးသည်။
" အိမ်ပြန်လာခဲ့တဲ့။ ငါ့ကို အိမ်ပြန်လိုက်ပို့ပေးပါလား "
သတင်းကောင်းကြောင့် ဟန်ဘင်းလည်း ပြုံးနိုင်သွားပုံရသည်။ ခုနကအထိ မှိူင်တွေနေတာ သူမဟုတ်သလိုပဲ။
" အဲ့တာဆို မင်းရဲ့ အထုပ် သွားယူလိုက်။ အခန်းနံပါတ် သိတယ်မလား။ ငါကားပေါ်ကပဲ စောင့်နေလိုက်မယ်"
ထယ်ရယ် ခေါင်းငြိမ့်ကာ မြန်မြန်ပဲ ပြေးထွက်သွားသည်။
ဟန်ဘင်းကတော့ ခေါင်းတစ်ခါခါနဲ့ ကားထဲမှာပဲ စောင့်နေခဲ့ပါ၏။
" ဂင်မ်ထယ်ရယ် ကိုကိုထိပ်ထားစံလုပ်နေတာပဲ"
နောက်ဆုံးတော့လည်း လောကမှာ ကိုင်တွယ်ရအခက်ဆုံးက အချစ်ရူးတွေကိုး..။
ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ
a/n: slow update ပါပဲရှင်~
ထယ်ရယ်လေး တစ်စတစ်စ အလံစိမ်းလာတဲ့အချိန် သူ့ကိုကိုကတော့ ဖြည်းဖြည်းချင်းအလံနီလေးတွေပေါ်နေပါပြီ TT