အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)

8.8K 1.5K 200
                                    

[တောင်သခင်ယဲ့က အင်မတန်မှ သမာသမတ်ကျလှတယ်လို့ သတင်းကြားရတယ် ]

"နာ့ရှီးရှစ်ပါခင်ဗျာ"

ထိုစကား ထွက်လာတော့ လူတိုင်း အံ့ဩသွားကာ နောက်တစ်ခေါက် သေသေချာချာပြန်ကြည့်ဖို့ ဝိုင်းအုံလာပြန်၏။

"ဘယ်လိုလုပ်ပြီး နာ့ရှီးရှစ်က ကျွေ့ယင်နန်းရဲ့လက်ထဲ ရောက်လာတာလဲ"

"ချူရှိန့်က သူ့ကို အစဖျောက်ပစ်ဖို့လုပ်နေတာ၊ အဲ့ချိန်မှာတင် ကျွန်တော်မျိုးတို့ရဲ့ဂိုဏ်းချုပ်က သူ့အသက်ကို ကယ်လိုက်ခဲ့တာပါ။ သေချာပြန်ချင့်ချိန်လိုက်တော့ ဒီလူက အကျိုးတစ်ခုခုရှိလာနိုင်တယ်ဆိုပြီး အရှင်မင်းမြတ်ကို ဆက်သဖို့ ဂိုဏ်းချုပ်က ကျွန်တော်မျိုးတို့ကို ဒီနေရာမှာ စောင့်ကြိုခိုင်းခဲ့တာပါဘုရား"

"ချူရှိန့်က နာ့ရှီးရှစ်ကို အစဖျောက်ပစ်ချင်နေတယ်၊ ဟုတ်လား။ သူ့အကျင့်စရိုက်နဲ့ဆိုရင် နာ့ရှီးရှစ်က ရုပ်သေးရုပ်တစ်ရုပ်ဖြစ်နေမယ်ဆိုရင်တောင် ဆက်ကျွေးထားမှာလေ"

ချူယွမ်က ဒီကိစ္စကို အတော်လေး အံ့ဩနေ၏။

"ပြောရမယ်ဆိုရင် ဇာတ်ကြောင်းက အရှည်ကြီးပဲဘုရား"

ဂွီ!!!!!

အရိပ်တပ်သား၏ဝမ်းဗိုက်မှ အသံဗလံများထွက်လာ၏။

"စကားမစပ်၊ ဟိုမီးပုံကို အသုံးပြုလို့ရမလားဘုရား။ တောကြက်တွေ ကင်စားမလို့ပါ"

ယဲ့ကျင် - "....."

ချူယွမ်က ရယ်ချင်စိတ်ကို အောင့်အီးသည်းခံလိုက်သည်။

"စခန်းထဲမှာ မုန့်ပဲသရေစာတွေ ကြက်ကင်တွေ ရှိသေးတယ်နော်"

"မလိုပါဘူးဘုရား။ တာ့ချူတပ်မတော်အပေါ် နည်းနည်းလေးမှ အကျိုးအမြတ်မယူဖို့ကျွန်တော်မျိုးတို့ရဲ့ သခင်လေးက အတန်တန်မှာကြားထားပါတယ်။ ပေါက်စီတစ်လုံး၊ ဆန်ပြုတ်တစ်ပွဲတောင် မယူရဘူးတဲ့"

ထိုတပ်သားက ကျောပေါ်ပိုးထားသောအိတ်ထဲမှ ကြက်တစ်ကောင် နှိုက်ယူလိုက်ကာ မြေပေါ်ထိုင်ပြီး အမွေးနှုတ်လိုက်၏။

ထိုနေရာတွင်ရှိနေသာ တာ့ချူတပ်သားများကလည်း ကျွေ့ယင်ဂိုဏ်းသားများအပေါ်ထားရှိသော သဘောထားအမြင်များကို ပြောင်းလဲပစ်ရတော့မည်ဟု တွေးမိလိုက်ကြသည်။ သူများတကာတွေ ပြောဆိုနေကြသော ကောလာဟလများထဲကလို ကျွေ့ယင်တပ်သားများမှာ ဉာဏ်နီဉာဏ်နက်များပြီး ဆိုးသွမ်းနေသောသူများ မဟုတ်ကြဘဲ စည်းမျဥ်းစည်းကမ်း အတည်တကျ လိုက်နာကြသောသူများ ဖြစ်နေပါတကား ။ အာဏာကို အလွဲသုံးစားပြုပြီး ရောက်သည့်နေရာတိုင်း ဂိုဏ်းအတွက် ဆက်ကြေးတောင်းသည်ဆိုသည်မှာ အချင်းချင်းယိုးစွပ်တိုက်ခိုက်ဖို့ အခြားဂိုဏ်းကဖန်တီးထားသော မုသားစကားများသာ ဖြစ်လောက်ပေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now