[ဒီကသခင်လေးကို မျက်စိကျတဲ့လူ ရှိတယ်]
ပင်လယ်လေမှာ အတော်ပင် ပြင်းထန်စွာ တိုက်ခတ်နေ၏။ သွမ့်ပိုင်ယွဲ့က ခေါင်မိုးထပ်တွင် ရပ်နေကာ မျောလွင့်နေသော တိမ်တိုက်များက်ု ငေးကြည့်နေသည်။
"သောက်မလား"
စစ်ကုန်းလွီ့က အရက်တစ်အိုးယူလာကာမေးလာတော့မှ သွမ့်ပိုင်ယွဲ့က အတွေးစပြတ်တောက်သွားသည်။
"မင်းကိုယ်တိုင် ချက်ထားတဲ့အရက်လား"
သွမ့်ပိုင်ယွဲ့က မေးလာခြင်းဖြစ်သည်။
"အေး"
"ဒါဆို မသောက်တော့ဘူး"
သွမ့်ပိုင်ယွဲ့က ခေါင်းခါပြလိုက်သဖြင့် စစ်ကုန်းလွီ့လည်း အရက်အိုးကို ပြန်ယူလိုက်သည်။
"အတော်ပဲ၊ ဒီအရက်က ငါ မင်္ဂလာဆောင်တဲ့ရက်တုန်းကစပြီး အမြတ်တနိုး သိမ်းထားတဲ့ ဟုန်ကျင်းအရက်ပဲ၊ သူများကို မတိုက်ရက်တာနဲ့ မင်းမသောက်တော့လည်း အတော်ပဲပေါ့။ ဒါပေမယ့် မင်းက တစ်ချိန်လုံး ထိုင်ဆွေးနေတာဆိုတော့ ငါလည်း မနေနိုင်ဘဲ တစ်အိုးလောက် သွားဆွဲလာတာ၊ မူးလိုက်ရင် ပိုကောင်းမလားဆိုပြီး။ မဟုတ်ရင် မင်း စိတ်ဖောက်ပြီး ပင်လယ်ထဲ ခုန်ဆင်းသွားမှဖြင့်"
"ဘာကိစ္စ ငါက ပင်လယ်ထဲ ခုန်ဆင်းရမှာလဲ"
"မင်းပုံစံ အရင်ကနဲ့မှ မတူတာ၊ အခုဆို အားတာနဲ့ အမြဲ တွေးတယ်ငေးတယ်၊ တစ်ခါငေးလိုက်ဆွေးလိုက်ရင်လည်း အကြာကြီးမှအကြာကြီး။ မင်းဟာမင်း မျက်နှာဖုံး ဘယ်လိုပဲတပ်ထားတပ်ထား အချစ်တွေ အလွမ်းတွေ ပြည့်နေတဲ့ မင်းမျက်လုံးတွေကို မဖုံးထားနိုင်ပါဘူး။ အရက်လာတိုက်မယ့်လူတစ်ယောက်ယောက်များ လိုနေသလားလို့ပါ"
သွမ့်ပိုင်ယွဲ့ ရယ်မိသွား၏။
"တကယ်ဆွေးနေတာဆိုရင်ကော - "
"ငါသာ မင်းနေရာမှာဆိုရင် ရုပ်ပျက်ဆင်းပျက်ဖြစ်ရုံမကလို့ ၊ တစ်ကိုယ်လုံး အဆိပ်တွေဖြစ်နေရုံမကလို့ မိစ္ဆာအစစ်ကြီးဖြစ်သွားရင်တောင် ငါချစ်တဲ့လူကို ငါ ကိုယ်တိုင် သွားမေးကြည့်ဦးမှာ။ ငါ့ကို ချစ်နိုင်သေးမလား၊ ငါ့နောက်ကို လိုက်ရဲဦးမလားဆိုပြီး"
![](https://img.wattpad.com/cover/219484667-288-k262617.jpg)