အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)

9.6K 2K 101
                                    

[မြူနှင်း ယန္တရား]

မြောက်ဘက်ယာယီနန်းဆောင် စတင်တည်ဆောက်ခဲ့ခြင်းမှာ ရွှေမြို့တော်၏နွေအပူဒဏ်ကိုရှောင်ရှားရန်အတွက်သာ ဖြစ်ခဲ့ပြီး အပြစ်သားများကို ချုပ်နှောင်ထားရန်မဟုတ်သောကြောင့် နန်းဆောင်၏ အချုပ်ခန်းအတွင်း၀ယ် ဆွီ့ကူးတစ်ယောက်တည်းသာရှိပေသည်။ သူမကတော့ ကြမ်းပြင်ပေါ်ထိုင်ကာ ထောင့်တစ်နေရာကို ငေးကြည့်လျက်။ ဆံနွယ်များကလည်း အနည်းငယ်ရှုပ်ပွနေသည်၊ သို့သော်လည်း အရမ်းဆိုးရွားလှသည်တော့မဟုတ်။

"တယ်!!!! အရှင်မင်းမြတ်ကို ဂါရဝပြုရကောင်းမှန်းမသိဘူးလား"

အချုပ်ခန်းစောင့်က သူမအား အော်ဟစ်ကြိမ်းမောင်းလိုက်တော့မှ သူမက ချူယွမ်အား မော့ကြည့်လာ၏။ မျက်၀န်းများထဲ အံ့အားသင့်သောအရိပ်အယောင်များသမ်းလို့။

ဒီမတိုင်ခင် သူမအား ဆက်လက်စစ်ဆေးမေးမြန်းရန် ရှီးနန်၀မ်လက်ထဲ လွှဲပြောင်းအပ်နှံမည်ဟု ကျင့်လျိုထျဲန်းပြောထားသည်မဟုတ်လား။ထို့ကြောင့်လည်း ဤနေရာကို ရှီးနန်၀မ်ပိုင်ဆိုင်သော စံအိမ်တစ်ခု၏ အချုပ်ခန်းဟု သူမအမြဲထင်မှတ်နေခဲ့သည်။ ယခုလိုမျိုး ရေမြေ့သခင် ဧကရာဇ်အရှင်ကိုယ်တော်တိုင် ကြွရောက်လာမည်ဟု သူမ လုံး၀မထင်မှတ်ထားခဲ့။

"ဆွီ့ကူးဆိုတာ မယ်မင်းလား"

ချူယွမ်မေးလာခြင်းဖြစ်၏။

"မှန်လှပါဘုရား၊ အရှင်မင်းမြတ်ကို ကျွန်တော်မျိုးမ ဂါရ၀ပြုပါတယ်"

ဆွီ့ကူးက ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်လိုက်ကာ ဣရိယာပုတ်ပြောင်းလိုက်၏။

"ထလိုက်ပါလေ။  မယ်မင်းသာ ဖြစ်ကြောင်းကုန်စင်ကို တစ်စက်မှမကျန်အောင် ပြောပြ၀န်ခံမယ်ဆိုရင် ၊ အမှားကျူးလွန်ထားတာမျိုးမရှိရိုးမှန်ရင် မယ်မင်းကို အပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုတော်မူမယ်။ အမှားရှိခဲ့ရင်တောင်မှ ကိုယ်တော်မြတ်ကိုသာ သေချာလက်ကမ်းပြီးကူညီခဲ့ရင် လေးတဲ့အပြစ်ကို ပေါ့ပါးစေမယ်၊ အနည်းဆုံးတော့ အသက်ချမ်းသာရာရပြီး ဟိုကလေးငယ်ကိုလည်း တွေ့ခွင့်ရမယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now