[ရှီးနန်ဝမ်က စံအိမ်တော်ကနေတောင် ခိုးထွက်သွားပြီတဲ့]
သင်္ဘောဆိပ်ဝယ်။
အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က သားငယ်လေးကိုပွေ့ချီကာ သူတို့အား အဝေးမှပင် လက်ပြနှုတ်ဆက်လာ၏။
"မိန်းမရေ!!!!!!!"
စစ်ကုန်းလွီ့မှာ သင်္ဘောထိပ်တွင်ရောက်နေကာ အလောတကြီး ဆင်းသွားချင်နေပေပြီ။
"အားလားလား၊ အချစ်တွေငတ်နေတဲ့ မင်းမျက်နှာကိုကြည့်စမ်းပါဦး"
သွမ့်ပိုင်ယွဲ့က အရမ်းကဲနေသော စစ်ကုန်းလွီ့ကို ကြည့်ရင်း ပြောလိုက်၏။
"အေး၊ နောက်ဆုံးတစ်ခါ ထပ်ပြောမယ်။ ကမ်းပေါ်တက်တာနဲ့ ရည်းစားစာအကြောင်း လုံးဝထုတ်မပြောကြေး၊ ကြားလား"
စစ်ကုန်းလွီ့မှာ အံတင်းတင်းကြိတ်ကာ သတိပေးလာ၏။
သွမ့်ပိုင်ယွဲ့မှာ ဖော်ရွေပျူငှာစွာ ပြုံးပြရင်းခေါင်းညိတ်လိုက်၏။
စစ်ကုန်းလွီ့မှာ ကမ်းကပ်သည်နှင့် ရေပြင်ပေါ်ခုန်ချလိုက်ကာ ကုန်းပေါ် တက်သွားလိုက်သည်။ အဝါရောင်ဝတ်ရုံနှင့်အမျိုးသမီးမှာ သားဖြစ်သူကို စစ်ကုန်းလွီ့ထံ လွှဲပြောင်းပေးလိုက်ကာ စစ်ကုန်းလွီ့၏အင်္ကျီစကို သေချာသေသပ်အောင် ညှိပေးနေ၏။ မိသားစုငယ်လေးမှာ အချင်းချင်းစနောက်ကျီစယ်ကာ ရယ်မောပျော်ရွှင်နေကြ၏။
သွမ့်ယောင်မှာ သက်ပြင်းမချဘဲမနေနိုင်တော့။ မိမိနောင်တော်နှင့် နှိုင်းယှဥ်လိုက်လျှင် လူတိုင်းက လွန်စွာကံကောင်းနေသည့်အပြင် သိုင်းလောကထဲက တခြားလူတွေလည်း ကိုယ့်မိသားစုလေးနှင့်ကိုယ် သိုက်သိုက်ဝန်းဝန်းလေးတွေဖြစ်လို့။
သွမ့်ပိုင်ယွဲ့က ညီဖြစ်သူ၏ ဂုတ်ကိုဆွဲကာ လှေပေါ်မှ ခုန်ဆင်းလာ၏။
"အစ်ကိုကြီးသွမ့်"
ရှို့ရှို့က သူတို့အားပြုံးပြရင်း နှုတ်ဆက်လာ၏။
"အစ်ကိုလွီ့က အစ်ကိုကြီးသွမ့်နဲ့ ယောင်အာတို့ကို သွားကြိုမယ်ဆိုပြီး ပြောထားတော့.... ကျွန်မတောင် မနက်ကတည်းက ရောက်မယ်ထင်ထားတာ၊ အခုမှ ရောက်လာကြတာပါ့ရော"