အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)

Start from the beginning
                                    

တံငါအိုကြီးက တစ်ကြိမ်တည်းနှင့် ငါးနှစ်ကောင်ကို ပြိုင်တူဖမ်းလိုက်သည်နှင့် ပုံပမာတူမနေပေဘူးလား။ ထိုသို့သာဖြစ်သွားခဲ့လျှင် အနှစ်နှစ်အလလ ပျိုးထောင်စုဆောင်းလာခဲ့သော လူသူအင်အားများမှာ အလဟဿဖြစ်သွားကုန်မည်မဟုတ်လား။

"အဖေ၊ အဲ့ဒီရှီးနန်ဝမ်ကိုသွားတွေ့ဖို့ ကျွန်တော့်ကိုသာ လွှတ်လိုက်ပါတော့"

ချူချိန်က တောင်းဆိုလာ၏။

ချူဟိန်ကတော့ ဘာမှပြန်မပြော၊ ထို့ကြောင့် ချူချိန်က နောက်တစ်ခေါက် ဆက်ပြောလာ၏။

"သူက ပိုင်ကျန်းမြစ်ရဲ့ တောင်ပိုင်းနယ်မြေတစ်လျှောက်ကို လိုချင်တယ်တဲ့။ ကျွန်တော်တို့ကကျ မြစ်မြောက်ပိုင်းကိုပဲ လိုချင်တာဆိုတော့ ဘာအငြင်းပွားစရာမှမရှိပဲ။ ညီလာခံသဘင်ထဲက ဟိုပုဂ္ဂိုလ်ကြီး တဖြည်းဖြည်းနဲ့အာဏာပြန်သိမ်းသွားတာထက်စာရင် ရှီးနန်ဝမ်နဲ့စပ်တူ တိုင်းပြည်ကို တစ်ယောက်တစ်ဝက်ခွဲပြီး အုပ်ချုပ်လိုက်တာကမှ ပိုကောင်းမယ်မဟုတ်လား။ ဖအေတူ ညီအစ်ကိုအချင်းချင်းအပေါ်မှာတောင် သူ ဒီလောက်ရက်စက်ထားတာ၊ ကျွန်တော်တို့သားအဖလောက်ကတော့ အလွန်ဆုံးတော်စပ်ပြလိုက်ရင်တောင် ခပ်လှမ်းလှမ်းက သွေးမတော်သားမစပ် အနွယ်တော်အမည်ခံသက်သက်တွေပဲလေ။ သူ့ဘက်က လက်ကမ်းပြီး ကျွန်တော်တို့ကိုကူညီလာမယ်လို့ အဖေထင်နေသလား"

နောက်ဆုံးတော့ ချူဟိန်က ခေါင်းအနည်းငယ်ညိတ်ပြလိုက်ကာ ခွင့်ပြုလိုက်ပေသည်။

"ဟုတ်ကဲ့၊ သား နားလည်ပါပြီ"

*****

လီပေါင်းထောင်ချီဝေးကွာသော တစ်နေရာရှိလမ်းမကြီးတစ်ခုထက်ဝယ် တာ့ချူတပ်မတော်က လျင်မြန်စွာ ချီတက်လာကြ၏။ မျက်စိတစ်ဆုံး ရှည်လျားလှသော စစ်သည်တော်တန်းနှင့်အတူ နဂါးကိုးကောင်အသွင် ပုံဖော်ရေးဆွဲထားသည့် အောင်လံများကို တလူလူလွှင့်ထူထားကြသည်။

ချူယွမ်ကတော့ ရွှေရောင်သံချပ်ကာဝတ်ရုံကို ဝတ်ဆင်ထားကာ လက်စွဲတော်ဓားကိုကိုင်စွဲပြီး တာ့ချူတပ်မတော်ကို ကိုယ်တိုင်ဦးဆောင်လာခဲ့သည်။ နုနယ်ပျိုမျစ်သော ဧကရာဇ်အရှင်မှာ ရဲရင့်ထက်မြက်လှသော၊  ဩဇာအာဏာပြည့်ဝလှသော အသွင်တော်နှင့် ပြည့်စုံလှပေ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now