အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)

Start from the beginning
                                    

*****

ချူယွမ်ကတော့ ဥယျာဥ်တော်တစ်နေရာရှိ ဇရပ်တစ်ခုထဲထိုင်နေကာ စောင်းတီးသံအား နားသောတဆင်နေ၏။ ရှေ့မှောက်တွင်လည်း ရနံ့သင်းသော အမွှေးနံ့သာအိုးနှင့် လက်ဖက်ရည် တစ်ခရား ချထားသည်။

ယဲ့ကျင်က သူ၏ မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်ကာ -

" ခင်ဗျား ဘာလို့ အရမ်းကို သက်တောင့်သက်တာဖြစ်နေတဲ့ပုံ ပေါက်နေတာလဲ။ ဒီနေ့ ညီလာခံလည်း မတက်ဘူးကြားတယ်၊ နေမကောင်းဖြစ်ပြန်ပြီမှတ်လို့ "

"ဟိုမှူးမတ်တွေက ညီလာခံမှာ စောင့်နေကြတာမလား။ ကိုယ်တော် သွားလိုက်ရင်လည်း သွမ့်ပိုင်ယွဲ့အကြောင်းကို တိုင်ပြောကြမယ့် အစီရင်ခံစာတွေချည်း တင်ဆက်လာမှာပဲလေ။ နားထောင်လိုက်ပြီးရင် စိတ်ညစ်ရတယ်၊ ဒီမှာလာပြီး အသာလေးအချောင်ခိုနေတာကမှ ပိုကောင်းသေး"

ချူယွမ်က မှေးစက်ထားသော မျက်ဝန်းများကိုပင် ဖွင့်ဟလာခြင်းမရှိဘဲ ပြောလာသည်။ ယဲ့ကျင်က သူ့ဘာသာသူ လက်ဖက်ရည်ငှဲ့လိုက်ကာ -

"ဒီတစ်ခေါက်တော့ မှူးမတ်အိုကြီးတွေကိုအပြစ်မဆိုတော့ဘူးလား။ ကျွန်တော်တောင်မှ သံသယဝင်နေတာ၊ ဘာလို့များ ခင်ဗျားက ရှီးနန်ဝမ်ကြီးကို ဒီလောက်ထိ ယုံကြည်နေတာလဲလို့"

ဘယ်နှစ်ခေါက်ပဲမေးမေး ချူယွမ်က ဤမေးခွန်းကိုဆို အဖြေမပေးဘဲ အမြဲ ရှောင်လွှဲနေတတ်သည်။ သို့သော် သူ့အား ဆက်ပြီး ဖုံးဖိထားခွင့်မပြုနိုင်၊ ဤကိစ္စနှင့်ပတ်သက်သော ယဲ့ကျင်၏ သံသယများကလည်း လျော့ပါးမသွားသေး။

"ကိုယ်တော်နဲ့ သွမ့်ပိုင်ယွဲ့ကြား သဘောတူညီချက် ရှိလို့ပါ"

"ဘာသဘောတူညီချက်လဲ"

"သဘောတူညီချက်က ဘာလဲဆိုတာ အရေးမကြီးဘူး။ မင်း သိထားလို့ရတာက နယ်စပ်တစ်လျှောက် အရံအတားအားလုံး ဖွင့်ထားပေးရင်တောင် သူ့ဘက်က အခွင့်ကောင်းယူပြီး တာ့ချူကို တိုက်ခိုက်လာမှာမဟုတ်ဘူး။ ဒါကြောင့် မစိုးရိမ်ပါနဲ့"

"အဲ့လောက်တောင် စိတ်ချတယ်လား"

"ဒီညနေ ကိုယ်တော်နဲ့ ထမင်းအတူတူ စားမလား"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now