ရှန်ယိုသည် ဘာပြန်ပြောရမလဲ မသိတော့ပေ။ ရှုချင်းရီမှာ သူမအား လှည့်တောင်မကြည့်တော့ဘဲ မော့ဟန်အား
"ပြန်ရအောင်။ ဒီမှာဘာလုပ်ဖို့ ဆက်နေမှာလဲ? အိမ်ပြန်ပြီး ရေချိုးချင်တယ်"

ဒီတစ်ခေါက်မှာတော့ ရှုချင်းရီသည် မော့ဟန်၏အရှေ့ကနေ ဦးဆောင်ကာ ထွက်သွားသည်။ သူတို့နောက်တွင်တော့ ရှန်ယို့သည် ထိုဆိုင်ထဲမှာပဲ ဒေါသတကြီး ကျန်ခဲ့တော့သည်။

သူတို့အိမ်ပြန်ရောက်သည့်တိုင်အောင် ရှုချင်းရီသည် ရှန်ယို့၏စကားများကြောင့် ဒေါသထွက်ဆဲဖြစ်သည်။ သူမသည် ဖိနပ်ကို ချွတ်ပြီးလိုက် ဒေါသတကြီးပိတ်ကန်လိုက်ကာ
"ရေသွားချိုးတော့မယ်"

ရှုချင်းရီက ရေချိုးခန်းသို့ ဝင်ကာနီးတွင် မော့ဟန်ကို လှည့်ကြည့်ကာ
"တကယ်လို့ ကိုကြီးရှန်ယို့နဲ့ နောက်နောင် ထပ်တွေ့ရင် ညီမလေးကို ပြောမပြပါနဲ့။ ပြီးတော့လည်း တကယ်လို့. . .ပြန်တွဲဖြစ်ကြတယ်ဆိုရင်တောင်မှ ညီမလေးကို သူနဲ့ခင်ခင်မင်မင်နေဖို့ လာမပြောပါနဲ့။ သူနဲ့ ညီမလေးတော့ လုံးဝဖြစ်မှာ မဟုတ်ဘူး. . .ဘယ်တော့မှ"

"အများကြီးလျှောက်တွေးနေတာပဲ။ ငါတို့က ပျက်သွားကြပါပြီ"

"ဘာပဲဖြစ်ဖြစ်. . .ဒီလိုမျှော်လင့်ရတာပါပဲ။ သူနဲ့ညီမလေးက အရင်တုန်းကရော အခုရော နောင်လည်း တည့်မှာမဟုတ်ဘူး"
ရှုချင်းရီက ပြောပြီးသည်နှင့် ရေဝင်ချိုးတော့သည်။

နောက်နေ့တွင် မော့ဟန်သည် ရုံးမှာအလုပ်လုပ်နေတုန်း မသိသည့်ဖုန်းနံပတ်တစ်ခုက သူ့ဖုန်းကို ခေါ်လာသည်။ သူသည် ဖုန်းကို အသံပိတ်လိုက်ကာ အလုပ်ဆက်လုပ်သည်။ ထိုဖုန်းက တရစပ်ခေါ်နေသော်လည်း မော့ဟန်ကတော့ အလုပ်ကိုပဲ ဆက်လုပ်နေသည်။ အခြားရှေ့နေတစ်ယောက်ဆီက လိုအပ်သည့် စာရွက်စာတမ်းကို သွားယူပြီးနောက် ပြန်လာသည့်အခါတွင် သူ့ဖုန်းကို ၁၀ကြိမ်ခေါ်ထားသလို စာလည်းအစောင်၃၀လောက် ပို့ထားသည်။

ဘယ်သူလဲဆိုသည်ကို သူတွေးကြည့်နေစရာတောင် မလိုပါပေ။ ထို့ကြောင့် သူဖုန်းကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်ကာ အလုပ်ဆက်လုပ်တော့သည်။ မော့ဟန်သည် အလုပ်ဆင်းမည့် ညနေအထိ ဖုန်းကိုတစ်ချက်လေးတောင် မကြည့်တော့ပေ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now