အခန်း - ၆၂ (ကွမ်းဟိုင်မြို့)

Start from the beginning
                                    

"ရှီးနန်၀မ်အကြောင်း မေးမယ့်လူရှိရင်လည်း ထွက်သွားကြ၊ ကိုယ်တော် အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောချင်စိတ်မရှိသေးဘူး"

အေးစက်မာကြောလှသောအမိန့်သံအဆုံး နောက်ထပ်လူတဝက် ထပ်ပျောက်သွားပြန်သည်။ လျိုတာ့ကျုံ့က ထောင်လျဲန်တာအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်လာ၏။

ကြားပြီးပြီမလား၊ အရှင်မင်းမြတ်က မိန့်နေပြီ။ အသင့်ကို ထွက်သွားလိုက်ပါတော့တဲ့။

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

ထောင်လျဲန်တာလည်း ဤကိစ္စနှင့်ပတ်သက်၍ မည်မျှပင်တွေဝေကာ သိလိုစိတ်ပြင်းပြနေသော်လည်း ချူယွမ်၏ ရုတ်ချည်းပြောင်းလဲသွားသောပုံစံကိုမြင်လိုက်ရတော့  ရှည်ရှည်ဝေးဝေး ဆက်မ​မေးဖြစ်တော့ဘဲ ဂါရဝပြုလိုက်ကာ ထွက်သွားလိုက်သည်။

သို့နှင့် အခန်းထဲတွင် လျိုတာ့ကျုံ့တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

"အိုက်ချင်း၊  ဘာများလျှောက်တင်စရာရှိလို့ပါလဲ"

"ဟိုကောင်လိမင်းသမီးနဲ့ ပတ်သက်နေတဲ့ကိစ္စပါဘုရား။  အရင်ရက်တုန်းက နန်ဟိုင်ဘက်ကနေ ကျွန်တော်မျိုး သတင်းထပ်ရထားပါတယ်၊ ကျင်းဆူးလက်ထပ်လိုက်တဲ့လူရဲ့ ဇစ်မြစ်ကို သိရှိရပြီးဖြစ်ကြောင်းပါ ၊ အမည်နာမကတော့ ပူ့ခွန်းလို့ခေါ်ပြီး ပိုင်ရှဲန့်ပြည်နယ်ကကုန်သည်ကြီးတစ်ယောက်ရဲ့ သားအကြီးလို့သိရပါတယ်။ မိသားစုကတော့ လက်ဖက်ရောင်း၀ယ်ရေးလုပ်ကြတာပါ၊ ကြာကြာနေမှတစ်ခါ ပင်လယ်ပြင်ထဲက ရှားပါးပုလဲတွေရလာရင်တော့ တာ့ချူဆီ လာရောက်ရောင်းချတတ်ကြပါတယ် "

"ပိုင်ရှဲန့်ပြည်နယ်က သူကြွယ်လူတန်းစားမိသားစုပေါ့လေ။ ဒီလိုဆိုရင် ပြဿနာမရှိလောက်တော့ပါဘူး။ အမတ်မင်းကိုလည်း အချိန်အကြာကြီး ဒုက္ခပေးမိပါပြီ၊ နောက်ဆုံးတော့ ကျင်းဆူးလည်း လူကောင်းသူကောင်းတစ်ယောက်နဲ့ ထိမ်းမြားလိုက်ရတာပဲ"

"မှန်ပါ့ဘုရား။ ကောင်လိ၀မ်လည်း ယောက်ဖဖြစ်သူကို အတော်လေးကြည်ဖြူနေကြောင်း သိရပါတယ်၊ နန်ယန်ထိ ကိုယ်တိုင်ကိုယ်ကျ သွားတွေ့မယ်လို့တောင် လုပ်နေပါတယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now