အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)

Start from the beginning
                                    

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

"မြို့ထဲမှာ အရှုပ်အထွေးတွေပေါ်လာတယ်ဆိုတော့ တခြားကျန်တဲ့ မြို့သူမြို့သားတွေကိုလည်း သတိဝီရိယနဲ့နေဖို့ တိုက်တွန်းထားပေးပါ။ တစ္ဆေသရဲပဲဖြစ်ဖြစ် ဘာပဲဖြစ်နေနေ ဒီအချိန်ထက်စောပြီး ထသောင်းကျန်းတာလည်းမဟုတ်၊ နောက်ကျပြီးတော့မှ ပေါ်လာတာမျိုးလည်းမဟုတ် ။ ကိုယ်တော်မြတ်ရောက်လာတဲ့အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင်ပေါ်လာတာဆိုတော့ တစ်ဖက်သားရဲ့ပစ်မှတ်က တိုင်းသူပြည်သားတွေကိုလား၊ ယာယီနန်းဆောင်ကိုလားဆိုတာတောင် သေချာ ပြောလို့မရသေးပေဘူး"

"မှန်လှပါ၊ ကျွန်တော်မျိုး နားလည်ပါပြီ ဘုရား။ ဒီကနေပြန်ရင် အရာရှိချိန့်ဆီကို သွားရောက်​ အကြောင်းကြားထားပါ့မယ် "

ချူယွမ် ခေါင်းညိတ်လက်ခံလိုက်သည်။ ထောင်လျဲန်တာထွက်သွားတော့မှ သွမ့်ပိုင်ယွဲ့ရှိရာဘက် ခေါင်းအနည်းငယ်စောင်းငဲ့လိုက်ပြီးမှ မေးလိုက်သည်။

"မင်းရော ဘယ်လိုထင်လဲ"

သွမ့်ပိုင်ယွဲ့လည်း ကန့်လန့်ကာနောက်မှ ထွက်လာရင်း -

"နတ်ဒေ၀တာတွေ စောင့်ရှောက်ဖေးမတယ်တို့ဘာတို့ကိုတောင် ဒို့နှစ်ယောက်ကို တကယ်ကူညီစောင်မခဲ့လို့သာ သုံးပုံပုံနှစ်ပုံလောက် ယုံပေးထားတာ။ တစ္ဆေသရဲဆိုရင် ကိုယ်တော့ လုံး၀ အယုံအကြည်မရှိဘူး။ ပိုပြီးသေချာတာတစ်ခုကတော့ သေဆုံးသူနှစ်ယောက်လုံးရဲ့အလောင်း အခြေအနေအရဆိုရင် လန်ဂျီးကျင့်ကြံခဲ့တဲ့ အရိုးဖြူမိစ္ဆာလက်သည်းသိုင်းနဲ့ တစ်ပုံစံတည်းပဲ "

ချူယွမ် မျက်နှာရှုံ့မဲ့သွား၏။

"အဲ့တစ်ယောက်က တကယ်ကြီး မသေသေးဘူးလား"

"သေချာပြန်တွေးကြည့်ရင် ဒီကိစ္စက ကိုယ် အမြစ်ပြတ်မရှင်းနိုင်ခဲ့တဲ့ လက်ကျန်ပြဿနာပါကွာ။ ဒါပေမယ့် စိတ်ချပါ၊ ဒီလောက်ရှုပ်တဲ့ အမှုမျိုးကို ဒေသန္တရ အာဏာပိုင်တွေလက်ထဲ ကိုယ်မထည့်ပေးပါဘူး"

"ဘယ်လို​လုပ်ပြီး မင်းကြောင့်ဖြစ်တဲ့ ပြဿနာလို့ ဖြစ်သွားရတာလဲ။ မင်းက ထျဲန်းချာ့ဂိုဏ်းချုပ်မှ မဟုတ်တာ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now