အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)

Start from the beginning
                                    

"ဧကရာဇ်အရှင် နာမကျန်းဖြစ်နေတော်မူတာပါ.....၀မ်ရယ်"

ချူယွမ်က သလွန်ခေါင်းရင်းအား မှီပြီးထိုင်နေ၏။ တကယ်ကို နွမ်းလျအားနည်းနေသည်ပင်။

"ဘယ်လိုဖြစ်ရတာတုန်း"

ချူယွမ် ထိုသို့ဖြစ်နေသည်ကိုတွေ့တော့ သွမ့်ပိုင်ယွဲ့လည်း ကောင်လိ၀မ်၏ကိစ္စသော ဘာသော ၊ ဘာဆိုဘာမှ မေးချင်စိတ်မရှိတော့။  ချက်ချင်းပင် သလွန်ဘေးနား တိုးထိုင်လိုက်ကာ ချူယွမ်နဖူးကို စမ်းကြည့်လာ၏။ အင်း၊ နွေးတေးတေးလေးတော့ ဖြစ်နေသေးသည်။

"ဘာမှမဖြစ်ရပါဘူး။ ဒီရက်ပိုင်းအတွင်း အရမ်းပင်ပန်းသွားလို့နေမှာ။ ဒီနေ့ ညီလာခံပြီးသွားကတည်းက ခေါင်းမူးလာတာနဲ့....အဟွတ် အဟွတ်....မင်း အခုလို အမြန်ကြီးရောက်ချလာတာ အပြင်မှာ ပြဿနာတစ်ခုခုတက်လာလို့လား"

သွမ့်ပိုင်ယွဲ့ - "......"

"ဟိတ်...တစ်ခုခုတော့ ပြန်ပြောဦးလေ"

သွမ့်ပိုင်ယွဲ့ဘာမှမပြောဘဲ ငြိမ်နေသည်ကိုတွေ့တော့ ချူယွမ်အနည်းငယ် အံသြသွားရ၏။

"ဟို....သြော်၊ ဟို ဆိုက်ဖန်းအန်းလေ၊ ဟိုစစ်တုရင်ပြိုင်ပွဲကတစ်ယောက်။ သူ့ဘေးနားမှာ အစေခံတစ်ယောက်တည်းရှိနေပုံရပေမယ့် သူ မြို့တော်ထဲကိုခေါ်သွင်းလာတဲ့လူတွေ က မနည်းလှဘူး။ ပခု အဲ့လူတွေက အဖိုးမုချီကို နေရာအနှံ့ လိုက်ရှာနေကြတယ်"

သွမ့်ပိုင်ယွဲ့က တတ်နိုင်သမျှ တည်ငြိမ်အေးဆေးစွာဖြေလာ၏။ ​အကြောင်းပြဖြေကြားစရာ ကိစ္စတစ်ခုမျှရှိနေလို့သာတော်သေး၊ သို့မဟုတ်ပါက ထိုလူသားခမျာ နေ့မအားညမအား တိုင်းပြည်ရေးရာ တာ၀န်၀တ္တရားများ ဆောင်ရွက်ပြီး ပင်ပန်းနေချိန်မှာ မိမိမှာတော့ မည်သို့မှမသက်ဆိုင်သည့် ကောင်လိမင်းသမီးကိစ္စလေးနှင့်ကြောင့်ပင် စိုးရိမ်စိတ်ကဲနေနိုင်သေး၏။ တကယ်ကိုပင် ရှက်ရွံ့ဖွယ်ကောင်းလှပေသည်။

"ဒီလိုကိုး၊ ဒါဆို လန်ဂျီးနဲ့ အပေးအယူလုပ်ခဲ့တာ သူဖြစ်နိုင်တဲ့အလားအလာ များနေပြီပေါ့...."

ချူယွမ်က နောက်သို့ ပြန်မှီနေလိုက်သည်။

ချူယွမ်ဘက်က အဖိုးမုချီကို လိုချင်ပြီး တစ်ဖက်လူကတော့ အဖိုးအိုမုချီဖန်တီးသော ချဲန်းဟေဟွမ်ကို လိုချင်သည်။ ရည်ရွယ်ချက်က မတူသယောင်နှင့် အတော်ပင်ညှိနှိုင်းလို့ အဆင်ပြေသည့် ဦးတည်ချက်တူနေသည်။ ထို့အပြင် သူတို့လိုချင်သောနှစ်မျိုးလုံးကလည်း ဤမြို့တော်အတွင်း၌ ရှိနေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now