လျှပ်စီးကို အသုံးပြု၍ ချီသွေးကြောများကို ဖွင့်ခြင်းသည် ချီသွေးကြောအတွင်း ပိတ်ဆို့နေသည့် အတားအဆီးများကို လျှပ်စီးအားနှင့် ထိုးဖောက်လိုက်တာ ဖြစ်၏။ သို့သော် သူ ယခု လုပ်လိုက်သည့် အရာကား လျှပ်စီးအားမှ လျှပ်စီးဓာတ်ကို စုပ်ယူလိုက်ခြင်း ဖြစ်နေသည်။ ထိုလျှပ်စီးဓာတ်အားလုံးသည် သူ့၏ ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုးပညာရပ်မှ ပထမပုံစံ လျှပ်တပြက် လျှပ်စီးနှင့် ပေါင်းစပ်သွားလေသည်။

မိုဝူကျီက လက်ဟန်အချို့ဖြင့် အစီအရင် ပြုလုပ်လိုက်ပြီး လက်ကို မြောက်လိုက်သည်။ လျှပ်စီးအား ကြီးကြီး တစ်ခုက လေဟုန်ခွင်း၍ ထွက်ပေါ်လာကာ ဖျက်စီးခြင်း စွမ်းအားမှာလည်း ယခင်ကထက် ပိုများလေ၏။

မိုဝူကျီက နှလုံးခုန်မြန်လာလေသည်။ သူ့ကျင့်ကြံဆင့် မြင့်လာခြင်းနှင့်အတူ သူ့လျှပ်တပြက် လျှပ်စီးသည်လည်း အားကောင်းလာရမည်ဟု တွေးမိလိုက်၏။ အမြင်အရ ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုးပညာရပ်သည်လည်း ကျင့်ကြံနိုင်လေ၏။ သာမာန်ကျင့်ကြံသူ တစ်ယောက်က ဝိညာဉ်စွမ်းအားများ စုပ်ယူသကဲ့သို့ ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး ပညာရပ်သည် လျှပ်စီးဓာတ်များကို စုပ်ယူနိုင်လေသည်။

"ဟားဟား...." သူက အတွေးပေါက်သွားသောကြောင့် မိုဝူကျီက အားရပါးရ ရယ်မောလိုက်တော့သည်။

သူက ဘယ်လိုလုပ် မပျော်ဘဲ နေရမည်နည်း။ ယခင်က သူသည် ချီသွေးကြော တစ်ခုဖွင့်ဖို့ရန် တစ်နာရီကြာခဲ့သည်။ ထို့နောက် နာရီဝက်ခန့် အနားယူရ၏။ တစ်ချိန်တည်းတွင် များပြားစွာသော ဆေးလုံးများနှင့် ပြင်းထန်သော ဒဏ်ရာများလည်း ရရှိသေး၏။

ယခု သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် လျှပ်စီးကို လမ်းညွှန်ပေးပြီး ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပညာရပ်ကို လှည့်ပတ်ထားပြီး လျှပ်စီးအားမှ လျှပ်စီးဓာတ်ကို စုပ်ယူရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့၏ လျှပ်တပြက် လျှပ်စီး ဖျက်စီးစွမ်းအားလည်း တိုးမြင့်လာလိမ့်မည်။

ဤနည်းလမ်းဖြင့် သူသည် အနားယူဖို့ရာ မလိုအပ်တော့ဘဲ ချီသွေးကြောများကို ဆက်တိုက် ဖွင့်နိုင်မည် ဖြစ်သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now