"မင်းမှာ ဘာကိစ္စရှိလို့လဲ..." ကျင့်ကြံသူက မိုဝူကျီ ထွက်ပေါ်လာသည်ကို မြင်လိုက်၍ ခါးကို ခါလိုက်သည်နှင့် လခြမ်းကွေးဓားက သူ့လက်ထဲ ရောက်ရှိလာသည်။ တစ်ချိန်တည်းတွင် သူက မိုဝူကျီကို သတိတကြီးထား၍ မေးလိုက်သည်။

ထိုကျင့်ကြံသူ မျက်နှာကား ဝါကျင့်ကျင့် ဖြစ်နေပြီး အန္တရာယ်ရှိသည့် အငွေ့အသက်များ ထုတ်လွင့်နေသည်။ မိုဝူကျီက အမြန်အဆန် ဦးညွှတ်လိုက်ကာ "မိတ်ဆွေ ကျုပ်က လက်ပတ်ပျောက်သွားလို့  ပြန်လမ်းလေး မေးချင်လို့ပါဗျာ.... တကယ်လို့ ခင်ဗျားလဲ ဦးဆုံးနေရာ ပြန်သွားမှာဆိုရင် ကျုပ်နဲ့အတူတူ သွားပေးလို့ ရမလားဗျ...."

ထိုလူတွင် သွေးများပေကျံနေကာ မိုဝူကျီက ဦးတည်ရာ မေးလိုက်သည့်အချိန်တွင်လည်း  သူက ကာကွယ်သည့် ပုံစံအပြည့် ရှိနေဆဲ ဖြစ်၏။

"ခင်ဗျား  ဆေးလုံးပြိုင်ပွဲတုန်းက ဆေးလုံးဆရာ ၆၃၂လား...." ဝါကျင့်ကျင့် အမျိုးသားက မိုဝူကျီကို သေချာထပ်ကြည့်ပြီး မေးလိုက်သည်။ ဤတစ်ကြိမ်တွင် သူက အလွန်အမင်း စိတ်လှုပ်ရှားနေဟန် ပေါ်သည်။

"ဟုတ်ပါတယ် ကျုပ်က ဆေးလုံးပြိုင်ပွဲမှာ ကံကောင်းပြီး အဆင့်ငါးဆယ်ရခဲ့တဲ့  ဆေးလုံးဆရာ ၆၃၂ ပါ...." မိုဝူကျီက မငြင်းဆန်ပေ။ ထိုလူက သူ့အား မှတ်မိမှတော့ ပြိုင်ပွဲတစ်ခုလုံးကို တွေ့ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

မိုဝူကျီက ဆေးလုံးဆရာ ၆၃၂ ဖြစ်သည်ကို ကြားကာ ဝါကျင့်ကျင့် အမျိုးသားက သက်ပြင်းချလိုက်ပြီး ဓားကို ပြန်သိမ်းလိုက်တော့သည်။ လေးလေးစားစား ဦးညွှတ်လိုက်ပြီး ပြန်ပြောလိုက်သည် "ကျုပ်က တစ်ကိုယ်တော် ကျင့်ကြံသူ ယွီကျီပါ ... ဆေးလုံးဆရာ မိုနဲ့ တွေ့ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်...."

သူက မိုဝူကျီ ကျင့်ကြံဆင့်ကို သိ၏။ အကြောင်းမှာ ဆေးလုံးသခင်မင်နင်က သူ့သည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်တွင် ဖြစ်ကြောင်း  ပြောဖူး၏။ မိုဝူကျီက စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့်သို့ ဝင်လျှင်ပင် သူ့အတွက် အန္တရာယ် မဖြစ်စေနိုင်ပေ။ သူက စိတ်ဝီညာဉ်တည်ဆောက်ခြင်း အဆင့် ၉ သို့ ရောက်နေပြီ ဖြစ်၏။ ထို့အပြင် မိုဝူကျီကို သေချာကြည့်လိုက်သောအခါ ယွီကျီက သူ့ကျင့်ကြံဆင့်သည်  သိပ်မမြင့်သေးကြောင်း သိလိုက်၏။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now