ထိုအရာကို ကြားပြီး ကျန်းရှောက်ခယ်က တစ်စက်လေးမျှ ဂရုစိုက်ဟန် မပေါ်ပေ။ မိုဝူကျီကို ပြုံးကာ ပြောလိုက်သည် "တစ်ခုခု ဖြစ်လိမ့်မယ်ဆိုတာတော့ မှန်းဆမိပါတယ်  ဝူကျီ တကယ်လို့ ကျွန်တော မမှားရင် အတူခေါ်လာတဲ့လူတွေက မိသားစုဝင်နဲ့ အကူတွေပဲ ဖြစ်ရမယ် တကယ်လို့  ဝူကျီသာ တစ်ယောက်ယောက်ကို စိတ်အနှောင့်ယှက် မပေးမိဘူးဆိုရင် တစ်မိသားစုလုံးကို စွန်ဖျားမြို့ ခေါ်လာမှာ မဟုတ်ဘူးလေ..."

မိုဝူကျီ စိတ်ထဲတွင် ကျန်းရှောက်ခယ်၏ လေ့လာဆန်းစစ်နိုင်စွမ်းကို အံ့ဩသွားလေသည်။ တစ်ဖက်လူ အခြေအနေကို ကောင်းစွာ မှန်းဆနိုင်လေ၏။ ထို့အပြင် စကားဝိုင်းအတွင်း သူက မိုဝူကျီကို ခေါ်ဝေါ်သည့်ဟန်ကား ပို၍ ရင်းနှီးဟန် ပြောင်းလဲလာလေသည်။

"ဝူကျီ အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောတာ တကယ်ကို ရိုးသားတာပဲ ကျွန်တော်ရဲ့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ထိပ်တန်းတော့ မဟုတ်ပေမဲ့ မြေကမ္ဘာအဆင့်ဂိုဏ်းက အကြီးအကဲလောက်တော့ မှုစရာ မလိုပါဘူး..." ကျန်းရှောက်ခယ်က တုံ့ပြန်လိုက်တော့သည်။ တည်တည်ငြိမ်ငြိမ် ယုံကြည်ချက်ရှိရှိဖြင့် အပိုပြောခြင်း မပါဝင်ဘဲ သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းမှ ဒုတိယအကြီးအကဲကို အမှန်တကယ်ပင် ဂရုမစိုက်ကြောင်း သိသာလှ၏။

လက်တွေ့တွင် သူက မိုဝူကျီနှင့် ဒုတိယ အကြီးအကဲများကြားမှ ရန်ကြွေးအကြောင်းကိုပင် တစ်ခွန်းစမှ ထုတ်မမေးပေ။

"ကောင်းပြီလေ အဲလိုဆိုမှတော့ ကျွန်တော်က ဒီနေ့က စပြီးတော့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်ရဲ့ ဧည့်ဆေးလုံးဆရာ လုပ်ပါ့မယ် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ မပြီးမချင်းပေါ့.." မိုဝူကျီက ကျန်းရှောက်ခယ် ကမ်းလှမ်းမှုကို တွေဝေမနေဘဲ လက်ခံလိုက်တော့သည်။ နောက်ဆုံးတွင် သူ့ဩဇာကို ယုံကြည်သွားမိတော့သည်။

"အိမ်တော်သခင်လေး သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ အကြီးအကဲရှုက တွေ့ခွင့်တောင်းနေပါတယ်..." ထိုစဉ် ဆေးလုံးအိမ်တော်မှ အကူ တစ်ယောက်က တံခါးဆီ ရောက်လာပြီး ရိုရိုသေသေ အကြောင်းကြားလိုက်တော့သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now