မိုဝူကျီက ခဏတာ စဉ်းစားခန်း ဝင်သွားလေသည်။ ယန်ချင်ယင် ပြောသည့် ပထမအချက်ကား လုံးဝမှန်ကန်လေ၏။ သူသည် အဆင့်နှစ် ဆေးလုံးဆရာဖြစ်ရန် အချိန်တိုအတွင်း မဖြစ်နိုင်ဟု တွေးခဲ့မိလေသည်။ သို့သော်လည်း ဒုတိယအချက်အနေနှင့် သူသည် သူ့အတွေ့အကြုံများမှ အတည်မပြုနိုင်ပေ။

"ဘယ်လိုသိတာလဲတော့ လာမမေးနဲ့ အားလုံးက မင်းနေရာမှာ ငါလဲ နေခဲ့ဖူးတာပဲလေ..... ပြီးတော့ အဆင့်နှစ် ဆေးလုံးဆရာ မြန်မြန် ဖြစ်လာဖို့က မဖြစ်နိုင်ဘူးလို့ မယူဆနဲ့......ငါ့ဆရာက တစ်ခါပြောဖူးတယ် ငါ့ဆရာဖိုးဖိုးက ဆေးလုံးဖော်စပ်ခြင်းကို စလေ့လာတာကနေ မြေကမ္ဘာအဆင့် ရောက်လာဖို့ နှစ်ဝက်ပဲ အချိန်ယူခဲ့တာတဲ့... အဆင့်တစ် ဆေးလုံးဆရာကို လဝက်အတွင်း ဖြစ်လာတာက မင်းကိုယ်မင်း ပါရမီရှင်လို့ကို ခေါ်လို့ရနေပြီ......."

ယန်ချင်ယင်၏ ဆရာဖိုးဖိုးကား မြေကမ္ဘာအဆင့်သို့ နှစ်ဝက်အတွင်း ရောက်ရှိလာသည့် အကြောင်းကို ကြားပြီး သူမက သူ့ယုံကြည်ချက် မြင့်မားလာအောင် ပြောနေခြင်း ဖြစ်သော်ငြား မိုဝူကျီက သူမစကားများမှ အကျိုးသက်ရောက်မှု ရှိကြောင်း သိလေ၏။ သူ့အတွက် ဆေးလုံးဖော်စပ်ခြင်းသည် တခြားသူများကဲ့သို့ ခက်ခဲဟန် မရှိချေ။ သူသည် ကောလဟာလတွေကြောင့် သေချာပေါက် သူ့အင်အား အစစ်အမှန်ကို လျစ်လျူရှုခဲ့မိသည်။

သူ့အင်အားက ကမ္ဘာမြေပေါ်တွင် ဆေးပင်များ၏ ပင်ကိုယ်လက္ခဏာများတွင် ရှိသော ဗဟုသုတပင် ဖြစ်၍ စကားလုံးမဲ့ ဆေးနည်းစာအုပ်မှ သတင်းအချက်အလက်များနှင့် ပေါင်းစပ်လိုက်သောအခါ ဆေးပင်တွေ အပေါ် နားလည်နိုင်စွမ်းက သိသိသာသာ တိုးတက်လာကာ သာမန်ဆေးလုံးဆရာများထက် ကျော်လွန်သွားခြင်း ဖြစ်လေသည်။ သူ့လက်ဟန်နှင့် ဆေးနည်းများအရ သူသည် အဆင့်တစ်ခု ထပ်တက်နိုင်သေး၏။

ယန်ချင်ယင်က ထပ်၍ ပြောလိုက်လေသည် "အဲဒါအပြင် ဆေးလုံးဆရာကို အဆင့်သတ်မှတ်လို့ရတဲ့ နောက်နည်းလမ်းတစ်ခုက ဆေးပင်တွေကို ဘယ်လောက်အထိ သန့်စင်ပေးနိုင်လဲ ဆိုတာပဲ....... မင်းက ဆေးပင်တွေကို ဖော်စပ်ဖို့ လက်ရှိ သန့်စင်မှု ဘယ်လောက်ရာခိုင်နှုန်းအထိ လုပ်နိုင်လဲ......"

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now