သူမက မိုဝူကျီ၏ စိတ်ကို ဖတ်နိင်သည့်အလား ခေါင်းညိတ်ပြလိုက်သည် "ဟုတ်တယ်...ယန်အာက သူမဝိညာဉ်ကြော ကူးပြောင်းခံလိုက်ရပြီ....."

"အဲဒီလူ့တိရစ္ဆာန်တွေက......" မိုဝူကျီစိတ်ထဲတွင် ဒေါသူပုန်ထလာပြီး လက်ဝါးပေါ် ထိုးချမိလိုက်သည်။ မိုဝူကျီက စားပွဲကို အစိတ်စိတ် အပိုင်းပိုင်း ရိုက်ချိုးပစ်လိုက်သော်ငြား နာကျင်မှုကို မခံစားရချေ။ ရှန်းလျဲ့က သက်ပြင်းချကာ ဆက်၍ ပြောလိုက်၏ "ဒီလိုနည်းလမ်းက အလွန်ကို အောက်တန်းကျတယ်... သူတို့တွေက နောက်ခံ မရှိတဲ့ သေမျိုးတွေကို ရွေးချယ်ကြတာ များတယ်.... အကြောင်းက သတင်းသာ ပြန့်သွားခဲ့ရင် သူတို့ရဲ့ ဂုဏ်သတင်းက သဲထဲရေသွန် ဖြစ်သွားလိမ့်မယ် ပြီးတော့ အဲလိုလူမျိုးက ဘယ်နေရာကို သွားသွား အပြစ်တင် ဝေဖန်ရှုံချခံရမယ်....."

နောက်ဆုံးတွင် မိုဝူကျီက ငြိမ်သက်သွားလေသည်။ သူ့အမူအယာများက ခဏတိုင်း ပြောင်းလဲနေပြီးနောက် မေးလိုက်လေ၏ "တကယ်လို့ အဲလိုဆိုရင် ယန်အာက ဘာလို့ အခုထိ အသက်ရှင်နေတာလဲ..... ပြီးတော့ ဒီနွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံအထိကို တစ်ယောက်တည်း ရောက်လာသေးတယ်......" ထိုသို့သော ဝိညာဉ်ကြော ကူးပြောင်းခံရပြီးနောက် ယန်အာ အသက်ရှင်နေသည်က မယုံကြည်နိုင်ဖွယ် ဖြစ်၏။

ရှန်းလျဲ့က မျက်မှောင်ကျုတ်လိုက်ပြီး "ကျွန်မလဲ နားမလည်ဘူး..... ပုံမှန်ဆိုရင် ယန်အာက သေမျိုး ပြန်ဖြစ်သွားရင်တောင် သူမကို အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး..... ဝိညာဉ်ကြော ယူထားတဲ့သူက သူဒီလိုလုပ်တာကို လူသိခံမှာ မဟုတ်တာ သေချာတယ်..... သူမကို အသက်ရှင်ရက် ထားရုံမကဘဲ ထွက်ပြေးဖို့ ခွင့်ပြုခဲ့တာလား.... ဒါက အဓိပ္ပါယ်မရှိဘူး......"

"အဲဆို ယန်အာရဲ့ ဝိညာဉ်ကြောက ကူးပြောင်းခံလိုက်ရပြီလား....." မိုဝူကျီက စိတ်ထဲမှ တောက်လောင်နေသည့် ဒေါသများကို ချိုးနှိမ်ကာ မေးလိုက်သည်။ သူက တည်ငြိမ်အောင် ကြိုးစားနေလေသည်။ ဒေါသနှင့် ကမူးရူးထိုး အပြုအမူများက သူ့အား လက်စားချေဖို့ရန် မကူညီနိုင်ချေ။

ရှန်းလျဲ့က ခေါင်းကို ခါလိုက်သည် "ယန်အာရဲ့ ဝိညာဉ်ကြောမှာ အပြင်းအထန် ဒဏ်ရာရထားတယ်..... အဲဒါက ကူးပြောင်းဖြစ်စဉ် ကျရှုံးတယ်လို့ ဆိုလိုတာပဲ..... ဒီနတ်ဆိုးနည်းလမ်းရဲ့ အောင်မြင်နိုင်ချေက တော်တော်ကို နည်းပါးတယ် တစ် ရာခိုင်နှုန်းတောင် မရှိဘူး....." မိုဝူကျီ ကြားသောအခါ လက်သီးဆုပ်ထားလိုက်ပြီး "နတ်ဆိုးနည်းလမ်းက အောင်မြင်နိုင်ချေ တစ် ရာခိုင်နှုန်းတောင် မရှိတာကို လုပ်ချင်တဲ့သူက တခြားသူရဲ့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ ဆက်လုပ်သေးတယ်....."

လူသားသစ်စာ (Zawgyi version) (1 - 200)حيث تعيش القصص. اكتشف الآن