မိုဝူကျီက  ပျော်ရွင်မှုကို ချိုးနှိမ်ထားလိုက်သည်။ သူ့အတွက် ချီသွေးကြောများသည် ဝိညာဉ်လမ်းကြောင်းများ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ အရေးမပါတော့ပေ။ သူ့၏ မြန်ဆန်လှသည့် ကျင့်ကြံနှုန်းနှင့် ဝိညာဉ်ကြောပါရှိသော ပါရမီရှင်များပင် သူ့အား ယှဉ်နိုင်မည် မဟုတ်ချေ။

နှစ်ရက်တာသည် မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားလေသည်။ မိုဝူကျီသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်တစ်၏ ထိပ်ဆုံးသို့ ရောက်ရှိနေလေပြီ။ သူသည် ဝိညာဉ်လမ်းကြောင်း အဆင့်နှစ်သို့ တက်လှမ်းခါနီးတွင် ရပ်တန့်လိုက်ခြင်း ဖြစ်လေ၏။

ထိုသည်က သူ့၏ ချီသွေးကြောများ ကန့်သတ်ချက်ကြောင့် မဟုတ်ပေ။ အတွေ့အကြုံ မရှိ၍သာ ဖြစ်လေ၏။ သူသည် ပြန်ပြင်ဆင်၍ မရနိုင်သော အမှားကို ပြုလုပ်ကာ မှားယွင်းစွာ အဆင့်မတက်လိုပေ။ ပို၍ အရေးကြီးသည်ကား နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံ စတင်တော့မည် ဖြစ်၏။ ထိုအဆင့်တက် ချိုးဖျက်မှုက မည်မျှကြာမည်ကို မသိနိုင်ချေ။

မိုဝူကျီက သူ့အခန်းမှ ထွက်လာသောအခါ ရှန်းလျဲ့က တင်းဘူအာကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ မိုဝူကျီ ထွက်လာသည်ကို သတိပြုမိသောကြောင့် ရှန်းလျဲ့က မျက်မှောင်ကျုတ်ကာ ချက်ချင်း မေးလိုက်သည် "မိုဝူကျီ.... သူက ဘယ်သူလဲ...."

"သူက ကျွန်တော့် မိတ်ဆွေ.... ခင်ဗျားအခန်းက အစက သူ့အတွက် ရည်ရွယ်ထားတာလေ.... ဒါပေမဲ့ ခင်ဗျားမှာ သွားစရာမရှိတော့ ခင်ဗျားကို အရင်သုံးခိုင်းဖို့ ဆုံးဖြတ်လိုက်တာ......တင်းဘူအာ ရောက်လာတဲ့အခါကျ သူက ခင်ဗျားအခန်းကို မယူဘူး ငြင်းနေလို့ အခု သူကဧည့်ခန်းမှာ ခဏနေလိမ့်မယ်....."

မိုဝူကျီ စကားများဆုံးသွားသောအခါ မူလက အပြစ်တင်နေသော ရှန်းလျဲ့ကား ပြောစရာမဲ့သွားလေ၏။

အနည်းငယ်သော အပြစ်ရှိစိတ်ဖြင့်  ရှန်းလျဲ့ကား မြန်မြန်ဆန်ဆန် ပြောလိုက်သည် "နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံက ဖွင့်တော့မယ်..... ရှင်လဲ ကံစမ်းကြည့်ဖို့ လာခေါ်တာ...."

တင်းဘူအာကား မိုဝူကျီ၏ စကားများကို စိတ်ထဲတွင် ချီးကျုးထောပနာ ပြုနေလေသည်။ ရှန်းလျဲ့စကားများ ကြားသောအခါ တင်းဘူအာ၏ အကြည့်က သူမအပေါ် ရောက်ရှိလာလေသည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Kde žijí příběhy. Začni objevovat