ကံဆိုးစွာ တင်းဘူအာ၏ လှုပ်ရှားမှုကား ဤအခြေအနေသို့ လိုက်မမှီတော့ပေ။ သူ့ကို ပင်လယ်ကျားသစ်ပျံ စားရခံနီးတွင် မိုဝူကျီသည် အတွေးများအားလုံး လွှတ်ချကာ ရှေ့သို့ တက်လှမ်းလာလိုက်သည်။ ထိုအခိုက်အတန့်တွင် အရိပ်မည်းတစ်ခုသည် မြှားကဲ့သို့ ထွက်လာကာ ဂျီကွမ်းဆီ ဦးတည်နေလေသည်။

မိုဝူကျီသည် ဂျီကွမ်းက တင်းဘူအာကို ကယ်ဆယ်ရန် ဦးတည်နေသည်ကို မြင်သောအခါ သူက ချက်ချင်းလှည့်လိုက်ကာ မြှားကို ရင်ဆိုင်လိုက်လေသည်။ ယခုအခါ သူသည် ပုန်းလျိုးကွယ်လျိုး တိုက်ခိုက်မှုကိုသာ အာရုံစိုက်ထားလိုက်သည်။

"ဘမ်း..." အနက်ရောင်မြှားက မိုဝူကျီဓားနှင့် ထိတွေ့မှုကြောင့် လမ်းကြောင်း သွေဖယ်သွားလေ၏။ ကံကောင်းသည်က သူသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်တစ်တွင် ရှိနေသောကြောင့်သာ ထိုမြှားအားကို ကွယ်ပျောက်စေနိုင်ခြင်း ဖြစ်လေသည်။ အကယ်၍ သူသာ ကျင့်ကြံခြင်း မတိုင်မှီ အခြေအနေတွင် ရှိနေပါက ထိုအင်အားသည် သူ့အား လွှင့်စင်သွားစေလိမ့်မည်။

ဂျီကွမ်းအား မြှားမှ အောင်အောင်မြင်မြင် ကာကွယ်ပြီးနောက်တွင် မိုဝူကျီသည် မြေပြင်ကို ဆောင့်ကန်ကာ သန္တာကျောက်တန်းဆီ တည့်တည့်မတ်မတ် ထိုးချလိုက်သည်။ အနက်ရောင်မြှားကား ထိုအစိတ်အပိုင်းမှ ထွက်လာကြောင်း သတိပြုမိ၏။ တစ်ခုနှင့် တစ်ခုဆက်စပ်မိပြီး ထိုသည်က မြှားပစ်သားရဲ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ ဉာဏ်နီဉာဏ်နက်များလှသည့် ထိုသတ္တဝါနှင့် ကြုံတွေ့ရာတွင် အဝေးမှ တိုက်ခိုက်ခြင်းကား ကိုယ့်သေခြင်းကို ရှာနေခြင်းသာ ဖြစ်လေ၏။

ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်တစ်ဖြစ်ကာ ချီသွေးကြော ၂၇ ခုကို ဖွင့်ထားသော လူတစ်ယောက်ဖြစ်သည့်အတွက် သူသည် နောက်အဆင့်သို့ မတက်လှမ်းနိုင်သေးသော်လည်း မိုဝူကျီ၏ ပေါက်ကွဲမှုကား လမ်းကြောင်းအတိုင်း မဟုတ်ပေ။ ဆယ်မီတာအထက် ကွာဝေးသောနေရာသို့ တစ်စက္ကန့်ဖြင့် ရောက်ရှိသွား၏။ သူ့ဓားရှည်ကား လေကို ဖောက်ထွင်း၍ ဖြတ်လာနေသည်။

ထိုထင်မထားသော တိုက်ခိုက်မှုသည် မြှားပစ်သားရဲကို တုန်လှုပ်သွားစေသည်။ မိုဝူကျီက မြှားကို တားဆီးနိုင်သည့် ဖြစ်နိုင်ချေကို ထည့်မတွက်ခဲ့ချေ။ မိုဝူကျီ၏ မြန်ဆန်သော တုံ့ပြန်မှုနှင့် ပေါင်းစပ်လိုက်သောအခါ သားရဲကား သူ့အသားကို ဓားဖြင့် ဖြတ်သွားသည်ကိုသာ အကူညီမဲ့စွာ ကြည့်နေနိုင်လေသည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now